သင်ကြားရေးအလုပ် ၊ ကျောင်းဆရာ အလုပ်ကို လုပ်နေတဲ့ သူတွေကို
ရည်ရွယ်ပြီး ရေးသားပါတယ်။
မြန်မာပြည် ပညာရေးစနစ်ဟာ ၊ ဆင်ခြင်တုံတရားကို ဦးစားပေးတဲ့ ၊ ဝေဖန်ဆန်းစစ် ပိုင်းခြားစဉ်းစားခြင်းကို အားပေးတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ သင်ကြားရေးအလုပ်ကို လုပ်နေတဲ့ ကျောင်းဆရာတွေ ကိုယ်တိုင် ဖွင့်ထားသောစိတ်နဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် အားထုတ်နိုင်ကြပါစေ။

မင်းသေ့

သင်ကြားရေးအလုပ်ကို ကျနော် (၅) နှစ်ကျော် လုပ်ခဲ့ပါတယ်။ စာသင်သားဘဝကနေ နိုင်ငံရေးနည်းပြ သင်ကြားသူ နေရာကို ရောက်လာပါတယ်။ သည်တော့ ကျနော် စဉ်းစားမိပါတယ်။

• သင်ကြားသူဟာ သင်ယူသူမဖြစ်ရတော့ဘူးလား။
• သင်ယူသူတစ်ယောက်ဟာ သင်ကြားသူဖြစ်လာရင် သင်ယူခြင်းဟာ သူနဲ့မဆိုင်တော့ဘူးလား။

အတိတ်အကြောင်း

သင်ပေးသူဟာ သင်ယူသူဖြစ်ခဲ့ရမယ်။ ဒါက အတိတ်က ကိစ္စပါ။ သင်ယူသူလို့ ပြောတဲ့နေရာမှာ မည်ကာမတ္တ သင်ယူခဲ့မှုနဲ့ မလုံလောက်ဘူး။ ကျယ်ကျယ်ပြန့်ပြန်လေ့လာမှု ရှိခဲ့ရမယ်။ နက်နက်နဲနဲ လေ့လာမှု ရှိခဲ့ရမယ်။ ဘာသာရပ်တစ်ခုခုမှာ ဇောက်ချလေ့လာမှု လုပ်ခဲ့ရမယ်။ သင်ကြားပြသသူဟာ လေ့လာရုံတစ်ခုတည်းနဲ့ မလုံ လောက်ပါဘူး။ တတ်နိုင်သရွေ့ လေ့ကျင့်မှုကိုပါ တွဲပြီးလုပ်ခဲ့ရမယ်။ အကြောင်းကတော့ သိမှုတစ်ခုတည်းနဲ့ သင်ကြားသူနေရာကို ရောက်လာလို့ မရဘူး။ သိမှု နောက်မှာ နားလည်မှု လိုက်နိုင်မှရမယ်။ နားလည်မှုအဆင့် ကို မရောက်ရင် ရေရေလည်လည်သိထားသူလို့ ယူဆလို့ မရဘူး။

နားလည်မှုအဆင့်ကိုရောက်ဖို့အတွက် လက်တွေ့လေ့ကျင့်မှု လိုတယ်။ လက်တွေ့လေ့ကျင့်မှု မရှိခဲ့ဘဲနဲ့ နား လည်မှုအဆင့်ကို ရောက်အောင်သွားဖို့ မလွယ်ဘူး။ ခက်တယ်။ ဒါက အတိတ်က ကိစ္စ။

ပစ္စုပ္ပန်အကြောင်း

နောက် တစ်ခုက ပစ္စုပ္ပန်ကိစ္စ။

သင်ကြားပေးသူဟာ ပစ္စုပ္ပန်မှာလည်း လေ့လာမှု လုပ်နေရမယ်။ သူက တခြားတစ်ဖက်မှာ သင်ကြားပေးသူ ဖြစ်နေပေမယ့်၊ တခြားတစ်ဖက်မှာလည်း သင်ယူနေသူဖြစ်နေရတယ်။ သင်ကြားခြင်းနဲ့ သင်ယူခြင်းကို ယှဉ်တွဲ ပြီး မလုပ်နိုင်ရင် ပညာဟာ ကန်းသွားတယ်။ ဒါ့ကြောင့် အစဉ်လေ့လာသင်ယူချင်စိတ် ပြင်းပြနေဖို့က သင်ကြား ရေး အလုပ်ကို လုပ်နေသူတွေ အဖို့ အရေးအကြီးဆုံး အချက်ဖြစ်တယ်။

