▄ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် သို့ /

(၂၀၂၀ လွန်အခင်းအကျင်းအတွက်၊ ၂၀၁၉ တုန်းက ရေးသားချက်မှတ်တမ်းတစ်ခု)

သီအိုရီအရက နိုင်သူအကုန်ယူစနစ် (FPTP) နဲ့ ပါတီစုံစနစ် (Multi-party System) ကို ကျင့်သုံးရင် နှစ်ပါတီ ကြီးစိုးတဲ့စနစ် (Two partry dominant System) ဖြစ်တတ်တယ်။ နှစ်ပါတီကြီးစိုးတဲ့စနစ်မှာ အားသာချက် တွေ ရှိသလို၊ အားနည်းချက်တွေ လည်း ရှိတယ်။ မြန်မာပြည်လို နိုင်ငံမျိုးမှာ လူမျိုးစုငယ်တွေ များတယ်။ လူနည်းစုတွေလည်း ရှိတယ်။ ဗမာလူမျိုးတွေနဲ့ မတိမ်းမယိမ်း အင်အားကြီးတဲ့ ရှမ်းလူမျိုးတွေလို လူမျိုးကြီး တွေလည်း ရှိတယ်။ ဒါ့ကြောင့် မြန်မာပြည်မှာ လူမျိုးစုအခွင့်အရေးကို အပြည့်အဝ ရနိုင်ဖို့အတွက် အထွေထွေ ရွေးကောက် ပွဲတွေမှာ နှစ်ပါတီကြီးစိုးတဲ့စနစ်ပဲဖြစ်လို့ မရဘူး။

လူမျိုးစုပါတီတွေ အားကောင်းမှ ဖြစ်မယ်။ လူမျိုးစုပါတီတွေ အားကောင်းခြင်းဟာ ဒီမိုကရေစီစနစ်အတွက် အလားအလာကောင်းသလို၊ ဖက်ဒရယ်လို စနစ်မျိုးအတွက်လည်း အထောက်အပံ့ဖြစ်စေတယ်။ ဒါ့ကြောင့် လူမျိုးစုပါတီကြီး တစ်ခုဖြစ်တဲ့ SNLD လို ပါတီဟာ ရှမ်းပြည်ကို အခြေပြုပြီး အားကောင်းသန်မာမှ ဖြစ်မယ်။ ရှမ်းပြည်ဟာ မြန်မာပြည်ထဲမှာ အကြီးမားဆုံး ပြည်နယ် တစ်ခု။ ရှမ်းလူမျိုးဟာ ယဉ်ကျေးမှုအားဖြင့်၊ ဘာသာ စကားအားဖြင့်၊ အမှတ်သရုပ်အားဖြင့် ခိုင်မာတဲ့ လူမျိုး ဖြစ်တယ်။ ဒါ့ကြောင့် ရှမ်းလူမျိုးရဲ့ အနာဂတ်လားရာ အတွက် နိုင်ငံရေးခြေကုတ်ယူနိုင်မှ ကောင်းမယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ရင် ပါတီကြီးတွေက အစဉ် လွှမ်းမိုးနေဖို့ မကောင်းဘူး။ ဒါ့ကြောင့် ပါတီကြီး (ဥပမာ- NLD ) တွေကို ထိန်းကျောင်းနိုင်အောင် လူမျိုးစု ပါတီကြီးတွေ အခြေခိုင်မှကောင်းမယ်။

SNLD ဟာ ရှမ်းလူမျိုးကို အခြေပြုပြီး နိုင်ငံရေးအင်အားကို တည်ဆောက်ဖို့ လိုတယ်။ ရှမ်းပြည်နယ်ကို ခြေကုတ်ယူပြီး နိုင်ငံရေးအင်အားကို တည်ဆောက်ရမယ်။ လူမျိုးကို အခြေပြုခြင်းနဲ့ ဒေသကို အခြေပြုခြင်း နှစ်ခုဟာ လက်တွေ့ကျတယ်။ ဒီလိုနည်းအားဖြင့် ဒေသတွင်းမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရဖို့ လိုတယ်။ ကနဦး အစပိုင်းမှာ လူမျိုးနဲ့ ဒေသကို အခြေပြုတယ် ဆိုပေမယ့် နောက် နှစ်ကာလတွေ အတော်ကြာ လာရင် လူမျိုးနဲ့ ဒေသကိုပဲ ကျောက်ချ စည်းရုံးနေတာ၊ ကျောက်ချ အခြေတည်နေတာ မကောင်းဘူး။ ဒါ့ကြောင့် ဒေသတွင်းကို တတ်နိုင်သလောက် ဖြန့်ကျက်ရမယ်။ ရှမ်းတွေ အခြေချ နေထိုင်တဲ့ ပြည်မလိုနယ်ပယ်ဒေသ တွေလိုမျိုးမှာ မဟာဗျူဟာ ချမှတ်ပြီးတော့ တစ်ဆင့်ချင်းစီ လှမ်းနိုင်ဖို့ လိုတယ်။

