▄ စစ်စီးပွားရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုထောင်ချောက်

တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်အတွက် ထွက်ပေါက်လား၊ ထောင်ချောက်လား။

စစ်စီးပွားရေး၊ လက်နက်ကိုင်တပ်တွေအပေါ် စစ်ရေးအထောက်အပံ့တွေနဲ့ တရုတ်အရင်းအနှီးတွေ ဘယ်လို ပတ်တုပ်ချည်နှောင်ထားသလဲ။

ဖြစ်စဉ်တချို့ကို စဉ်းစားနိုင်ဖို့ ဒီဆောင်းပါးကို ရေးပါတယ်။

ဆောင်းပါးအနှစ်ချုပ်

တရုတ်ပြည်သည် မြန်မာနဲ့ ပထဝီစီးပွားရေးအရ ဆက်နွှယ်ချုပ်နှောင်ထားသော အခြေအနေ၌ ရှိနေပါသည်။ ၎င်းအခြေအနေ၌ တရုတ်ငွေလုံးငွေရင်းများဖြင့် ရင်းနှီးမြုပ်နှံလာသော စီးပွားရေးလုပ်ငန်းများတွင်၊ တည်ဆဲ / လက်ဟောင်း စစ်စီးပွားရေးနှင့် နီးကပ်သော ဆက်ဆံမှုများ ရှိနေဆဲ၊ ရှိနေခဲ့သည်။ တရားမဝင်ကုန်သွယ်မှုမှ သော်လည်းကောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားထုတ်လုပ်မှုမှသော်လည်းကောင်း၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုမှသော်လည်းကောင်း ရရှိသော ငွေမည်းများကို၊ ငွေဖြူအဖြစ် ခဝါချသော ဇာတ်ခုံအဖြစ် မြန်မာပြည်သည် တရုတ်အတွက် ရှိနေရသည်လား….ဆိုသည့် မေးခွန်းကို ဤဆောင်းပါးက ဖော်ပြရှင်းလင်းပြ ထားပါသည်။ အကျိုးစီးပွားနိုင်ငံရေးနှင့် အကျိုးစီးပွား ပဋိပက္ခများဖြင့် ခြေချင်းလိမ်နေသော ဖြစ်စဉ်ကို နားလည်ရပါမည်။ ထို့အပြင် မြန်မာလက်နက် ကိုင်တပ်များ (လူမျိုးစုလက်နက်ကိုင် တချို့ အပါအဝင်) တရုတ် စီးပွားရေးရင်းနှီးမြုပ်နှံမှုအကြား အကျိုးစီးပွားချင်း အပြန်အလှန်အမှီသဟဲပြု ရပ်တည်နေရင်း မြန်မာသည် ထောင်ချောက်အတွင်း ပိတ်မိ / သက်ဆင်းမိသော ဖြစ်ရပ်များ ကြုံလာရပါသည်။ ဤအခင်းအကျင်းကို နားလည်နိုင်စေရန်၊ ဤဆောင်းပါးက ဆင်ခြင်စဉ်းစားနိုင်ဖွယ် တင်ပြထားပါသည်။

▄ ▄

နိဒါန်း

• မြန်မာပြည်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဟာ တရုတ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ တရုတ်လွှမ်းမိုးမှုကို နေရာတိုင်းလိုလိုမှာ တွေ့နိုင်တယ်။ အထူးသဖြင့်၊ စီးပွားရေးအပေါ်မှာ တရုတ်ရဲ့သက်ရောက်လွှမ်းမိုးမှုက ကြီးစွာရှိတယ်။ စီးပွားရေးမှာလည်း ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုအပါအဝင်၊ သယံဇာတတူးဖော်ထုတ်လုပ်ရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ တရုတ်က လွှမ်းမိုးချုပ်ကိုင်ထားနိုင်တာတွေ့ရတယ်။ မြန်မာပြည်နဲ့ တရုတ်ဟာ ကုန်သွယ်ရေးမိတ်ဖက်အဖြစ်လာတာဟာ နိုင်ငံရေးအကြောင်းတရားနဲ့လည်း ပတ်သက်နေပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀) နီးပါးလောက်စပြီး ကျောချင်းကပ်လာတာဖြစ်ပါတယ်။ ဦးနေဝင်းခေတ်၊ ဆိုရှယ်လစ်ကာလတစ်လျှောက်လုံးမှာ၊ မြန်မာပြည်ဟာ တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးလို့ ကျယ်ပြန့်တဲ့ကုန်သွယ်မှု မရှိခဲ့ပါဘူး။ တရုတ်ကလည်း မြန်မာပြည်တွင်းကို ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာလို့ မရပါ။ နယ်စပ်ကုန်သွယ်ရေးလည်း မဖြစ်ထွန်းပါ။ ဆိုရှယ်လစ်ခေတ်မှာ ပုဂ္ဂလိကကဏ္ဍမှာ လုပ်ပိုင်ခွင့်မရှိလို့၊ ကုန်သွယ်မှုတွေ၊ ကုန်ထုတ်လုပ်မှုတွေမှာ ပုဂ္ဂလိကပိုင်စီးပွားရေး မဖြစ်ထွန်းပါ။

• ၁၉၈၈ နောက်ပိုင်း၊ စစ်တပ်က နိုင်ငံရေးအာဏာကို ထိန်းထားနိုင်ခဲ့တယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးကိုလည်း စစ်တပ်ကပဲ ချုပ်ကိုင်ထားတယ်။ တရုတ်နဲ့ မြန်မာဟာ ပြည်တွင်းလူထုလှုပ်ရှားမှုတွေကို အစိုးရက အပြင်းအထန်ဖြိုခွဲတာကြောင့် နိုင်ငံတကာမျက်နှာစာမှာ ရှုတ်ချခံရတယ်။ ဖယ်ကြဉ်ခံရတယ်။ အနောက်ဩဇာကို ပြန်လည်အံတုဖို့ မြန်မာနဲ့ တရုတ်ဟာ နိုင်ငံရေးအရ အကျိုးစီးပွားမဟာမိတ်ဖြစ်လာခဲ့တယ်။ သည့်နောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာဟာ ကုန်သွယ်ရေးလမ်းကြောင်းကို ပီပီပြင်ပြင်ဖောက်လာတယ်။ မြန်မာစစ်အစိုးရနဲ့ တရုတ်ဟာ အကျိုးစီးပွားချင်း မဟာမိတ်ဖြစ်လာတယ်။ စစ်တပ်စီးပွားရေးက တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့အတူ ကြီးထွားတယ်။ နိုင်ငံတော်ပိုင် စီမံကိန်းတွေမှာ စစ်တပ်ရဲ့အကျိုးစီးပွားဟာ ဆက်နွယ်နေတယ်။ တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတွေက မြန်မာပြည်ရဲ့ စွမ်းအင်စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံလာကြတယ်။ တစ်ဖက်မှာလည်း တရုတ်ရဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံလာကြတယ်။ ထိုနည်းလည်းကောင်းပဲ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ၊ မြန်မာပြည်တွင်း စက်မှုဇုံတွေ တရုတ်ပိုင် ကုန်ထုတ်လုပ်ရေးစက်ရုံတွေ တိုးပွားလာတယ်။ မြန်မာစစ်အစိုးရဟာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ်ဖြစ်ထွန်းအောင် တိုးချဲ့တယ်။ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ပေါင်းပြီး သယံဇာတူးဖော်ထုတ်လုပ်ရေးတွေမှာ သူ့ရဲ့အကျိုးစီးပွားကို ချဲ့ယူတယ်။

• ၁၉၈၈ နောက်ပိုင်း မြန်မာစစ်အစိုးရဟာ အနောက်တိုင်းရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ခံခဲ့ရတယ်။ ဒါ့ကြောင့်လည်း တရုတ်နဲ့ မြန်မာဟာ ပိုနီးသော အကြောင်းဖြစ်လာခဲ့တယ်။ မြန်မာပြည်ရဲ့ သယံဇာတကြွယ်ဝမှုဟာ တရုတ်အတွက် မက်လုံးဖြစ်လာတယ်။ တရုတ်အတွက်လည်း မဟာဗျူဟာအရ အချက်အခြာကျမှုဟာ မြန်မာမှာ ရှိနေတယ်။ သည်အကြောင်းအရင်း (၃) ချက်ကြောင့် မြန်မာပြည်ဟာ တရုတ်နဲ့ ရင်းနှီးမြုပ်နှံမှုမှာ မိတ်ဖက်ဖြစ်လာခဲ့တယ်။

• လေ့လာချက်တချို့

• ဘေဂျင်းမြို့အခြေစိုက် Global Environmental Institute က ရေးသားပြုစုတဲ့ မြန်မာပြည်တွင်းက တရုတ်အရင်းအနှီးများဆိုတဲ့ သုတေသနစာတမ်းမှာ အခုလိုဖော်ပြထားပါတယ်။ တရုတ်ရင်းနှီးမြုပ်နှံမှုရဲ့ ၆၃ ရာခိုင်နှုန်းဟာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေနဲ့ သတ္တုတူးဖော်ရေးကဏ္ဍတွေမှာ ၃၆ % ရှိတယ်လို့ ဆိုတယ်။ ဒီသုတေသနစာတမ်းကို ၂၀၁၆ ခုနှစ်မှာ၊ ထုတ်ဝေတာဖြစ်ပါတယ်။ သည့်နောက်ပိုင်း တရုတ်နဲ့ မြန်မာဟာ အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းတွေ၊ မီးရထားလမ်းဖောက်လုပ်ရေးစီမံကိန်းတွေနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အထူးစီးပွားရေးဇုံ စီမံကိန်းတွေမှာ ရင်းနှီးမြုပ်နှံလာတဲ့ ပမာဏကိုလည်း ထည့်တွက်ရအုံးမှာ ဖြစ်ပါတယ်။