ဆရာဆိုတဲ့အလုပ်နဲ့ ဘယ်သူက ထိုက်တန်သလဲ။

ဒီမေးခွန်းအတွက် ကွန်ဖြူးရှပ် ဖြေထားတာ ရှိပါတယ်။ ကွန်ဖြူးရှပ်က ဆရာဖြစ်ဖို့ ထိုက်တန်တဲ့လူအကြောင်းကို အဆိုအမိန့် တစ်ခုထားခဲ့တယ်။

“လူတစ်ယောက်ဟာ ယခင်က မိမိဘယ်ပညာရပ်ကို ဆည်းပူးခဲ့တယ်ဆိုတာနဲ့ ဆက်လက်ပြီး ဘယ်လို ဗဟုသုတ ဆည်းပူးနေတယ်ဆိုတာကို အစဉ်တစိုက်သုံးသပ်ရင် သူဟာတခြားလူတွေအတွက် ဆရာ တစ်ယောက်ဖြစ်ဖို့ ကိုက်ညီတယ်။”

ကာလသုံးပါး

ဆရာဆိုတဲ့လူဟာ ဆည်းပူးလေ့လာခြင်းကို အတိတ်မှာလည်း လုပ်ခဲ့ရမယ်။ ပစ္စုပ္ပန်မှာလည်း လုပ်နေရမယ်။ အနာဂတ်မှာလည်း လုပ်ချင်စိတ်ရှိရမယ်။ အနာဂတ်မှာလည်း လုပ်နေရတယ်။ ဒီလိုလူဟာ ဆရာတစ်ယောက် ဖြစ်ဖို့ ကိုက်ညီတယ်။

သင်ကြားပြသသူ ဆရာတစ်ယောက်ဟာ လေ့လာခြင်း၊ သင်ယူခြင်း၊ ဆည်းပူးခြင်း၊ စူးစမ်းခြင်းကို မခုံမင်ရင် ဆရာဖြစ်ဖို့ မထိုက်တန်ဘူး။ ဆရာမဖြစ်သင့်ဘူး။ အမှုမဲ့အမှတ်မဲ့၊ ဖာသိဖာသာနေတတ်သူဟာ ဆရာတစ် ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ လေ့လာသင်ယူခြင်းအလေ့မှာ မခုံမင်တဲ့လူဟာ ဆရာတစ်ယောက်မဖြစ်သင့် ဘူး။

လိုရင်းပဓာန စိတ်သာပ

သင်ကြားရေးနည်းနာဆိုတာ အတတ်ပညာကိစ္စပါ။ အတတ်ပညာဆိုတာက သင်ပေးလို့ရတယ်။ သင်ရင်တတ် ပါတယ်။ အသိပညာကိစ္စကတော့ အတတ်ပညာနဲ့ မတူဘူး။ အကြောင်းအရာတစ်ခုခုကို လိုလိုလားလား သိနား လည်ချင်စိတ် မရှိဘဲနဲ့ အသိပညာကို မရနိုင်ဘူး။ အသိပညာဆိုတာ စိတ်ဆန္ဒကိစ္စလည်း ဖြစ်တယ်။ ဦးနှောက် ကိစ္စလည်း ဖြစ်တယ်။ နှလုံးသားကိစ္စလည်းဖြစ်တယ်။ သွေးသားကိစ္စလည်း ဖြစ်တယ်။
သွေးသားထဲကနေ သိချင်စိတ်၊ တတ်ချင်စိတ်၊ နားလည်ချင်စိတ်က ချင်ခြင်းတောင့်တနေမှ အသိပညာဟာ တကယ်ရပါတယ်။ အမှန်တကယ်ဆိုရင် အပေါ်ယံ သညာသိနဲ့ပဲ စခန်းသိမ်းသွားစရာရှိပါတယ်။ သင်ကြားရေး လုပ်နေသူတိုင်းက ဆရာ မဟုတ်ပါဘူး။ ဆရာတွေအားလုံးကတော့ သင်ကြားရေး လုပ်နေသူတွေ ဖြစ်ပါတယ်။ ဆရာအလုပ်ကို လုပ်နေတဲ့လူတစ်ယောက် ဖြစ်ခြင်း မဖြစ်ခြင်းကို ဘယ်ပေတံနဲ့ တိုင်းတာမှာလဲ။

နှုန်းစံ တချို့

ကျနော် နားလည်ထားသလောက် ပေတံတချို့ကို ထုတ်ကြည့်ပါ့မယ်။

၁) သိနားလည်ချင်စိတ်ပြင်းပြမှု (စိတ်ပိုင်း)
၂) သိအောင် နားလည်အောင် လုပ်ဆောင်နေမှု (အလုပ်ပိုင်း)
၃) တပါးသူ အလွယ်တကူ တတ်စေချင်တဲ့ စေတနာ (စိတ်ပိုင်း)
၄) ရိုးသားမှု (သဘောထားပိုင်း)
၅) ရှာကြံ သုံးသပ်နေမှု (အလုပ်ပိုင်း)
၆) ကိုယ့်ထက်တော်စေ၊ တတ်စေချင်တဲ့ စိတ်ဆန္ဒ (စိတ်ပိုင်း)
၇) စိတ်ရှည်မှု (သဘောထားပိုင်း)
၈) လက်တွေ့ သင်ကြားပေးမှု (အလုပ်ပိုင်း)