ဥပမာ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာ SNLD အနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ အလုံးအရင်း ဝင်နိုင်ဖို့ ခက်တယ်။ ဒါပေမယ့် တိုင်းရင်းသားဝန်ကြီး လို နေရာမျိုးမှာ အလွတ်မပေးဖို့လိုတယ်။ ဒီလိုနည်းနဲ့ တခြား ပြည်နယ် တိုင်းတွေကိုလည်း သုတေသနလုပ် တိုင်းထွာ တွက်ချက်ပြီးတော့ ခေါင်းလေးဝင်လိုက်၊ ကိုယ်လေးဝင် လိုက်နဲ့ လုပ်ပြီး တဆင့်ချင်းစီ တိုးဝင်သွားဖို့ လိုတယ်။ ဒီကိစ္စဟာ ရှမ်းပြည် မဟုတ်တဲ့ တခြား တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ SNLD က လုပ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။

နောက် နှစ် (၂၀) လောက်မှာ SNLD ဟာ မြန်မာနိုင်ငံရဲ့ အာဏာရပါတီကြီးတွေကို ထိန်းကျောင်းနိုင်တဲ့၊ ထိန်း ကွပ်နိုင်တဲ့၊ အာဏာရပါတီတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်နေဖို့ လိုတယ်။ ဒီလိုလုပ်ဖို့အတွက် လူမျိုးရေး အစွဲနဲ့ အတွင်းကျုံ့ပြီး ကြည့်နေလို့လည်း မရဘူး။ အပြင်ကို ချဲ့ပြီး လှမ်းလွန်းချင်နေရင်လည်း မရဘူး။ လက်ရှိ အနေအထားမှာ ကိုယ့်ဒေသတွင်းမှာ အခြေကျပြီး ခြေကုတ်ယူနိုင်ခြင်းက လတ်တလော မဟာဗျူဟာ ဖြစ်ပါတယ်။ ရေရှည်မှာတော့ ရှမ်းလူမျိုးတွေ အများစု အခြေချနေထိုင်တဲ့ မြို့ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ထပ်ချဲ့ပြီး မဟာဗျူဟာကို ချဲ့ထွင်ဖို့လိုတယ်။

SNLD အနေနဲ့ လက်တွေ့ကျတဲ့ ကိစ္စတွေကိုလည်း စဉ်းစားရမယ်။ ပါတီရဲ့ ရေရှည်မျှော်မှန်းချက်ကိုလည်း မပျောက်ဖို့လိုတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး လူမျိုးစုဒေသတွေကို နေရာများများ ယူထားနိုင်ရမယ်။ နောက်တစ်ခုက အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ပါဝင်ထားနိုင်ရမယ်။ ပြည်ထောင်စုအဆင့် ရော၊ ပြည်နယ်အဆင့်ရော နှစ်ခုစလုံးမှာ ရှိရမယ်။ SNLD အနေနဲ့ ရှမ်းလူထုရဲ့ နှလုံးသည်းပွတ်ဖြစ်အောင် လုပ်ထား သင့်တယ်။ SNLD ရဲ့ လိုဂို၊ ဒါမှမဟုတ် ဆိုင်းဘုတ်… ၊ အမှတ်တံဆိပ် တစ်ခုခု မြင်လိုက်မိတာနဲ့ ရှမ်းလူမျိုးတွေ ဟာ သူတို့ရဲ့ အမှတ်တံဆိပ်ဖြစ်တယ်။ သူတို့ရဲ့ အမှတ်အသားဖြစ်တယ်လို့ ယုံကြည်လက်ခံထားနိုင်ရမယ်။ ဒီလို ဖြစ်ဖို့အတွက် Public Relation လို့ခေါ်တဲ့ ကိစ္စတွေကို ပါတီအနေနဲ့ အထူးတလှယ်ပြင်ဆင်ပြီး လုပ်ထား နိုင်ရမယ်။ အနုပညာအားဖြင့်၊ ယဉ်ကျေးမှု ပွဲတော်တွေ အားဖြင့်၊ ဘာသာရေးပွဲလမ်းသဘင်တွေ အားဖြင့် များများ ဖြန့်ကျက်နိုင်မှ ကောင်းမယ်။