• မြန်မာပြည်တွင်းရောက်လာတဲ့ တရုတ်ရဲ့ပြည်ပရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေက ဘယ်လိုပြုမူလုပ်ဆောင်နေပါသလဲ။ တရုတ်ရင်းနှီးမြုပ်နှံမှုတွေနဲ့ စစ်စီးပွားရေးဟာ ဆက်စပ်နေပါတယ်။ မြန်မာပြည်တွင်းမှာ စစ်တပ်ဟာ နိုင်ငံရေးအာဏာကို နှစ်ပေါင်း ၅၀ နီးပါး ချုပ်ကိုင်ထားခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ဆိုတာ ရာစုနှစ် တစ်ဝက်ဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာတောင် စစ်တပ်ရဲ့အကျိုးစီးပွားတွေဟာ မြန်မာပြည်ရဲ့စီးပွားရေးမှာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။ စစ်အစိုးရဟာ တရုတ်ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးနိုင်တဲ့အာဏာရှိခဲ့တယ်။ ဒါ့ကြောင့်ပဲ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေဟာ မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ရလာတယ်။ စစ်စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုတွေမှာ ကောင်းကျိုး ဆိုးပြစ်တွေ ရောထွေးနေပါတယ်။ ဆိုးကျိုးအနေနဲ့ ပြန်လည်အဖတ်ဆယ်လို့ ခက်ခဲတဲ့အကြောင်းအခြင်းအရာတွေ များစွာရှိနေဆဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ လူမှုတရားမျှတခြင်းကင်းမဲ့မှုနဲ့ အဂတိလိုက်စားမှုတွေဟာ တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့ စစ်စီးပွားရေးလုပ်ငန်းတွေရဲ့အကျိုးဆက် တစ်ခုဖြစ်လာပါတယ်။

• တရုတ် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၁၉၈၈ နောက်ပိုင်းကာလတွေကစပြီး ကြီးထွားလာတယ်။ ၂၀၁၀ ခုနှစ်လောက်အရောက်မှာ ရင်းနှီးမြုပ်နှံမှုပမာဏအမြင့်ဆုံးထိရောက်လာခဲ့တယ်။ ရင်းနှီးမြုပ်နှံမှုပမာဏကို တွက်ချက်ရာမှာ၊ စာရွက်ပေါ်က တရားဝင်ဖော်ပြနိုင်တဲ့ ပမာဏတွေကို ထည့်တွက်ရုံနဲ့ မလုံလောက်ပါ။ စာရွက်ပေါ်မှာ မတွေ့နိုင်တဲ့ရင်းနှီးမြုပ်နှံမှုပမာဏကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ မြန်မာပြည်မှာ စာရင်းတွက်ထုတ်လို့မရနိုင်တဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုပမာဏဟာ ဘယ်လောက်ရှိနိုင်ပါသလဲ။ ဘယ်လို လုပ်ငန်းအမျိုးအစားတွေမှာ တရုတ်အရင်းအနှီးတွေ အလုံးအရင်းနဲ့ မြုပ်နှံထားကြပါသလဲ။ ဒီမေးခွန်းနှစ်ခုဟာ ယခုရေးသားတင်ပြတဲ့ဆောင်းပါးမှာ ဗဟိုပြုတင်ပြမယ့် အချက်နှစ်ခုဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ စာရင်းတွက်ထုတ်ပြလို့ မလွယ်တဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုတွေနဲ့ စစ်စီးပွားရေးဟာ ဘယ်လို ပတ်သက် ဆက်စပ်နေပါသလဲ။

• သတင်းမီဒီယာတွေ၊ သုတေသနစာတမ်း စာစောင်တွေကို ဖတ်ကြည့်ရင်၊ မြန်မာလူထုရဲ့အမြင်သဘောထားဟာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေအပေါ် မနှစ်မြို့ဘူးဆိုတဲ့ ဖော်ပြချက်တွေ အတော်များများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး တစ်တိုင်းပြည်လုံး အုံလိုက်ကျင်းလိုက် ကန့်ကွက်ဆန္ဒပြမှုဟာ အထင်အရှားဖြစ်ရပ်ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ မုံရွာမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာ တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့တူးဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ ဒေသခံလူထုရဲ့ ကန့်ကွက်မှုကို အကြီးအကျယ်ခံနေရတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်းရှည်ကြာစွာ တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့အသားသေနေတဲ့ မြန်မာ့စီးပွားရေးမှာ စစ်တပ်ရဲ့အကျိုးစီးပွားဟာလည်း ချိတ်ဆက်ပါဝင်နေပါတယ်။ တရုတ်ဟာ မြန်မာနဲ့ပတ်သက်ရင် စီးပွားရေးအရ နှောင်တုပ်ပတ်ချည်မှုတွေကို လုပ်ထားပါတယ်။ ထပ်မံပြီးတော့လည်း စီးပွားရေးခွင်ကို ရနိုင်သမျှ ချဲ့နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ လာရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာဟာ စီးပွားရေးကဏ္ဍတွေမှာ ထပ်မံတိုးချဲ့လုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာ (၃၃) ခုကို ထပ်မံလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသာဓကကိုကြည့်ခြင်းအားဖြင့်၊ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုပုံစံဟာ ယခင်ကလို စွမ်းအင်ကဏ္ဍ၊ သယံဇာတတူးဖော်မှုကဏ္ဍတွေမှာပဲ ရှိနေတော့တာ မဟုတ်ပါဘူး။ တရုတ်နဲ့ပူးတွဲလုပ်ဆောင်မယ့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ လမ်းတံတား မီးရထားလမ်းနဲ့ ဥမင်လှိုဏ်ခေါင်းစီမံကိန်းတွေပါ ပါဝင်လာပါတယ်။ ထိုနည်းလည်းကောင်းပဲ တရုတ်မဟာဗျူဟာအရ ချဲ့ထွင်လာတဲ့ ပိုးလမ်းမသစ်စီမံကိန်းမဟာဗျူဟာ စက်ဝန်းထဲက တရုတ်မြန်မာစီးပွားရေး စင်္ကြံပူးပေါင်းဆောင်ရွက်မှုတွေကလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပါတယ်။ တရုတ်နဲ့ မြန်မာကြားမှာ ပိုပြီး ကူးလူးဆက်ဆံနိုင်မယ့် အခြင်းအရာသစ်တွေလည်း ပေါ်လာပါတယ်။ မြန်မာနဲ့ တရုတ်နိုင်ငံအကြား ချိတ်ဆက်ကူးလူးမယ့် အဝေးပြေးလမ်းမတည်ဆောက်ရေး စီမံကိန်းတွေ ပါဝင်လာတယ်။ မူဆယ် -မန္တလေး မီးရထားလမ်းစီမံကိန်းတွေပါဝင်လာတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုံစီမံကိန်းတွေမှာ ထပ်တိုးလုပ်ဆောင်မှုတွေ ရှိလာတယ်။ ကုန်သွယ်ရေးကဏ္ဍနဲ့ဆက်စပ်ပြီး စက်မှုထုတ်ကုန်တွေ တိုးတက်မြင့်မားဖို့၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကျွဲနွားမွေးမြူရေးလုပ်ငန်းတွေမှာပါ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။ စစ်အစိုးရလက်ထက် မဟုတ်တော့ပေမယ့် အသွင်ကူးပြောင်းရေး အရပ်သားအစိုးရလက်ထက်မှာလည်း တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ တရားဝင် လမ်းကြောင်းကနေ ထပ်တိုးဝင်လာတာတွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစားဖို့က မြန်မာပြည်တွင်းမှာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်ပြီး တရားဝင်ရော၊ တရားမဝင်ရော ဝင်ရောမြုပ်နှံထားတဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်၍ဘယ်မျှ ကြီးထွားနေပြီလဲဆိုတာ ထပ်မံဆန်းစစ်လေ့လာဖို့ ဖြစ်ပါတယ်။ ဒီလိုစီးပွားရေး လုပ်ငန်းတွေကို မြေပေါ်မြေအောက် အသွင်အမျိုးမျိုး ကူးပြောင်းပြီး လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေလို့ ပြောလို့ရပါမယ်။ မြေပေါ်တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို တရားဝင်တရုတ်ရင်းနှီးမြုပ်နှံမှုတွေလို့ ခေါ်လို့ရပါတယ်။ မြေအောက်တရုတ်ရင်းနှီးမြုပ်နှံမှုတွေကိုတော့ တရားမဝင် တရုတ်ရင်းနှီးမြုပ်နှံမှုတွေလို့ ခေါ်လို့ရပါတယ်။ သတင်းဂျာနယ်တွေ၊ သုတေသနစာစောင်တွေကနေ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်အပေါ် အခြေခံပြီး တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို တွက်ချက်လေ့လာနိုင်တယ်။ တစ်ဖက်မှာလည်း သတင်းဂျာနယ် မဂ္ဂဇင်းတွေနဲ့ သုတေသနစာတမ်းတွေမှာ မဖော်ပြနိုင်သေးတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုပုံစံနဲ့ ပမာဏကို ထည့်သွင်း စဉ်းစားဖို့ လိုနေပါသေးတယ်။