စာရေးဆရာ ကိုတာရဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ပညာတတ်တစ်ယောက် ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ ပညာတတ်တစ်ယောက်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။
‘ပညာတတ်ဆိုတာက သင်ယူချင်စိတ် ရှိနေသောသူ၊ ဆက်လက်လည်း သင်ယူဆည်းပူးဖို့ အားထုတ်နေသူ’ လို့ အနက်ဖွင့်ပါတယ်။

ဆရာဆိုတာ

ဆရာတစ်ယောက်ဆိုတာကိုလည်း ထိုနည်းတူစွာ အဓိပ္ပာယ်ဖွင့်လိုက်ချင်ပါတယ်။ ဆရာဆိုတာ ပညာတတ် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ …

• သင်ယူချင်စိတ် ရှိနေရမယ်။
• သင်ယူဆည်းပူးဖို့ အမြဲအားထုတ်နေရမယ်။
• သင်ပြီးသလောက် တတ်သိနားလည်ထားရင်လည်း၊ သိနားလည်ထားတာကို ဖြန့်ချိပေးချင်စိတ်၊ ဖြန့်ဖြူး ပေးချင်စိတ် ထက်ထက်သန်သန်ရှိရပါမယ်။
• ဖြန့်ချိရေးနည်းလမ်းကိုလည်း အမြဲသုံးသပ်နေပြီး သင်ယူသူ ပိုလွယ် အောင် ရှာကြံသုံးသပ်ပြင်ဆင် နေသူဖြစ်ရပါမယ်။
• သူလေ့လာခဲ့တဲ့အရာနဲ့ သူသင်ကြားပေးမှုဟာ ကိုက်ညီရမယ်။

ဆရာ တစ်ယောက် ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး နှုန်းစံတချို့ကို ထုတ်ပြခဲ့ပါတယ်။ ဒါတွေကို ပြန်ကောက်ချင်ပါ တယ်။ အနည်းငယ်ချုပ်လိုက်ရင် အပိုင်း (၃) ပိုင်း ထွက်လာပါတယ်။

• စိတ်ပိုင်း
• အလုပ်ပိုင်း နဲ့
• သဘောထားပိုင်း ဆိုပြီး (၃) ပိုင်းထွက်လာပါတယ်။

(၁) သိနားလည်ချင်စိတ်ပြင်းပြမှုဆိုတာက စိတ်ပိုင်းဖြစ်ပါတယ်။ သိချင်စိတ်၊ တတ်ချင်စိတ်၊ နားလည်ချင်စိတ်ဆို တာ ဗီဇဓာတ်ခံနဲ့ ဆိုင်ပါတယ်။ ဗီဇနဲ့ပတ်ဝန်းကျင်ဆိုပြီး နှစ်ခုရှိတဲ့နေရာမှာ သိချင်စိတ်ဆိုတာက ဗီဇပိုင်းဖြစ်ပါ တယ်။ ပတ်ဝန်းကျင်ပိုင်း မဟုတ်ပါဘူး။ ဒါပေမယ့် သိနားလည်ချင်စိတ်ကို ပတ်ဝန်းကျင်က ပံ့ပိုးပေးနိုင်ပါတယ်။ မက်လုံးရှိရင် သိချင်စိတ် တိုးလာနိုင်ပါတယ်။ ဦးတည်ချက်တစ်ခုခု ပြတ်ပြတ်သားသားရှိထားရင် သိချင်စိတ်ကို အထောက်အပံ့ပေးနိုင်ပါတယ်။

ဆရာတစ်ယောက်ဟာ ကိုယ့်ရဲ့ သိချင်စိတ်ကို ကိုယ်ကိုယ်တိုင် မပြတ်မီးထိုးလှုံ့ဆော်နေရပါမယ်။ ဗီဇဓာတ်ခံ အားကောင်းလို့ သိချင်စိတ်က အလိုလို အစဉ်တစိုက်ပြင်းပြနေတယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