နောက်ဆုံး အထွေထွေ ရွေးကောက်ပွဲတွေ ပြီးတိုင်း SNLD ဟာ ပြည်ထောင်စု အစိုးရအဖွဲ့မှာ ပါဝင်နိုင်မယ့် ပါတီ ဖြစ်နေရမယ်။ ရံဖန်ရံခါ နိုင်ငံတော် သမ္မတနေရာကို ယူနိုင်တဲ့ ပါတီဖြစ်ရမယ်။ King ဖြစ်ဖို့ လိုသလို၊ King Maker ဖြစ်ဖို့လည်း လိုတယ်။ SNLD ရဲ့ ထောက်ခံမှု မရဘဲ ပါတီကြီးတွေ အလွယ်တကူ Cabinet ကို အုပ်စီး လို့ မရဘူး ဆိုတဲ့အနေအထားကို ရောက်နေရမယ်။ နောက်ပြီး SNLD ရဲ့ သဘောထား မှတ်ချက်ဟာ နိုင်ငံတော် အစိုးရရဲ့ လုပ်ငန်းစဉ်တွေမှာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အနေအထားကို ရောက်နေရ မယ်။


ဒါ့ကြောင့် နိုင်ငံရေးမှာ Non or All ဆိုတဲ့ အယူအဆကို လက်တလောမှာ ဆုပ်ကိုင်ထားလို့ မရဘူး။ Non or all ဆိုတာက အကုန်မရရင် တစ်ခုမှ မယူဘူး ဆိုတာ မဖြစ်သင့်ဘူး။ ရသလောက် ယူထားနိုင်ဖို့ လိုတယ်။ များများ လည်း ရအောင် မဟာဗျူဟာ ခင်းကျင်းထားဖို့ လိုတယ်။ ဖြစ်နိုင်ချေရှိတာကို လုပ်တာ နိုင်ငံရေး မဟုတ်လား။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး မဟုတ်လား။

လက်တလော အနေနဲ့ SNLD ဟာ ပြည်နယ်မဲဆန္ဒနယ်တွေမှာ အုပ်မိုးနေနိုင်ဖို့က အရေးအကြီးဆုံးဖြစ်တယ်။ နောက် တစ်ဆင့်အနေနဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီးနေရာတွေကို ရထားဖို့ လိုတယ်။ ၂၀၂၀ လွန် အထွေ အထွေ ရွေးကောက်ပွဲ ရလဒ်တွေဟာ ညွှန်ပေါင်း ပုံစံမျိုးဖြစ်လာနိုင်ချေ ရှိတယ်။ ပါတီကြီးတစ်ခုကနေ မဲ အပြတ် အသတ်နဲ့ နိုင်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကာလ အလွန်မှာ အင်မတန် ခဲယဉ်းလာမယ်။ ဒါ့ကြောင့် အဲဒီအခြေအနေမှာ SNLD ဟာ King Maker နေရာ ( King ကို နေရာချထားနိုင်မယ့် ပါဝါ) များ ရထားရမယ်။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်ကိုယ်တိုင် King ဖြစ်ရမယ်။ King မဖြစ်ဘူး ဆိုရင်လည်း King Maker ဖြစ်ရမယ်။ SNLD မပါလည်း ဘုရင်လုပ်လို့ရတယ်ကွ … ဆိုတာ မဖြစ်သင့်ဘူး။ ထပ်ပြီး သတိထားဖို့ လိုတာက King ဖြစ်ချင်ဇောလည်း ကြီးမနေသင့်ဘူး။

နိုင်ငံရေးဆိုတာ ရေရှည်မှာ သက်လုံက စကားပြောသွားတာ။ တစ်စိုက်မတ်မတ် ရှိမှု၊ သက်လုံကောင်းမှုနဲ့ စုဖွဲ့နိုင်မှု၊ ဆွဲဆောင်နိုင်မှုက နိုင်ငံရေးအင်အားကို ထောက်ပံ့ပေးတယ်လို့ မြင်တယ်။

မင်းသေ့

မှတ်ချက်။ ။ ဒီစာဟာ ဆောင်းပါးမဟုတ်ပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် *SNLD အတွက်၊ တချိန်က သဘောထားမှတ်ချက်ပေးဖူးတဲ့စာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကဖြစ်ပါတယ်။ ကျနော့်ယူဆချက် ဟာ ဗမာပါတီတွေချည်း အစိုးရအဖွဲ့ တစ်လှည့်စီဖြစ်နေတာမျိုး မလိုလားပါ။ လူမျိုးစုတွေထဲမှာ အားအကောင်း ဆုံးဖြစ်တဲ့ ရှမ်းလူမျိုးအခြေပြုပါတီဟာ ပိုမြင့်မားတဲ့ ခြေလှမ်းတွေနဲ့ ပါဝါဇာတ်ခုံပေါ်မှာ ကိုယ်စားပြု ကျေးဇူးပြုနေ စေချင်တဲ့ဆန္ဒရှိတယ်။

Previous post ▄ သရီးစီ နှင့် ချည်းကပ်နည်း သုံးသွယ်
Next post ▄ စစ်စီးပွားရေးနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုထောင်ချောက်