တရုတ် – မြန်မာ အကျိုးစီးပွား

• ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ ပြင်းပြင်းထန်ထန် ဖြိုခွင်းခဲ့တဲ့ မြန်မာစစ်အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖယ်ကြဉ်ခဲ့တယ်။ တရုတ်မှာလည်း ၁၉၈၉ ခုနှစ်မှာ တီယံမင်အရေးအခင်းဖြစ်တယ်။ တရုတ်ပြည်မှာ ကျောင်းသားခေါင်းဆောင်တွေကနေဦးဆောင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို လုပ်ခဲ့တယ်။ တရုတ်အစိုးရဟာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုကြောင့် တရုတ်နဲ့ မြန်မာစစ်အစိုးရဟာ နဂိုကထက် ပိုနီးခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြန်လှန်တုံ့ပြန်ဖို့ ကျောချင်းကပ်ခဲ့ကြတယ်။ မြန်မာစစ်အစိုးရဟာ နိုင်ငံတကာအသိုင်းအဝိုင်းက အဆက်အဆံမလုပ်လို့ အထီးကျန်ဖြစ်ခဲ့တယ်။ ဒီအကျပ်အတည်းကို ဖောက်ထွက်ဖို့ တရုတ်နဲ့ စစ်ရေးအရ၊ သံခင်းတမံခင်းအရ၊ စီးပွားရေးအရ ဆက်ဆံကူးလူးမှုကို လုပ်ခဲ့တယ်။ တရုတ်နိုင်ငံပိုင်းစီးပွားရေးကော်ပိုရေးရှင်းတွေကို မြန်မာပြည်တွင်းမှာ ရင်းနှီးမြုပ်နှံခွင့်ပေးခဲ့တယ်။ တရုတ်ပြည်အတွက် မြန်မာဟာ သယံဇာတရင်းမြစ် ဆက်သရတဲ့နိုင်ငံတစ်ခု လိုဖြစ်လာတယ်။ ကုန်းတွင်းပိတ်ဖြစ်နေတဲ့ တရုတ်နိုင်ငံတွင်းက ယူနန်ပြည်နယ်ဟာ မြန်မာနဲ့ ကပ်ရပ်တည်ရှိနေပါတယ်။ ကုန်းတွင်းပိတ်ဖြစ်ခြင်းကြောင့် တရုတ်ပြည်နယ်များစွာထဲက ယူနန်ပြည်နယ်ဟာ ဆင်းရဲတဲ့ ပြည်နယ်တစ်ခုဖြစ်ခဲ့ပေမယ့် မြန်မာပြည်နဲ့ ကုန်သွယ်ရေးကူးလူးနိုင်ခဲ့လို့ ချမ်းသာတဲ့ ပြည်နယ်တစ်ခုဖြစ်လာတယ်။ တရုတ်ပြည်ရဲ့မြေပုံကို ကြည့်ရင် တောင်တရုတ်ပင်လယ်နဲ့ နီးတဲ့ ပင်လယ်ဆိပ်ကမ်း မြို့တွေ၊ ပြည်နယ်တွေသာ ဖွံ့ဖြိုးတိုးတက်မှုမြင့်တယ်။ စီးပွားရေးကောင်းကြတယ်။ ဒါပေမယ့် ယူနန်ပြည်နယ်ပြည်နယ်ဟာ မြန်မာကြောင့် စီးပွားရေအရဖွံ့ဖြိုးခဲ့တယ်။ ကြွယ်ဝလာခဲ့တယ်။

• တရုတ်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေဟာ မြန်မာစစ်အစိုးရက ခွင့်ပြုပေးလို့ မြေလုပ်ပိုင်ခွင့်တွေ ရခဲ့တယ်။ နောက်ဆက်တွဲအနေနဲ့ မြေသိမ်းယာသိမ်းပြဿနာတွေဖြစ်ပွားခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ ဖိနှိပ်ခဲ့လို့ မြန်မာပြည်သူဟာ ငြိမ်ခဲ့နေခဲ့ကြပေမယ့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အသွင်ကူးပြောင်းရေးကာလမှာ တရုတ်ဆန့်ကျင်ရေးတွေ နိုင်ငံအနှံ့ပေါ်ပေါက်လာခဲ့တယ်။ တရုတ်စီမံကိန်းတွေကြောင့် နစ်နာခဲ့တဲ့ မြန်မာပြည်သူတွေဟာ အသွင်ကူးပြောင်းရေးကာလမှာ ပြောခွင့်ဆိုခွင့် ရလာလို့၊ ယခင်နှစ်နာချက်တွေကို အုံးလိုက်ကျင်းလိုက် ထုတ်ဖော်ပြသကြတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ၊ တရုတ်နဲ့ မြန်မာအကြား ခပ်ခွာခွာ ဖြစ်လာတဲ့ ဖြစ်စဉ်ဖြစ်ရပ်တချို့ ကြုံလာခဲ့တယ်။ နိုင်ငံတကာအသိအမှတ်ပြုမှုကို လိုလားတဲ့ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာရဲ့ တရားဝင်မှုရအောင် ကြိုးစားခဲ့တယ်။ အသွင်ကူးပြောင်းရေးနဲ့ ဖြေလျော့ရေးလုပ်ငန်းတွေကို လုပ်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရအောင် ကြိုးစားခဲ့တယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မြန်မာပြည်ဟာ အနောက်နိုင်ငံတွေဘက်ကို တိမ်းညွှတ်ဟန်ရှိခဲ့လို့၊ အနောက်နိုင်ငံအုပ်စုတွေရဲ့ အသိအမှတ်ပြုမှုကို အတော်အတန်ရလာတယ်။ အနောက်နဲ့နီးတော့ တရုတ်နဲ့ ခပ်ခွာခွာဖြစ်လာခဲ့တယ်။ ဒီနေရာမှာ ခပ်ဝေးဝေးလို့ မသုံးပါ။ အကြောင်းကတော့ မြန်မာဟာ တရုတ်နဲ့ ခပ်ဝေးဝေးကို မသွားနိုင်ပါ။ တရုတ်ကလည်း မြန်မာကို ရင်ခွင်ပိုက်ပြည်နယ်တစ်ခုလို ချယ်လှယ်ပါတယ်။ ဒါ့ကြောင့် တရုတ်အစိုးရအနေနဲ့ မြန်မာကို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ်လစီနဲ့ ချယ်လှယ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တရုတ်နဲ့ ခပ်ခွာခွာဖြစ်တယ်လို့ ဘယ်လိုပင် ပြောနေပါစေ၊ တရုတ်ရင်းနှီးမြုပ်နှံမှုတွေကတော့ အနည်းငယ် ကျရိပ်ပြတာက လွဲလို့ တရုတ်အရင်းအနှီးတွေက မြန်မာပြည်တွင်းက ထွက်ခွာမသွားပါဘူး။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၅၂ ဘီလီယံ ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်ရောက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ ၅၂.၄ မီလီယံလောက်ပဲ ရှိပါတော့တယ်။ တရုတ်ကုမ္ပဏီတွေရဲ့ သယံဇာတတူးဖော်ထုတ်လုပ်မှုနဲ့ စွမ်းအင်စီမံကိန်းတွေမှာ လူထုထောက်ခံမှုကျဆင်းပေမယ့်၊ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ မြန်မာပြည်တွင်းက ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေဟာ ရပ်တန့်မသွားပါဘူး။ တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကပါ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒီလို ကျောက်မျက်တူးဖော်မှုတွေ၊ သစ်ခိုးထုတ်လုပ်မှုတွေကနေ ငွေကြေးတွေ ဘယ်လောက်ပမာဏ စီးဝင်စီးထွက်နေတယ်ဆိုတာကို တိတိကျကျ မပြောနိုင်ပါ။ ဥရောပသမဂ္ဂကုန်သွယ်ရေးအချက်တွေအရ ၂၀၁၄ ခုနှစ် တရုတ်နိုင်ငံတစ်နိုင်ငံတည်းကို တင်ပို့ခဲ့တဲ့ ကျောက်မျက်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလီယံရှိမယ်လို့ ခန့်မှန်းတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ၊ မြန်မာပြည်ရဲ့ကျောက်စိမ်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးက အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိမယ်လို့ ခန့်မှန်းတယ်။ မှောင်ခိုထုတ်လုပ်မှုပမာဏနဲ့ လျော့ပေါ့အစီရင်ခံစာတွေ၊ တန်ဖိုးအမှန်တွက်ချက်နိုင်မှု အခက်အခဲတွေအရ အမှန်တကယ်တင်ပို့ခဲ့တဲ့ ပမာဏဟာ အစိုးရထုတ်ပြန်ခဲ့တဲ့ တန်ဖိုးထက် ၁၀ ဆလောက် မြင့်မားနိုင်တယ်လို့ ယူဆကြတယ်။ (NRGI 2016)