(၂) သိအောင် နားလည်အောင် လုပ်ဆောင်နေမှုက အလုပ်ပိုင်းဖြစ်ပါတယ်။ သိချင်စိတ်ရဲ့နောက်မှာ အလုပ် လိုက်ရမယ်။ သိချင်စိတ်ရှိတယ်ဆိုပြီး တကယ်လက်တွေ့မလုပ်ရင်၊ တကယ်သိချင်တတ်ချင်တာ မဟုတ်ပါဘူး။ သာမန် စပ်စုချင်စိတ်သာဖြစ်ပါတယ်။ တကယ်လက်တွေ့လေ့လာဆည်းပူးတယ်ဆိုရင်လည်း အခက်အခဲ ဆိုတာ တစ်နေရာရာမှာ တွေ့ရမှာ ကြိမ်းသေပါပဲ။ အခက်အခဲရှိနေပေမယ့်လည်း ဇွဲနပဲနဲ့ ဆက်တိုးပြီး လုပ်ဆောင်နေသူဟာ သိချင်စိတ်ပြင်းပြသူလို့ သတ်မှတ်လို့ရတယ်။ အခက်အခဲနဲ့ တွေ့လို့ ရပ်သွားရင်၊ သေချာ တယ်၊ ဒီလူဟာ သာမန်စပ်စုချင်စိတ်သာ ရှိသူပါပဲ။ တကယ်သိချင် တတ်ချင်စိတ် ရှိသူ မဟုတ်ပါဘူး။
သိအောင် နားလည်အောင် လုပ်လို့ အခက်အခဲတွေ့လာရင် ဆက်တိုးတယ်။ အခက်အခဲကို ကျော်လွှားဖြေရှင်း နေရတာကိုက ကိုယ့်အတွက် ပျော်စရာဖြစ်နေတယ်၊ ကျေနပ်စရာဖြစ်နေတယ်ဆိုရင် ဒီလိုလူကို ပညာစိတ်ရှိသူ လို့ ပြောနိုင်ပါတယ်။ ပညာသမားလို့ ပြောလို့ရပါတယ်။ သူကိုယ်တိုင်က သင်ယူချင်စိတ်ကို ပြင်းပြင်းပြပြရှိနေသူ လို့ ပြောလို့ရပါတယ်။

(၃) တပါးသူ အလွယ်တကူ တတ်စေချင်တဲ့ စေတနာကတော့ စိတ်ပိုင်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ တပါးသူ သိစေချင်တဲ့စိတ်မရှိဘဲနဲ့ ဆရာတစ်ယောက်ဖြစ်လို့ မရဘူး။ ဆရာတစ်ယောက်ဟာ စေတနာနဲ့သင်ကြားပြသ ပေးရမယ်။ သူ့သင်ကြားမှုမှာ စေတနာမပါရင် နှစ်လိုဖွယ်ရှိတဲ့ ဖြန့်ချိမှုဖြစ်မှာ မဟုတ်ဘူး။ သင်ယူသူကလည်း သင်ကြားပေးသူအပေါ် နှစ်လိုဖွယ်ဖြစ်မှာ မဟုတ်ဘူး။ စေတနာဆိုတာဟာ ထိတွေ့ဆုပ်ကိုင်ပြလို့ မရပေမယ့် ခံစားလို့ရပါတယ်။ ဆရာတစ်ယောက်ဟာ စေတနာရှိ / မရှိဆိုတာကို ခံစားမှုနဲ့ သိနိုင်ပါတယ်။ ဒါဟာ သင်ကြား ရေး ဘယ်လောက်အသက်ဝင်သလဲဆိုတာကို ပြဌာန်းတဲ့အချက်ဖြစ်ပါတယ်။

(၄) ရိုးသားမှုဆိုတာကတော့ သဘောထားပိုင်းဖြစ်ပါတယ်။ ဆရာတစ်ယောက်ဟာ ရိုးဖြောင့်ရမယ်။ ရိုးဖြောင့် တယ်လို့ ပြောတဲ့နေရာမှာ သူ့လေ့လာမှုအပေါ်မှာ ရိုးဖြောင့်ရမှာဖြစ်သလို၊ သူ့သင်ကြားပြသပေးမှုမှာလည်း ရိုး ဖြောင့်ရမယ်။ သင်ယူသူအပေါ်မှာလည်း ရိုးဖြောင့်တဲ့စိတ်သဘောထား ထားနိုင်ရမယ်။
ဘာသာရပ်အပေါ်မှာ ရိုးဖြောင့်ခြင်း။ ဆရာဆိုတာ လူဖြစ်လို့ သင်ယူမှုမှာလည်း အကန့်အသတ်ရှိနိုင်ပါတယ်။ အားလုံးကို အကုန်အစင်တတ်ထားနိုင်မှ တတ်ထားပါလိမ့်မယ်။ အကုန်အစင်တတ်သိထားမှ ဆရာအလုပ်ကို လုပ်ရမှာတော့ မဟုတ်ပါဘူး။ သူများတကာထက်၊ သာမန်လေ့လာသင်ယူမှုထက် ခေါင်းတစ်လုံးစာပိုထားတဲ့လူ က ဆရာ အလုပ်ကို လုပ်လို့ရပါတယ်။ ဒါပေမယ့် ဆရာအလုပ်ကို လုပ်တဲ့လူဟာ ကိုယ် ဘယ်လောက်သိထား သလဲဆိုတာကို ရိုးရိုးသားသား သိထားရမယ်။ ကိုယ့်အသိအပေါ်မှာ ကိုယ်ရိုးသားရမယ်။ ကိုယ်မသိထားတဲ့ အရာကို သိဟန်မဆောင်ရပါဘူး။ ဆရာဆိုတာ မရွှီးရဘူး၊ မဖြီးရဘူး။ လုံးမချရဘူး။ တတ်ယောင်ကား မလုပ်ရ ဘူး။ ဒါဟာ ရိုးသားမှု ဖြစ်ပါတယ်။

သင်ယူသူအပေါ်မှာ ရိုးဖြောင့်ခြင်း။ သင်ယူသူဆီကနေ ဆရာဟာ တစ်ခုခုကို လိုလားတောင့်တတာ မဖြစ်ရဘူး။ ငွေကြေးအရသော်လည်းကောင်း၊ ချီးမြှင့်မြောက်စားမှုသော်လည်းကောင်း မမျှော်လင့်သင့်ဘူး။ အရိုးခံစိတ်နဲ့ သင်ကြားပေးရမယ်။ နည်းနည်းပေးနိုင်သူကို နည်းနည်းသင်ပေးပြီး၊ များများပေးနိုင်သူကို သဒ္ဓါလွန်ကဲတာဟာ ရိုးဖြောင့်တဲ့စိတ် မရှိတာဖြစ်ပါတယ်။ သင်ယူသူအားလုံးကို တစ်တန်းတည်း ထားနိုင်ရပါမယ်။

သင်ယူချင်စိတ် ပိုပြင်းပြထက်သန်သူကို ပိုပြီးသင်ကြားပေးတယ်ဆိုတာကတော့ မရိုးဖြောင့်တာ မဟုတ်ပါဘူး။ လိုလားသူကို သူတောင်းဆိုသလောက် ပေးရမှာ ဆရာတွေရဲ့တာဝန်ဝတ္တရားဖြစ်ပါတယ်။ သိပ်ပြီး လိုလိုလား လား သင်ယူချင်စိတ် မရှိသူအပေါ်မှာလည်း သင့်တင့်တဲ့နှလုံးသွင်းမှု ထားနိုင်ရပါမယ်။ ဒါဟာ ရိုးသားခြင်း ကိစ္စ ဖြစ်ပါတယ်။

(၅) ရှာကြံ သုံးသပ်နေမှု ဆိုတာကတော့ အလုပ်ပိုင်းဖြစ်ပါတယ်။ ဆရာတစ်ယောက်ဟာ သင်ကြားရေးအလုပ် ကို အမြဲတမ်းလုပ်နေရတာဖြစ်လို့၊ ဘယ်လိုသင်မလဲ၊ ဘယ်လိုနားလည်အောင်လုပ်ပေးမလဲ၊ ဘယ်လိုနည်းနာ တွေသုံးပြီး သင်ယူသူတွေ အလွယ်တကူနားလည်အောင်လုပ်မလဲ ဆိုတာကို အမြဲတမ်း ရှာကြံ သုံးသပ်နေဖို့ လိုပါတယ်။ ကိုယ်သင်တဲ့နည်းဟာ သင်ယူသူရဲ့စရိုက်နဲ့ကိုက်ရဲ့လား၊ သင့်တော်ရဲ့လားဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ သင်ကြားပြီးတိုင်း ပုံမှန်နည်းနဲ့ပဲဖြစ်ဖြစ်၊ ပုံမှန်မဟုတ်တဲ့နည်းနဲ့ပဲဖြစ်ဖြစ် စာသင်သားဆီကနေ ကိုယ့် အပေါ် အမြင်သုံးသပ်ချက်ကို အမြဲတမ်း စနည်းနာရမှာဖြစ်ပါတယ်။ ဒါမှသာ သင်ကြားရေးနည်းနာ၊ ဖြန့်ချိရေး နည်းနာဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး ကောင်းလာနိုင်ပါတယ်။

ဘက်အစွဲ မရှိရ။
ကိုယ့်အားကိုယ်ကိုး။
စဉ်းစားတတ်အောင် သင်။
ဆင်ခြင်တုံတရား ရှေ့သွားရှိနေပါစေ။
ဟင်းစား တင် မပေးနဲ့၊ ကွန်ချက်ပါ ပြ။
ဘယ်လိုလေ့လာရမလဲ ဆိုတဲ့ နည်းကို ပေး။