• သယံဇာတတူးဖော်ထုတ်လုပ်မှုတွေမှာ၊ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာ ဒွေးရောယှက်တင်ဖြစ်နေပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (Myanmar Economic Corporation – MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (Union of Myanmar Economic Holding Limited – UMEHL) လို ကုမ္ပဏီတွေဟာ နိုင်ငံပိုင်လုပ်ငန်းတွေ မဟုတ်ပါ။ စစ်တပ်ပိုင်လုပ်ငန်းများအဖြစ် စစ်တပ်အရာရှိတွေက စုပေါင်းပိုင်ဆိုင်ပြီး၊ စီမံခန့်ခွဲနေကြတဲ့ကုမ္ပဏီကြီးတွေသာ ဖြစ်ပါတယ်။ သယံဇာတတူးဖော်ရေးအတွက် လုပ်ကွက်ချထားမှု ဆုံးဖြတ်ချက်တွေနဲ့ အမြတ်ငွေ ခွဲဝေသုံးစွဲရေးတွေကို အစိုးရတစ်ရပ် (quasi-official roles) လို ကျင့်သုံးဆောင်ရွက်ပါတယ်။ စစ်အရာရှိတွေ စီမံခန့်ခွဲပြီး ပိုင်ဆိုင်ထားတဲ့ ဒီလိုကော်ပိုရေးရှင်းတွေ၊ ကုမ္ပဏီတွေဟာ ပြည်သူအပေါ် တိုက်ရိုက်တာဝန်ခံမှု မရှိပါ။ နိုင်ငံတော်ပိုင် လုပ်ငန်းထဲသို့လည်း အပြီးအပိုင် မဝင်။ ပုဂ္ဂလိက နာမည်ခံစစ်စစ်လည်း မဟုတ်။ စစ်တပ်က နိုင်ငံတော်အာဏာနဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး ချယ်လှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေသာ ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်ဟာ ရှုပ်ထွေးတယ်။ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအကြား ရှင်းလင်းတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်မနေဘူး။ သယံဇာတတူးဖော်ထုတ်လုပ်မှုတွေမှာ စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့ ပါဝင်မှုကဏ္ဍကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ အထူးအရေးကြီးပါတယ်။ EITI လို့ခေါ်တဲ့ တွင်းထွက်ကဏ္ဍပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ် (Extractive Industries Transparency Initiative) ဟာ ပွင့်လင်းမြင်တာသမှု မြင့်တက်စေဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ မြန်မာပြည်တွင်း တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ နယ်ပယ်တော်တော်များများမှာ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ငွေကြေးအကျိုးအမြတ် ထုလိုက်ထည်လိုက်ရတဲ့ သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရှိနေပြန်ပါတယ်။ ဒီလိုလုပ်ငန်းတွေမှာလည်း စစ်စီးပွားရေးနဲ့ ကာလအတော်ကြာထိ ပူးတွဲချိတ်ဆက်နေတာကြောင့် ဘယ်ရင်းနှီးမြုပ်နှံမှုက တရားဝင်၊ ဘယ်ရင်းနှီးမြုပ်နှံမှုက တရားမဝင်ဘူးလဲဆိုတာကို ခွဲခွဲခြားခြား ပြနိုင်ဖို့ ခဲယဉ်းနေပါတယ်။ နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပြုစုတဲ့ သုတေသနအစီရင်ခံစာတွေမှာလည်း ဒီလိုကိစ္စရပ်မျိုးတွေမှာ စာရင်းအင်း အတိအကျ ဖော်ပြဖို့ ခက်ခဲကြောင်း ရေးသားတင်ပြကြပါတယ်။ မြန်မာပြည်တွင်းမှာ၊ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုတွေ ဘယ်၍ဘယ်မျှ ရှိနေပါပြီလဲ။ စဉ်းစားစရာဖြစ်ပါတယ်။

• အသွင်ကူးပြောင်းရေးကာလ၊ ၂၀၁၆ ခုနှစ်နောက်ပိုင်း ထပ်တိုးလာတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုတချို့ကို လေ့လာကြည့်ပါ။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ နဲ့ ၂၀၁၇ အတွင်း မြန်မာပြည်မှာ တရုတ်ရင်းနှီးမြုပ်နှံမှု ပမာဏ တဖြည်းဖြည်းတက်လာပါတယ်။ တရုတ် မြန်မာအကြားမှာ စီးပွားရေးစင်္ကြ ံပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်တယ်။ မူဆယ် – မန္တလေး ရထားလမ်းစီမံကိန်းဟာ အမေရိကန် ဒေါ်လာ ၈.၉ ဘီလီယံ ရင်းနှီးမြုပ်နှံမှု ပမာဏရှိပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရှိပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှု ပမာဏ ၁.၃ ဘီလီယံ ရှိပါတယ်။ တရုတ်ဟာ နိုင်ငံတော်နဲ့ ချိတ်ဆက်ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်သလိုပဲ စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ပေါင်းပြီး ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ကိုင်ပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာလည်း ခရိုနီစီးပွားရေးသမားတွေနဲ့ ချိတ်ဆက်ပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်ပါတယ်။ မြန်မာပြည်တွင်းက မြန်မာ အမည်ပေါက် တရုတ်တွေနဲ့ ချိတ်ဆက်ပြီးတော့ တရုတ်ရင်းနှီးမြုပ်နှံမှုကို ပြည်တွင်းကုမ္ပဏီအနေနဲ့ အသွင်ယူလုပ်ကိုင်နေတာတွေလည်း ရှိပါတယ်။ တစ်ဖက်မှာလည်း ငွေကြေးခဝါချမှုရှိတယ်။ မူးယစ်ဆေးဝါး လုပ်ငန်းကရတဲ့ ဝင်ငွေနဲ့ ငွေဖြူဖြစ်အောင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ လုပ်ကိုင်ကြတာလည်းတွေ့ရတယ်။ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ တရားမဝင် တရုတ်ရင်းနှီးမြုပ်နှံမှုစီးပွားရေးလုပ်ငန်းတွေဟာ လက်နက်ကိုင်တပ်စီးပွားရေးတွေနဲ့လည်း ချိတ်ဆက်နေပြန်ပါတယ်။ လက်နက်ကိုင်တပ်စီးပွားရေးတွေနဲ့ တရုတ်အကြားက အဓိကဆက်စပ်နေတဲ့ကဏ္ဍကတော့ သယံဇာတနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုတွေပဲ ဖြစ်ပါတယ်။ ကျောက်မျက် / သယံဇာတထွက်ရှိတဲ့ဒေသတွေဟာ မူးယစ်ဆေးဝါးသုံးစွဲမှုအမြင့်ဆုံး ဒေသ တွေဖြစ်တယ်ဆိုတာကို သုတေသနစာတမ်းတွေက ဖော်ပြပါတယ်။ ဥပမာ – ရွှေနဲ့ ကျောက်မျက် ထွက်ရှိရာ အများဆုံးဒေသတွေဖြစ်တဲ့ မြန်မာပြည်တွင်းက မြို့တွေဖြစ်တဲ့ ပင်လည်ဘူး၊ မိုးကုတ်၊ ဟုမ္မလင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်… စတဲ့မြို့တွေဟာ မူးယစ်ဆေးဝါး သုံးစွဲမှုအမြင့်ဆုံးဒေသ တွေဖြစ်တာတွေ့ရပါတယ်။

• Bertil Lintner ရဲ့ Burma in Revolt စာအုပ်မှာ၊ မြန်မာပြည်မှာ တိုးတက်တယ်လို့ ပြောနိုင်တာက ဘိန်းထုတ်လုပ်မှုပဲ လို့ ပြောပါတယ်။ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရစက မြန်မာပြည်မှာ ထွက်တဲ့ ဘိန်းပမာဏက တန်ချိန် (၃၀) ပဲ ရှိပါတယ်။ နောက် အနှစ် (၅၀) ကြာတဲ့အခါမှာ ဘိန်းထုတ်လုပ်မှုတန်ချိန်က ၂၅၀၀ ဖြစ်လာပါတယ်။ အဆပေါင်း ၈၀ ကျော်တိုးပွားလာတာပဲဖြစ်ပါတယ်။ အခုဆို မြန်မာပြည်လွတ်လပ်ရေးရတာ နှစ်ပေါင်း (၇၀) ကျော်ရှိနေပါပြီ။ လွတ်လပ်ရေးရအပြီး နှစ်ပေါင်း (၅၀) ကထက် ပိုလွန်များပြားတဲ့ ပမာဏမှာ ရှိနေနိုင်ပါတယ်။ အခုလက်ရှိမှာ၊ ဘိန်းထုတ်လုပ်မှုတန်ချိန် ဘယ်၍ ဘယ်မျှ ထွက်ရှိသလဲဆိုတာကို အတိအကျ တိုင်းတာလို့ မရနိုင်ပါ။ ဘိန်းအပြင်၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တွေပါ ကြီးထွားလာလို့ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ သတင်းတွေကို ကြည့်ရင်၊ ပိုင်ရှင်မဲ့ နာမည်တပ်ပြီး တန်နဲ့ချီတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု သတင်းတွေဟာ မကြာမကြာ ထွက်ပေါ်လာနေတာကို တွေ့ရပါလိမ့်မယ်။ ဘိန်းထွက်နှုန်းတိုးလာသလို၊ လူမျိုးစုလက်နက်ကိုင်တပ်တွေလည်း တိုးလာပါတယ်။ လူမျိုးစုလက်နက်ကိုင် ပဋိပက္ခ၊ ၊ ဘိန်းထုတ်လုပ်မှုနဲ့ စစ်တပ်ကြီးစိုးအုပ်ချုပ်မှုပုံစံတွေဟာ ဆက်စပ်နေပါတယ်။ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခနဲ့ အကျပ်အတည်းတွေ့ခဲ့ရတဲ့ မြန်မာစစ်အစိုးရဟာ လူမျိုးစုဒေသတွေမှာ အာဏာစက်ပျံ့နှံ့အောင် နည်းမျိုးစုံနဲ့ လုပ်ပါတယ်။ ဒါ့ကြောင့် နဝတအစိုးရလက်ထက်မှာပဲ လူမျိုးစုလက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီး ဘိန်းထုတ်လုပ်မှုတွေကို အတွင်းကြိတ်ခွင့်ပြုမှုတွေ လုပ်ပါတယ်။ သည့်နောက်ပိုင်းမှာ၊ မြန်မာပြည်ရဲ့ ဘိန်းထုတ်လုပ်မှုက အကြီးအကျယ်မြင့်မားလာပါတယ်။ ဆက်လက်ပြီးတော့ ဘာတေးလစ်တနာက သူ့စာအုပ်မှာ ထပ်မံတင်ပြတာရှိပါသေးတယ်။ ၁၉၈၈ ခုနှစ်၊ ၈၈ အရေးအခင်းနဲ့ မရှေးမနှောင်းမှာပဲ ကိုးကန့်တရုတ်နဲ့ “ဝ” တရုတ်တွေက တောတွင်းဗမာပြည်ကွန်မြူနစ်ပါတီကို အာဏာသိမ်းလိုက်ပါတယ်။ အာဏာသိမ်း “ဝ” ၊ ကိုးကန့်တရုတ်တွေနဲ့ မြန်မာစစ်အစိုးရဟာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး မဟာမိတ်လုပ်နိုင်ခဲ့တယ်။ မြန်မာ့နိုင်ငံရေး-စီးပွားရေးလောကကို ဘိန်းမှောင်ခိုတွေ တရားဝင် ဝင်ရောက်လာအောင် လမ်းခင်းပေးလိုက်တာဖြစ်ပြီး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ရပ်တည်လာကြတယ်လို့ ဘာတေးလစ်တနာက ဝေဖန်ပါတယ်။

• လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ပြီး လူမျိုးစုလက်နက်ကိုင်တွေကို စီးပွားရေးလုပ်ပိုင်ခွင့်ပေးလာပြီးနောက်ပိုင်း မှာ၊ မြန်မာပြည်စီးပွားရေးဟာ လက်နက်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာပါတယ်။ လက်နက်ကိုင်နောက်ကွယ်မှာ အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့်နောက်မှာ စီးပွားရေး အကျိုးအမြတ် ပါလာပါတယ်။ လူမျိုးစုလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ဟာ ဘိန်းထုတ်လုပ်မှုနဲ့ အကျိုးစီးပွားခြင်း တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီးတော့ ဆက်စပ်နေပါတယ်။ လက်နက်ကိုင်စီးပွားရေးနဲ့ ဘိန်းထုတ်လုပ်ရေးမှာ ဦးဆောင်တဲ့ တရုတ်တွေအကြား အကြောင်းတရားတွေဟာ ဘယ်လို ဆက်စပ်နေပါသလဲ။

ကျိန်စာလော ၊ ထောင်ချောက်လော

• ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ဒေသဟာ မြန်မာနိုင်ငံ၊ ဖားကန့်မြို့မှာ တည်ရှိပါတယ်။ ကျောက်စိမ်းတူးဖော်မှုတွေမှာ နိုင်ငံတော်က ပါဝင်သလို၊ စစ်အရာရှိပိုင် ကုမ္ပဏီတွေလည်း အမြောက်အမြားပါဝင်နေပါတယ်။ ထိုနည်းလည်းကောင်းပဲ လက်နက်ကိုင်လူမျိုးစုတပ်နဲ့ စစ်တပ်က ခွင့်ပြုထားတဲ့ တရုတ်ကုမ္ပဏီတွေလည်း အမြောက်အမြား တူးဖော်ခွင့်ရကြပါတယ်။ မြန်မာ ခရိုနီစီးပွားရေးသမားတွေကလည်း ကျောက်မျက်ကုမ္ပဏီတွေ တည်ထောင်ပြီး တူးဖော်ကြပါတယ်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသဟာ မြန်မာပြည်တွင်းမှာ ဘိန်းသုံးစွဲမှု အမြင့်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ ဘိန်းထုတ်လုပ်မှု၊ ကျောက်စိမ်းတူးဖော်ရေး၊ တရုတ်ကုမ္ပဏီတွေ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်တပ်အကျိုးစီးပွားတွေဟာ ဒွေးရောယှက်တင်ဖြစ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုး သဘောတူညီမှုတွေမှာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခွင့်တွေပါ ပါဝင်နေတယ် လို့ ပညာရှင်ပိုင်းက သုံးသပ်ကြပါတယ်။ တရုတ်မြန်မာနယ်စပ်တစ်လျှောက်မှာ လက်နက်ကိုင်လူမျိုးစုတပ်တွေနဲ့ စစ်တပ်ရင်းတွေက အသီးသီး နေရာယူထားကြပါတယ်။ ဘိန်းရောင်းဝယ်ဖောက်ကားမှုတွေကို နယ်မြေအာဏာပိုင်တွေနဲ့ ပေါင်းပြီး လုပ်ကိုင်ပါတယ်။ ရလာတဲ့ငွေကြေးအကျိုးအမြတ်တွေကို မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်လုပ်ကိုင်ပါတယ်။ တရားမဝင်စီးပွားရေးတွေက ရတဲ့ငွေလုံးငွေရင်းတွေက မြန်မာပြည်တွင်းကို ဝင်လာသလို၊ တရုတ်ရွေ့ပြောင်းလုပ်သားတွေကလည်း တရားဝင်ရော၊ တရားမဝင်ပါ ဝင်ရောက်လာပါတယ်။ မြန်မာပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တရုတ်အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်မှုများပြား လာပါတယ်။ မြို့သစ်စီမံကိန်းနဲ့ စက်မှုဇုံတွေ တွဲပြီး တရုတ် စက်ရုံတွေ လာရောက်တည်ထောင်ကြတယ်။ တရုတ်စက်ရုံတွေမှာ တရားမဝင် တရုတ်လုပ်သားတွေ မြန်မာပြည်တွင်းကို လာရောက်လုပ်ကိုင်ပါတယ်။ တရုတ်လုပ်သားဝင်ရောက်မှုဟာ နယ်စပ်ဒေသက မြို့တွေတင်မက မြန်မာပြည်တွင်းက မြို့ကြီးတွေမှာပါ ဝင်ရောက်လာတာကို တွေ့ရပါတယ်။ တရုတ်နယ်စပ်နဲ့နီးတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေမှာ တရုတ်ဝင်ရောက်မှု ကြီးထွားလာသလို၊ ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာလည်း တရုတ်ဝင်ရောက်မှု များပြားပါတယ်။ ဒီလိုအချက်တွေကို ကြည့်ရင်၊ လက်ရှိမြန်မာပြည်တွင်းမှာ တရုတ်အရင်းအနှီးတွေပဲ ဝင်နေတာ မဟုတ်ပါဘူး။ တရုတ်လုပ်သားတွေလည်း ဝင်ရောက်နေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်နေတဲ့ တရုတ်လုပ်သားတွေ များပြားလာခြင်းဟာ၊ ခြစားမှု လာဘ်စားမှုနဲ့ တရားဥပေဒ အသက်ဝင်မှု အားနည်းခြင်းတွေကြောင့်ဖြစ်ပါတယ်။

• ပုဂ္ဂလိကကဏ္ဍမှာလည်း၊ တရုတ်ရင်းနှီးမြုပ်နှံမှုနဲ့ ဝင်လာတဲ့ စက်ရုံအလုပ်ရုံတွေ အမြောက်အမြားရှိလာပါတယ်။ တရုတ်ပိုင် စက်ရုံအလုပ်ရုံတွေက နိုင်ငံတော်ရဲ့ပံ့ပိုးထောက်ပံ့မှုအများအပြားရပါတယ်။ တရုတ်စက်ရုံတွေအတွက် နိုင်ငံတော်က အခွန်နှုန်းထား လျော့ပေါ့ပေးတယ်။ မြေသုံးစွဲပိုင်ခွင့်ကို အကြွေးစနစ်နဲ့ သုံးစွဲခွင့် ရကြတယ်။ ချည်ထည်လုပ်ငန်းတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ တရုတ်ကုမ္ပဏီတွေ မြန်မာပြည်တွင်းကို အလုံးအရင်း ဝင်လာကြတယ်။ အလုပ်သမားဈေးပေါတဲ့အတွက် မြန်မာပြည်မှာ တရုတ်အထည်ချုပ်စက်ရုံတွေ အလုပ်ဖြစ်ကြတယ်။ အလုပ်ချိန်သတ်မှတ်မှုနဲ့ပတ်သက်ပြီးတော့ တရုတ်စက်ရုံ လုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်သားတွေအကြား အငြင်းပွားမှုတွေလည်းဖြစ်လာတယ်။ လုပ်ခလစာ၊ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိတယ်။ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာ အလုပ်သမားတွေအကြား မမျှတမှုတွေ ရှိနေပေမယ့် တရုတ်ရင်းနှီးမြုပ်နှံမှုတွေက ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ တဖြည်းဖြည်း တိုးလာနေဆဲဖြစ်ပါတယ်။

• လက်ရှိမြန်မာပြည်မှာ၊ နိုင်ငံတကာ ကြွေးမှီ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရှိနေပါတယ်။ အဲသည့်အထဲက တရုတ်ဆီမှာ တင်နေတဲ့ ကြွေးမှီပမာဏဟာ ၄၀ % ရှိပါတယ်။ ၂၀၁၆ – ၁၇ ကုန်သွယ်ရေးနှစ်မှာ၊ တရုတ် မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀.၈ ဘီလီယံအထိ ရှိလာပါတယ်။ ဒီကိန်းဂဏန်းဟာ တရားဝင်ဖော်ပြချက်ဖြစ်ပါတယ်။ စာရင်းမပေါက်တဲ့ ကုန်သွယ်ရေးတန်ဖိုး ပမာဏမပါဝင်ပါဘူး။ ပြည်တွင်း ပြည်ပ မီဒီယာနဲ့ ပညာရှင်အုပ်စုတွေကတော့၊ မြန်မာပြည်မှာ အရပ်သားအစိုးရလက်ထက်အတွင်း အသစ်ရေးထိုးလိုက်တဲ့ စီမံကိန်းတွေအပေါ်မှာ တရုတ်ရဲ့ ကြွေးမှီထောင်ချောက်ထဲ ဝင်နိုင်မယ့်အလားအလာတွေ ရှိနေကြောင်း သတိပေးကြပါတယ်။ အထူးသဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို သီရိလင်္ကာနိုင်ငံက ဟန်ဘန်တိုတာ ဆိပ်ကမ်းလို အကြွေးနွံမနစ်စေဖို့ သတိပေးပြောကြားတာတွေ ရှိပါတယ်။ တရုတ်ရင်းနှီးမြုပ်နှံမှုပုံစံတွေရဲ့ ထူးခြားချက်ရှိပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေကို တိုင်းတာပြီးမှ ရင်းနှီးမြုပ်နှံလေ့ရှိပါတယ်။ သို့ပေမယ့် လက်ရှိ မြန်မာပြည်မှာ တွေ့နေရတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုပုံစံက ဒီလို မဟုတ်ပါဘူး။ သာဓက တချို့ကို ထုတ်ပြချင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေကို ကြည့်ပါ။ ကျောက်ဖြူမှာ အထူးစီးပွားရေးဇုန်အဖြစ် တိုးချဲ့လာတဲ့အပြင် ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းပါ ပါဝင်နေပါတယ်။ ထိုနည်းလည်းကောင်းပဲ ဟိုးယခင်ကတည်းက တည်ဆောက်ပြီးစီးပြီးဖြစ်တဲ့ ကျောက်ဖြူ ကူမင်း ရေနံပိုက်လိုင်းရှိပါတယ်။ မြန်မာပြည်တွင်းကို ကန့်လန့်ဖြတ် ဖြတ်ဖြတ်သွားတဲ့ ရေနံပိုက်လိုင်း ဖြတ်သန်းရာ ဒေသတစ်လျှောက်ဟာ လက်နက်ကိုင်အင်အားစုတွေနဲ့ စစ်ဖြစ်ပွားရာနေရာ ဒေသတွေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဆိုရင်လည်း လူမျိုးစုပဋိပက္ခနဲ့ ဘင်္ဂါလီ လူမျိုးစုအရေး ပြဿနာတွေနဲ့ အေးချမ်းတည်ငြိမ်မှု မရှိတဲ့ ဒေသဖြစ်ပါတယ်။ သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ကချင်ပြည်နယ်က စီမံကိန်း (၂) ခုကိုလည်း လေ့လာကြည့်စေလိုပါတယ်။ ယခင် စစ်အစိုးရလက်ထက်ကတည်းက ရင်းနှီးမြုပ်နှံထားပြီးဖြစ်တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပါအဝင် ယခု ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့အနီးနားမှာ တည်ဆောက်မယ့် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန်စီမံကိန်းတို့ပဲဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းက စီမံကိန်းတည်နေရာတွေဟာ လူမျိုးစုလက်နက်ကိုင်နဲ့ စစ်တပ်အကြားမှာ လုပ်ပိုင်ခွင့်အာဏာစက်ချင်း ထပ်နေတဲ့ နေရာဒေသဖြစ်ပါတယ်။ ကေအိုင်အေရဲ့ လွှမ်းမိုးမှုဩဇာပျံ့နှံ့တဲ့နယ်မြေလည်းဖြစ်ပါတယ်။ ရခိုင်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ထူးခြားချက်က၊ လက်နက်ကိုင်ပဋိပက္ခနဲ့ လူမျိုးစုပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အကြားက တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေဟာ အစဉ်တစိုက် ဆက်လက်အကောင်အထည်ဖော်နိုင်တာ တွေ့ရပါတယ်။ ဒေသတွင်းပြည်သူလူထုတွေ စစ်ဘေး စစ်ဒဏ်ခံနေရပေမယ့် တရုတ်စီမံကိန်းနယ်မြေတွေမှာ ဘေးကင်းရန်ပဖြစ်နေတာ တွေ့ရပါတယ်။ တရုတ်အနေနဲ့လည်း ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိတာကို လျစ်လျှူရှုပြီး ရင်းနှီးမြုပ်နှံမှုတွေကို ထပ်တိုးလုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒီအချက်ဟာ ထူးခြားပါတယ်။ တရုတ်အနေနဲ့ ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးတဲ့ ဒေသတွေမှာ ဘယ်လိုနည်းနဲ့ တရုတ်စီမံကိန်းတွေကို အစဉ်တစိုက် အကောင်အထည်ဖော် ရှေ့တိုးလုပ်ဆောင်နိုင်နေတာလဲ။

• လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုချက်တွေမှာ၊ လူမျိုးစုလက်နက်ကိုင်တပ်တွေရဲ့ ရပ်တည်မှုဟာ တရုတ်အထောက်အပံ့မကင်းဘူးလို့ ပြောကြပါတယ်။ ထိုနည်းလည်းကောင်းပဲ ကေအိုင်အေနဲ့ အေအေတို့လို လူမျိုးစုလက်နက်ကိုင်တပ်တွေကို တရုတ်က စစ်ရေးထောက်ပံ့မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တရုတ်ဩဇာလွှမ်းမိုးမှု ရှိတယ်ဆိုတဲ့ သာဓကတွေကို တွေ့ရပါတယ်။ တရုတ်အနေနဲ့ ဒေသတွင်းမှာ ပဋိပက္ခတွေ မငြိမ်းချမ်းသေးပေမယ့် တရုတ်စီးပွားရေးအကျိုးအမြတ်ချဲ့ထွင်တာတွေကို အနှောက်အယှက်မရှိ အေးအေးသက်သာ လုပ်ကိုင်နိုင်တာ ဘာ့ကြောင့်ပါလဲ။ အကြောင်းတရားကတော့ စစ်စီးပွားရေးနဲ့ ချိတ်ဆက်နေနိုင်ပါတယ်။ လက်နက်ကိုင်တပ်စီးပွားရေးနဲ့ ချိတ်ဆက်နေနိုင်ပါတယ်။ တရုတ်ဟာ မြန်မာစစ်တပ်ကိုလည်း ရင်ခွင်ပိုက်အနေနဲ့ ထားတားနိုင်ပြီး လူမျိုးစုလက်နက်ကိုင်တပ်တွေကိုလည်း ကြိုးဆွဲနိုင်အောင် ဩဇာလွှမ်းမိုးထားနိုင်ပါတယ်။ တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်တွင်း ပဋိပက္ခတွေကို မမှုဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ ဆက်လက်တိုးမြင့်နေဆဲဖြစ်ပါတယ်။ ဒီအချက်ကို ထောက်ရှုပြီး ကြည့်ရင်၊ တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ ပဋိပက္ခတွေနဲ့ ဆက်စပ်နေသလားဆိုတာ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ပဋိပက္ခကြောင့် အကျိုးစီးပွားတွေ ရနေရင်၊ ပဋိပက္ခတွေကို ပိုလို့ တိုးလာစေချင်ပါတယ်။ ပဋိပက္ခတွေထဲကိုလည်း ပိုလို့ တိုးဝင်ချင်ကြပါတယ်။ ပဋိပက္ခကြောင့် အကျိုးအမြတ်ရနေရင်၊ ပဋိပက္ခတွေကို မကြောက်ဘူး။ ပဋိပက္ခတွေကို မမှုဘူး။ ပဋိပက္ခတွေ မရှိရင်တောင်၊ ပဋိပက္ခတွေကို မွေးမြူနေမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အကျိုးအမြတ်တွေဟာ ပဋိပက္ခတွေရဲ့ ကျေးဇူးပြုမှုနဲ့ အသက်ဆက်နေရတာကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်တွင်းက ပဋိပက္ခတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဘယ်နည်းဘယ်ပုံ ဆက်စပ်နေပါသလဲ။ စဉ်းစားစရာဖြစ်ပါတယ်။