ပိုကောင်းတဲ့သင်ကြားရေးနည်းနာဖြစ်အောင် ဘယ်လိုလုပ်မလဲ။

• စကားလုံးအသုံးအနှုန်းကို ဘယ်လိုသုံးရင် သူတို့ ပိုနားလည်လွယ်မလဲ။
• စာရေးပြသင့်သလား၊
• ပုံဆွဲပြသင့်သလား၊
• ဗီဒီယိုရုပ်ရှင်ပြသင့်သလား၊
• animation ပြသင့်သလား၊
• ပုံနှိပ်ပြဌာန်းစာနဲ့ လုံလောက်ပြီလား၊
• ရည်ညွှန်းစာတမ်းတွေ ပေးဖတ်သင့်သလား၊
• အုပ်စုဖွဲ့ဆွေးနွေးမှုတွေ လုပ်ရမလား၊
• တစ်ဦးချင်း တင်ပြချက်တွေ လုပ်ခိုင်းမလား၊
• တစ်ဖက်နဲ့တစ်ဖက် အငြင်းအခုန်လုပ်ခိုင်းမလား၊
• စာတမ်းရေးခိုင်းမလား၊ ယှဉ်ပြိုင်ခိုင်းမလား၊
• လက်တွေ့လုပ်ခိုင်းမလား၊
• စစ်တမ်းကောက်ခိုင်းရမလား၊
• စိတ်မြေပုံချပြရမလား။
• သီချင်းဖွင့်ပြရမလား၊
• အသံဖိုင်တစ်ခုခု နားထောင်ခိုင်းသင့်သလား။
• စာစီစာကုံးရေးခိုင်းရမလား၊
• မေးခွန်းတွေ ပြန်လှန်မေးခိုင်းသင့်သလား….။ စသည်ဖြင့် ။

ဆရာတစ်ယောက်ဟာ သူ့သင်ကြားရေးနည်းနာ တိုးတက်ဖို့အတွက် အမြဲတမ်း ကြံဆနေဖို့ လိုပါတယ်။ သင်ကြားနေစဉ်မှာလည်း ငါ့အသံတိုးသလား၊ ကျယ်လွန်းသလား၊ မြန်နေသလား၊ နှေးနေသလား၊ လုံးနေ သလား၊ နောက်ဆုံးကလူရော ကြားရသလား၊ အင်္ဂလိပ်စကားလုံးတွေ ညှပ်သုံးတာများနေသလား၊ နားထောင် နေသူတွေ ငိုက်နေသလား၊ သူတို့လိုချင်တာ ရရဲ့လား၊ ဘယ်အချိန် ခဏနားခိုင်းမလဲ၊ ရေးပြတာကို မြင်ရဲ့လား၊ ပြောလိုက်တာကို ကြားလိုက်ရဲ့လား၊ ငါပြောတာရော နားလည်ရဲ့လား…. ဆိုတာတွေကို အမြဲတမ်း ဆန်းစစ် သုံးသပ်ရမှာဖြစ်ပါတယ်။ ဒါဟာ ဆရာတစ်ယောက် မဖြစ်မနေ၊ လုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

(၆) ကိုယ့်ထက်တော်စေ၊ တတ်စေချင်တဲ့ စိတ်ဆန္ဒကတော့ စိတ်ပိုင်းဖြစ်ပါတယ်။ ဆရာတွေက ဆရာစားချန် တတ်ကြတယ်။ တပည့်ကိုသူ့ထက် တော်သွားမှာ စိုးရိမ်တတ်တယ်။ ဒါကတော့ သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ဆရာစိတ်ရှိသူတွေကတော့ တပည့်ကို သူ့ထက် ပိုတော်စေချင်တယ်။ ဆရာ့ထက် တပည့်လက်ဇောင်း ထက်တာကို မြင်ချင်တယ်။ (၁၀၀) ဖိုးရှိရင် (၁၀၀) ဖိုး အကုန်ပေးချင်တယ်။ သူကိုယ်တိုင်က (၁၀၀) ကနေ (၂၀၀) ဖိုးရှိလာအောင်လည်း ပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်။ သူများများသိနားလည်ထားမှ များများပေးနိုင်မယ်လို့ သူခံယူတယ်။ ဒီလို ဆရာမျိုးရှိတဲ့ လူ့အသိုင်းအဝိုင်းကမှ တိုးတက်တယ်။ ကြီးပွားတယ်။

(၇) စိတ်ရှည်မှုဆိုတာကတော့ သဘောထားပိုင်းဖြစ်ပါတယ်။ ဆရာတစ်ယောက်ရဲ့စိတ်သဘောထားဟာ အင်မတန်အရေးကြီးတယ်။ သင်ယူသူဟာ လူမျိုးစုံ၊ စရိုက်စုံ၊ အမူအကျင့်ပေါင်းစုံ တွေ့လာရမှာဖြစ်တာမို့၊ စိတ် ရှည်မှုက အင်မတန် လိုအပ်ပါတယ်။ ဆရာတစ်ယောက်ဟာ သင်ကြားရေးမှာ စိတ်မရှည်ရင် ဘယ်လောက် တတ်သိနားလည်ထားစေကာမူ၊ တန်ဖိုးမဖြစ်ပါဘူး။ သင်ယူသူမှာ ကောင်းကောင်းရလိုက်တာ မရှိနိုင်ပါဘူး။ စိတ်ရှည်ရှည်ထားပြီး သင်ကြားပြသပေးနိုင်မှသာ အသင်ခံရသူက တကယ်တတ်ပါတယ်။

(၈) လက်တွေ့ သင်ကြားပေးမှုဆိုတာကတော့ လက်တွေ့ပိုင်းဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက် သိနားလည်ထားတာတွေ ရှိရှိ၊ ဘယ်လောက် သင်ကြားရေးနည်းစနစ်တွေကို လေ့လာထား လေ့လာထား၊ စိတ် ကောင်းစေတနာထားပြီး လက်တွေ့သင်ကြားရေးအလုပ်ကို လုပ်မပေးဘူးဆိုရင် ဆရာတစ်ယောက်နေရာကို ရောက်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လက်တွေ့သင်ကြားပေးရေးဟာ အရေးကြီးတယ်။ သင်ပေးသူရှိမှ တတ်သိလာတဲ့သူလည်း ရှိမှာဖြစ်ပါတယ်။ သင်ပေးတဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါလိမ့်မယ်။ ဒါ့ကြောင့်လည်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဆိုပြီး ဆရာကို (၃) မျိုးခွဲပြထားတာဖြစ်ပါလိမ့်မယ်။
ဘယ်လိုဆရာမျိုးဖြစ်နေပါစေ၊ သင်ဆရာဆိုရင်လည်း တကယ်တတ်အောင်သင်။ မြင်ဆရာဆိုရင်လည်း သေချာမြင်အောင်ပြ။ ကြားဆရာဆိုရင်လည်း သေချာကြားအောင် ပြောဖို့ လိုပါတယ်။ ဒါမှ ဆရာတစ်ယောက် လို့ ယူဆလို့ ရမှာဖြစ်ပါတယ်။

နာသုံးနာ

နာသုံးနာလို့ ပြောတဲ့နေရာမှာ စေတနာ၊ ဝါသနာ၊ အနစ်နာလို့ ပြောကြတယ်။ ကျနော်ကတော့ ဒီနေရာမှာ ဝါသနာ ဆိုတာကို ရှေ့မှာထားစေချင်တယ်။ ဝါသနာကို အရင်းအခံဘဲ ဆရာအလုပ်ကို အကောင်းဆုံးလုပ်လို့ မရနိုင်ဘူး။ ဝါသနာကို အရင်းခံပြီး စေတနာကို အခြေခံရင် ပိုကောင်းလာမယ်။ အနစ်နာဆိုတာကတော့၊ အကန့် အသတ်ရှိတယ်။ အကြောင်းအကျိုးရှိရပါမယ်။ အမြဲတမ်း ဆရာကချည်း အနစ်နာခံ၊ အနွံတာခံဆိုတာက သဘာဝ မကျပါဘူး။ အနစ်နာလို့ ပြောတဲ့နေရာမှာ အကြောင်းအကျိုးကို ကြည့်ပြီး၊ အကြောင်းအကျိုးသင့်တဲ့ အနစ်နာခံမှုရှိဖို့ လိုပါလိမ့်မယ်။

နည်းနာပိုင်း

သင်ယူသူတွေရဲ့စရိုက်တွေက မတူကြပါဘူး။ ဗီဇဓာတ်ခံတွေလည်း မတူကြဘူး။ အားသန်ရာဘက်တွေလည်း မတူကြဘူး။ သင်ယူသူတွေရဲ့ မတူတဲ့သဘော၊ သဘာဝကို အကဲခတ်ရမယ်။ ဆရာတစ်ယောက်ဟာ ပုဂ္ဂိုလ်ရဲ့ စရိုက်ကို လိုက်ပြီး ဟောပြောသင်ပြဖို့ လိုတယ်။