• စစ်စီးပွားရေး

• စစ်စီးပွားရေးလို့ ပြောရင် စစ်ကြောင့် ဖြစ်တဲ့ စီးပွားရေးတွေအပါအဝင် စစ်ကိုပြုနိုင်တဲ့ လက်နက်ကိုင်တပ်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ညွှန်းဆိုပါတယ်။ ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ ပဋိပက္ခကြောင့် အကျိုးအမြတ်ရနေတဲ့ စစ်စီးပွားရေး လုပ်ငန်းတွေ ရှိနိုင်ပါတယ်။ သယံဇာတတူးဖော်ထုတ်လုပ်ရေးတွေမှာ၊ တရားဝင် တူးဖော်ထုတ်လုပ်ရောင်းချခြင်းထက် တရားမဝင် တူးဖော်ထုတ်လုပ်ရောင်းချခြင်းက အကျိုးအမြတ် ပိုရပါတယ်။ ဥပမာ – ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ကြည့်ပါ။ တရားဝင် ဥပဒေဘောင်တွင်းက တူးဖော်ရင် စည်းမျဉ်းဥပေဒကို လိုက်နာရမယ်၊ ကျသင့်တဲ့အခွန်အခကို ဆောင်ရမယ်၊ စစ်ဆေးကြီးကြပ်မှုတွေ ရှိလို့ ကုန်ကျစရိတ်ဟာ မှောင်ခိုတူးဖော်တာထက် ပိုများပြားတယ်။ စနစ်တကျ တူးဖော်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိ လုပ်ကိုင်ရင် ငွေကြေးအရင်းအနှီးပိုကုန်ကျမယ်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့၊ ကော်ပိုရိတ်လူမှုတာဝန်တွေကို ယူရတာဖြစ်လို့ ကုန်ကျစာရိတ်များတယ်။ အခက်အခဲတွေ ရှိတယ်။ ဥပဒေစည်းမျဉ်း မလိုက်နာရင် အရေးယူဒဏ်ခတ်ခံရတာတွေ ရှိနိုင်တယ်။ တရားမဝင် တူးဖော်ထုတ်လုပ်ရောင်းချရင် အခွန်လည်း လျော့ပေါ့တယ်၊ အောက်ဈေးနဲ့လည်း ဝယ်ယူနိုင်တယ်။ တူးဖော်ထုတ်လုပ်မှုတွေမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအပေါ်လည်း တာဝန်ယူစရာ မလိုဘူး၊ ရင်းနှီးမြုပ်နှံမှု အနည်းအကျဉ်းနဲ့ အကျိုးအမြတ် အများကြီး ရနိုင်တယ်။ ဥပဒေစည်းမျဉ်းဆိုတာကိုလည်း လိုသလို ကျော်လို့ရတယ်။ ဒါ့ကြောင့် ကျောက်စိမ်းတူးဖော်မှုလို လုပ်ငန်းမျိုးတွေမှာ တည်ငြိမ်းအေးချမ်းပြီး ဥပဒေဘောင်အတွင်းမှာ ရှိနေခြင်းထက် ဥပဒေဘောင်ပြင်ပမှာ ရှိနေခြင်းက ပတ်သက်ဆက်နွှယ်သူတွေကို အကျိုးအမြတ် ပိုရစေတယ်။ မြန်မာပြည်အတွက် သယံဇာတကျိန်စာသင့်မှုဖြစ်ပေမယ့်၊ တရုတ်ကုမ္ပဏီတွေ၊ ခရိုနီနဲ့ စစ်စီးပွားရေးတွေအတွက် ကြီးစွာသော အကျိုးအမြတ်တွေ ရနေပါတယ်။ ဒါဟာ ပဋိပက္ခကြောင့် အကျိုးအမြတ်ရနေတဲ့ သာဓကဖြစ်ပါတယ်။

• လူမျိုးစုလက်နက်ကိုင်တွေဟာ တပ်ရံပုံငွေအတွက် ဘယ်လိုရကြပါသလဲ။ လက်နက်ခဲယမ်းမီးကျောက်ကို ဘယ်ကနေရတဲ့ ငွေနဲ့ ဝယ်ယူရပ်တည်ရှင်သန်ကြပါသလဲ။ လူမျိုးစုလက်နက်ကိုင်တွေကို စစ်ရေးထောက်ပံမှုတွေ ရှိနေတဲ့ တရုတ်ဟာ လူမျိုးစုလက်နက်ကိုင်တွေအပေါ်မှာ ဩဇာလွှမ်းမိုးမှုရှိပါတယ်။ ဒါ့ကြောင့် မြန်မာပြည် ငြိမ်းချမ်းရေးလည်း တရုတ်ဩဇာ လွှမ်းမိုးတယ်။ လူမျိုးစုဒေသတွင်းက တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာလည်း အေးအေးသက်သာပြီး ရှင်သန်ခွင့်ရနေပါတယ်။ တစ်ဖက်မှာလည်း ဒေသတွင်း အာဏာသက်ရောက်တဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေက အခွန်အခအတွက် ဘိန်းရောင်းဝယ်ဖောက်ကားမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုတွေကို ခွင့်ပြုထားပါတယ်။ ဘိန်းလုပ်ငန်းကနေရတဲ့ အခွန်အခတွေဟာ လူမျိုးစုလက်နက်ကိုင်တွေအတွက် ငွေကြေးအရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ ယခင် တောတွင်း ဗမာပြည်ကွန်မြူနစ်ပါတီကလည်း လက်နက်ကိုင်တိုက်ပွဲ အသက်ဆက်ဖို့၊ မလွှဲမရှောင်သာ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘိန်းရောင်းဝယ်ဖောက်ကားမှုကို တရားဝင်ခွင့်ပြုပေးခဲ့တာ ရှိခဲ့ဖူးပါတယ်။ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဘိန်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကရတဲ့ ငွေကြေးတွေဟာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်နေပါတယ်။ တရုတ်ကုမ္ပဏီတွေထဲမှာလည်း ဘိန်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကရတဲ့ ငွေတွေနဲ့ ပြည်တွင်းမှာ လာရောက်ရင်းနှီးမြုပ်နှံတာတွေ မရှိနိုင်ဘူးလား။ ဒါဟာ စဉ်းစားစရာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့စီးပွားရေးဟာ တရုတ်ငွေမည်းတွေကို ငွေကြေးခဝါချပြီး ငွေဖြူဖြစ်အောင်လုပ်ဖို့အတွက် အကောင်းဆုံး အကွက်အကွင်းလား။ ထပ်မံလေ့လာရမှာဖြစ်ပါတယ်။

• လက်ရှိ မြန်မာစစ်တပ်ဟာ စစ်အသုံးစာရိတ်ကို ဘယ်နေရာကနေ ရပါသလဲ။ နိုင်ငံတော်ရဲ့အသုံးစာရိတ်ထဲက ၁၅ % ကျော်ဟာ စစ်ရေးအသုံးစာရိတ်ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူတွေကတော့ ဒီပမာဏထက် များနိုင်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ စစ်ရေးအသုံးစာရိတ်ကို အစိုးရရဲ့ နှစ်စဉ်အသုံးစာရိတ်ထဲကနေ ရရှိသလို၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေထဲကနေလည်း ရရှိပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လို ကုမ္ပဏီတွေဟာ စစ်တပ်ပိုင်ကုမ္ပဏီတွေဖြစ်ပါတယ်။ ဦးပိုင်ကနေ ရတဲ့ စီးပွားရေးအကျိုးအမြတ်တွေဟာ စစ်တပ်ဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့အတွက် အသုံးစာရိတ်တွေ ဖြစ်သွားပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ မြန်မာ့စီးပွားရေးကော်ပိုရှင်းကလည်း အလားတူဖြစ်ပါတယ်။ စစ်အစိုးရစနစ်ကနေ ဆင်းသက်လာတဲ့ မြန်မာပြည်မှာ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ရှိတာ မဆန်းပါဘူး။ စစ်တပ်ဟာ နိုင်ငံတော်ကိုလည်း မမှီခိုဘူး၊ ပြည်သူ့အခွန်ဘဏ္ဍာကိုလည်း မမှီခိုဘဲနဲ့ တစ်ဦးတည်း သီးခြား ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ရပ်တည်မယ်ဆိုတဲ့ ပုံစံနဲ့ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေမှာ စစ်အစိုးရလက်အောက်ရောက်ခဲ့တဲ့ တိုင်းပြည်တွေမှာ ဒီလိုသာဓကတွေ ရှိပါတယ်။ ဘီဘီစီရဲ့ အင်တာဗျူးမှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူရဲ့ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကတော့ မြန်မာစစ်တပ်ဟာ အင်ဒိုနီးရှားစစ်တပ်ရဲ့ ပုံစံကို ယူခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာလည်း စစ်တပ်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး တပ်ပိုင်စီးပွားရေးတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှ၊ တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်ပိုင်အဖြစ် ပြုလုပ်ဖို့ အတော်ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ ပြည်သူနဲ့ နိုင်ငံတော်အပေါ်မှာ အမှီအခိုနည်းအောင်၊ လွတ်လပ်စွာ သီးခြားရပ်တည်နိုင်အောင် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ စစ်အသုံးစာရိတ်အတွက် တပ်ကိုယ်တိုင် ရှာဖွေတဲ့ အရင်းအနှီးတွေ၊ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဖြစ်လာတဲ့ကိစ္စတစ်ခုကတော့၊ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာရထားတဲ့ စစ်ဗိုလ်တွေဟာ ကိုယ်ပိုင်ကုမ္ပဏီတွေကို အမည်ဝှက်တွေနဲ့ ပိုင်ဆိုင်ထားကြတယ်။ ကျောက်စိမ်းလို ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ အပြင် အခြားအခြားသော စီးပွားရေးကဏ္ဍတွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ မြေသိမ်းယာသိမ်းပြဿနာ အများဆုံးကြုံရတဲ့အဓိက အကြောင်း (၃) ရပ်ကတော့၊ စစ်တပ်ရဲ့ မြေသိမ်းယာသိမ်းမှုတွေ၊ တရုတ်စီမံကိန်းတွေကြောင့် ကြုံရတဲ့ မြေသိမ်းယာသိမ်း/ မြေယာပြဿနာတွေနဲ့ ခရိုနီစီးပွားရေးသမားတွေ ကြောင့် ကြုံရတဲ့ မြေသိမ်းယာသိမ်းပြဿနာတွေပဲဖြစ်ပါတယ်။ မြန်မာပြည်တွင်းက အကျိုးစီးပွား ပဋိပက္ခတွေဟာ အကြောင်းတစ်ခုတည်းကြောင့်ဖြစ်တာ မဟုတ်ဘဲ အကြောင်းပေါင်းစုံပြီးဖြစ်နေပါတယ်။ အကျိုးစီးပွားရဖို့ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့သူတွေဟာ တစ်ယောက်ကို တစ်ယောက် ချည်ပတ်တုပ်ထားကြပါတယ်။ တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ ပဋိပက္ခတွေကြားမှာပဲ ဆက်လက်ကြီးထွားနေပါတယ်။ ဒီနေရာမှာ စဉ်းစားဖို့က မြန်မာပြည်အတွက် တရုတ်အရင်းအနှီးတွေဟာ နိုင်ငံ့စီးပွားရေးအတွက် အကျိုးဖြစ်ထွန်းပါသလား။ အကျိုးထက် အပြစ် ဘယ်အရာက ပိုများနိုင်ပါသလဲ။ တရုတ်အရင်းအနှီးတွေကို ဘယ်လို နည်းနဲ့ ဝင်ခွင့်ပြုနေသလဲ။ တရုတ်အရင်းအနှီးတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။ တရုတ်ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်အတွက် ထွက်ပေါက်လား၊ ထောင်ချောက်လား။