တချို့က နားနဲ့ ဆတ်ဆတ်ကြားရမှ ပိုပြီး မှတ်မိတာ၊ နားလည်တာ ရှိတယ်။ တချို့ကတော့ မျက်စိရှေ့မှာ တစ်ခု ခု မြင်လိုက်ရမှ မှတ်မိတာ၊ နားလည်တာ ရှိတယ်။ တချို့ကတော့ လက်တွေ့အားဖြင့် ကိုယ်တိုင်လုပ်ကြည့် လိုက်မှ နားလည်တာ၊ မှတ်မိတာ ရှိတယ်။ ဒီလို မတူတဲ့စရိုက်သဘောတွေကို လေ့လာအကဲခတ်ပြီးတော့၊ ဆရာ တစ်ယောက်ဟာ သူ့ရဲ့သင်ကြားရေးနည်းနာကို လိုသလို အသုံးပြုရတယ်။ ပြောင်းတန်က ပြောင်းရ တယ်။ သင်ကြားသူသုံးတဲ့နည်းနဲ့ သင်ယူသူရဲ့စရိုက် ကိုက်ညီတဲ့အခါမှသာ အသိပညာတကယ်ရတယ်။ အတတ်ပညာ တကယ်တတ်မြောက်တယ်။

မရှိမဖြစ်နှုန်းစံ

သင်ကြားရေးအလုပ်ကို လုပ်တဲ့လူဟာ ဘက်အစွဲကင်းရမယ်။ အစွဲကြီးတဲ့လူဟာ သင်ကြားရေးကောင်းတဲ့ ဆရာ တစ်ယောက်မဖြစ်နိုင်ဘူး။ ယထာဘူတကျကျ သိမြင်နားလည်မှု လိုအပ်တယ်။ ဆရာဆိုတာ သင်ကြားရေးအလုပ်ကို လုပ်နေသူဖြစ်လို့ ဆင်ခြင်တုံတရားကို ဦးထိပ်ထားရမယ်။ သူ့ရဲ့သင်ကြားချက်တွေဟာ သဘာဝကျရမယ်။ ဆင်ခြင်တုံတရားက ဦးစီးရမယ်။


ဆရာတစ်ယောက်ဟာ သင်ယူသူရဲ့ဦးနှောက်ကို ဆွနိုင်ရမယ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတတ်အောင် လေ့ကျင့်ပေးရမယ်။ ကိုယ့်အားကိုယ်ကိုးဖို့ သင်ကြားပေးနိုင်ရမယ်။ ဆရာတစ်ယောက်ဟာ ဟင်းစားပေးနိုင်ပါ တယ်။ ပြီးတော့ ကွန်ချက်ပါ ပြဖို့ လိုတယ်။ တစ်နှပ်စားပြီး ကုန်သွားမယ့် သင်ကြားမှုမျိုးဟာ အဆင့်အတန်းမြင့် တဲ့ သင်ကြားမှု မဖြစ်နိုင်ဘူး။ ရှာဖွေနိုင်တဲ့ အတတ်ပညာကို သင်ပြပေးဖို့လိုတယ်။

အကောင်းဆုံး နည်းနာ တစ်ရပ်ရှိပါတယ်။ ဒါကတော့ သင်ယူသူကို သင်ပေးလိုက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဘယ်လိုသင်ယူရမလဲ ဆိုတာကို သိအောင်၊ နားလည်အောင် ကူညီဖို့ လိုပါတယ်။ ဘယ်လိုလေ့လာရမလဲ ၊ ဘယ်လိုသင်ယူရမလဲ ဆိုတဲ့နည်းကို သိတဲ့လူဟာ ဘယ်ပညာရပ်မဆို သင်ယူတတ်မြောက်ဖို့ လွယ်သွားပြီ။

• ဘက်အစွဲ မရှိရ။
• ကိုယ့်အားကိုယ်ကိုး။
• စဉ်းစားတတ်အောင် သင်။
• ဆင်ခြင်တုံတရား ရှေ့သွားရှိနေပါစေ။
• ဟင်းစား တင် မပေးနဲ့၊ ကွန်ချက်ပါ ပြ။
• ဘယ်လိုလေ့လာရမလဲ ဆိုတဲ့ နည်းကို ပေး။

ဒါတွေကတော့ သင်ကြားရေးအလုပ်ကို လုပ်နေတဲ့ ဆရာဆိုသူတွေအတွက် မျှဝေလိုက်တဲ့ အကြောင်းအရာ တွေ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်နှိုင်းယှဉ်နိုင်ကြပါစေ။

မင်းသေ့
ည ၁၁ း ၁၀
၁ ၊ မေလ ၊ ၂၀၁၉ ။

to read Myanmar Book Review and to know about of Historical View Previous post သမိုင်းဆိုင်ရာဝေဖန်စောကြောချက်
Shwe O Daung Library Next post စာကြည့်တိုက်