နိဂုံးကောက်ချက်

• မြန်မာဟာ တရုတ်နဲ့ ပထဝီနိုင်ငံရေး ဆက်ဆံမှုက အားကြီးတယ်။ ပြင်းထန်တယ်။ ယခင် ဆင်းရဲနေတဲ့ တရုတ်က မြန်မာပြည်အပေါ် ဩဇာလွှမ်းမိုးမှု တစ်စုံတစ်ရာရှိနေခဲ့ပေမယ့်၊ လက်ရှိအခြေအနေနဲ့တော့ မတူပါ။ အခု တရုတ်ဟာ ပိုချမ်းသာလာသလို၊ ပိုပြီး လက်တံရှည်လာတယ်။ ကမ္ဘာမှာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ ထိုးဖောက်ခြေဆန့်လာနိုင်တာတွေ မြောက်များစွာ ရှိနေပြီ။ တရုတ်နဲ့ အနီးကပ်ရှိနေတဲ့မြန်မာအဖို့ မလွန်ဆန်နိုင်တဲ့ ပဋိပက္ခရေးရာ ပြုပြင်စီရင်ခံရမှုတွေ ရှိတယ်။ စီးပွားရေး အရ ဖောက်ထွက်ရွေးချယ်ဖို့ ခက်တဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်တွေ ရှိတယ်။ အဆိုးထဲက အဆိုးအနည်းဆုံးကို ရွေးချယ်ရသလိုဖြစ်နေတယ်။ အကျိုးစီးပွားဆုပ်ကိုင်မှု တင်းကျပ်ကြီးမားတဲ့ မြန်မာ့စစ်စီးပွားရေးကိစ္စ ဟာ ပြည်သူ့အကျိုးစီးပွားအဖြစ် ပြောင်းလဲဖို့ ခက်ပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ တရုတ်ရဲ့ ပါဝင်ပတ် သက်မှုနဲ့ အကျိုးစီးပွားချင်း အပြန်အလှန်အမှီသဟဲပြုမှုဟာ လက်နက်ကိုင်တပ်ခေါင်းဆောင်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအကြားမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တုပ်ချည်ပတ်နှောင်ထားတယ်။ ဒီဖြစ်ရပ်ဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမယ့်ကိစ္စဖြစ်နေ တယ်။ မြန်မာပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကို ဇာတ်သိမ်းလို့ မရသေးဘူး။ နိဂုံးချုပ်လို့ မရသေးဘူး။ ကျောက်မျက်ကဏ္ဍလို သယံဇာတတူးဖော်ထုတ်လုပ်မှု စစ်စီးပွားရေးနဲ့ တရုတ်စီးပွားရေး တွေဟာ အကျိုးစီးပွားများစွာ ရှိတယ်။ ဆက်စပ်ပြီးတော့ ဘိန်းထုတ်လုပ်ရောင်းချရေးနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာ စစ်စီးပွားရေးနဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုတွေအကြားမှာ ပလဲပနံသင့်နေတယ်။ မြန်မာ ပြည်ရဲ့ လူမှုစီးပွားအခြေအနေဟာ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ပျက်ပြားလာနေပါတယ်။ နိုင်ငံတကာ ကြိုးကိုင်ချုပ်လှယ်မှုတွေဟာ ပါဝါအပျော့သုံးတဲ့နည်းနဲ့ များစွာ ရှိနေသလို၊ အနီးကပ်ဆုံး တရုတ်နိုင်ငံရဲ့ လက်ဆုပ်လက်ကိုင်ရှိမှုထဲက ရုန်းမထွက်နိုင်သေးဘူး။ တရုတ် ဗဟိုအစိုးရရဲ့ မဟာဗျူဟာ ကစားကွက် ထွင်မှုတွေကို မြန်မာပြည်က ခံနေရသလို၊ မြန်မာနယ်စပ်နဲ့ နီးကပ်နေတဲ့ တရုတ်ပြည်နယ်အစိုးရတွေနဲ့ တရုတ်ကုန်သည်စီးပွားရေးသမားတွေရဲ့ ချယ်လှယ်ခံနေရမှုကလည်း လွတ်ကင်း မနေဘူး။ မြန်မာပြည် အတွက်တော့ စစ်စီးပွားရေးအကျိုးအမြတ်နဲ့ တရုတ်အကျိုးစီးပွားအတွက် ခေါင်းခံပေးရမှုမှာ၊ တဖြည်း ဖြည်းနဲ့ နှစ်မြုပ်ပျက်ပြားနိုင်ချေမြင့်မားမှုမှာ ရှိနေဆဲဖြစ်ပါတယ်။

မင်းသေ့
၇ ၊ ၇ ၊ ၂၀၂၀။

ကိုးကား

• Burma in Revolt: Opium and Insurgency Since 1948, Bertil Litner, 1999

• China Investment in Myanmar, Khine Win, A study of Chinese Capital flows to Eight Countries, CIPE, 2019, December

• Chinese Investments in Myanmar, A Scoping Study, Global Environmental institute, Christopher Dunn, Lin Ji and Kui Peng, 2016

• Gilded Gatekeepers: Myanmar’s State-Owned Oil, Gas and Mining Enterprises, Patrick R. P. Heller and Lorenzo Delesgues, NRGI, 2016 Jan

• Modern China-Myanmar Relation, Dilemma of Mutual Dependence, David I. Steinberg and HongweI Fan, Nordic Institute of Asian Sudies, 2012

• Sharing the Wealth: A Roadmap for Distributing Myanmar’s Natural Resource Revenues Andrew Bauer, Paul Shortell and Lorenzo Delesgues, NRGI, 2016 Feb

• The Rise and Fall of the Communist Part of Burma (CPB), Bertil Lintner, Issue 6 of Southeast Asia Program Series, Cornell University, 1990

• Jade: Myanmar’s “Big State Secret”, Global Witness, 2015 October

မှတ်စု

တရုတ် – မြန်မာ (၂) နိုင်ငံကြား ကျောက်ဖြူစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းအပါအဝင် သဘောတူညီချက် (၃၃) ခု လက်မှတ်ထိုး
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၈

တရုတ်-မြန်မာ၂နိုင်ငံကြား ကျောက်ဖြူစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းအပါအဝင် သဘောတူညီချက် ၃၃ခုကို လက်မှတ်ထိုးခဲ့ပြီး အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁) ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနအား လွှဲပြောင်းခြင်းစာလွှာ
၂) မန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် ၆ စီး ပေးအပ်ရေး လဲလှယ်မှုစာလွှာ
၃) ၃ နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ချေလေ့လာမှုဆိုင်ရာ လဲလှယ်မှုစာချွန်လွှာ
၄) တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်
၅) ၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားသီတင်းပတ်၏ မြန်မာနေ့ ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
၆) မြန်မာနိုင်ငံမှ ဆန်ကိုတရုတ်နိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်
၇) မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်သော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်
၈) မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲ၊နွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်
၉) စိုက်ပျိုးရေးထွက်ကုန်များ၏ အ‌ရည်အသွေးထိန်းချုပ်မှု ဗဟိုဌာန စီမံကိန်းဆိုင်ရာ စာလွှာ
၁၀) စပ်မျိုးစပါး သုတေသန ဗဟိုဌာန စီမံကိန်းဆိုင်ရာ စာလွှာ
၁၁) အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေးသဘောတူစာချုပ်
၁၂) ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ
၁၃) ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၄) အမှတ် – ၂ စက်မှုသင်တန်းကျောင်း မန္တလေး အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်
၁၅) ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၆) အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ
၁၇) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ
၁၈) ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး စီမံကိန်းဖြစ်နိုင်ချေ လေ့လာမှုဆိုင်ရာစာလွှာ
၁၉) ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်
၂၀) နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန်ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်
၂၁) နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
၂၂) မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ချေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ
၂၃) မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့်ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်‌ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ
၂၄) တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာနားလည်မှု စာချွန်လွှာ
၂၅) ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
၂၆) ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာ
၂၇) မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့စီးပွားရေးစြင်္ကံပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ
၂၈) နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
၂၉) ကွမ်းလုံတံတားစီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်
၃၀) ရန်ကုန်မြစ်ဝအနောက်ဖက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
၃၁) မန္တလေး-ပုဂံရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွန်လွှာ
၃၂) မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာ
၃၃) “ဝ” တစ်လုံးဥမင်လှိုဏ်ခေါင်း စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

Previous post ▄ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် သို့ /
Next post ဒီမိုကရေစီ လူ့ဘောင်သို့