ကျနော့်စာများကို ဖတ်ဖန်များသည့် မိတ်ဆွေတစ်ချို့နှင့် ရင်းနှီးသူစာဖတ်သမားတစ်ချို့က ကျနော့်ကို ဝေဖန်ရေးဆရာဟု မှတ်ချက်ပေးလေ့ရှိသည်။ ထိုသို့ပြောသောအခါ၊ ကျနော် ရယ်ကျဲကျဲနှင့် ဘာအဖြေမှပြန် မပေးဘဲ ရယ်နေတတ်သည်။ အကြောင်းမှာ၊ ကိုယ့်စာများကို ကိုယ်ပြန်သတိရမိ၍ဖြစ်ပါသည်။ စာဖတ်သူမိတ် ဆွေများက၊ သဘောရိုးဖြင့် မှတ်ချက်ပေးကြခြင်းဖြစ်ပါသည်။ ကျနော့်၏ ပြင်းထန်သော စကားလုံးရိုက်ချက်များ ကြောင့် အောက်သက်သက်ဖြစ်သွားကြသော လူပုဂ္ဂိုလ်များ၏ မေတ္တာဓာတ်ကို ကျိတ်၍ ခံယူနေရကြောင်းကိုမူ ကျနော် မပြောဖြစ်ပါ။ ကျနော့်၌ မည်သူ့ကို နာစေ၊ မည်သူ့ကို သာစေ ဟူသော တစ်ဖက်သက် အမြင်အယူ အဆမရှိပါ။ ဓမ္မဓိဌာန်ကျခြင်း၊ ယထာဘူတကျခြင်းနှင့် ကြောင်းကျိုးညီမှုရှိခြင်းတို့အပေါ်မှာသာ ပညာရှေ့သွား ဖြင့် ဆင်ခြင်ကောက်ယူခြင်းဖြစ်ပါသည်။ ကျနော့်ဉာဏ်နုပ်နည်း၍ မဆင်ခြင်နိုင်သောကိစ္စရပ်များတွင် လွဲခြင်း၊ မှားခြင်းများ ရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကျနော် လေ့လာအားထုတ်ပြီးမှသာ ရေးသားခြင်းအလုပ်ကို လုပ် ပါသည်။ ဤကား… ကျနော့် မူဟန်ဖြစ်ပါ၏။

ကျနော်စာများ၌ ဝေဖန်ရေးသဘောများပါသည်ကို မငြင်းပါ။ သို့သော် ဝေဖန်ရေးဆရာဟု အမည်တပ်လျှင်မူ၊ ကျနော် ငြင်းချင်ပါသည်။ အကြောင်းမှာ၊ ကျနော်သည် ဝေဖန်ရေးကို အမြဲတမ်း လုပ်နေနိုင်သောသူ မဟုတ်ပါ။ ထိုနည်းလည်းကောင်း ဆန္ဒအစွဲနဲ့ မညီတိုင်း ဝေဖန်ရေးလုပ်နေခြင်း မဟုတ်သလို၊ ဆန္ဒစွဲနှင့် ဘက်တူတိုင်း ထောက်ခံနေသည်လည်း မဟုတ်ပါ။ အကြောင်းကို လေ့လာရခြင်းကို နှစ်ခြိုက်၍ မြင်ကွင်းစုံမြင်နိုင်အောင် ဆက်စပ်ကြည့်ရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပါသည်။ ထိုဆက်စပ်ကြည့်မြင်မှု၌ အများသို့ မျှဝေရန်လိုအပ်သည်ဟု စိတ်ထဲ လှိုက်လှိုက်လှဲလှဲဖြစ်လျှင် ကျနော့်ရင်ထဲ၊ ကျနော့် ဦးနှောက်ထဲ၌ ထို ယူဆချက်၊ ကောက်ချက်များကို ဖွင့်ဟချင်သည်။ သွန်ထုတ်လိုက်ချင်သည်။ ထိုမှသာ ကျနော့်ဆီမှာ ပေါ့သွားပါသည်။ ထို့ကြောင့် ကျနော်သည် စာရေးခြင်းကို စိတ်၏ပေါ့ပါးလွတ်လပ်ခြင်းအတွက် အသိ၊ အမြင်၊ အယူအဆနှင့် နားလည်ထားမှုများကို ဖွင့်သွန် လိုက်ခြင်းဟု အဓိပ္ပာယ်ဖွင့်ချင်ပါသည်။

အဖြေများထက် မေးခွန်းများကို ပို၍ နှစ်သက်ခြင်းမှာ ကျနော့်ဥပါဒါန်လိုဖြစ်နေပါပြီ။ ကျနော့်စိတ်ထဲ ကိုယ့်ကိုယ် ကို ထုတ်နေမိသော မေးခွန်းများသည် ကျနော်ရေးသော စာများဆီသို့ ရောက်သွားသည်။ ကျနော့်စိတ်နှင့် မျက်စိ၊ နားတို့သည် အမှုမဲ့အမှတ်မဲ့မနေတတ်ဘဲ လေ့လာစရာများကို ရှာကြံနေတတ်ပါသည်။ တစ်ခုခုကိုသိမြင် နားလည်သဘောပေါက်လိုက်သောအခါ၊ စိတ်၌ ကျေနပ်မိသည်။ ထို့အပြင် အသိနှင့်နားလည်ခြင်း၌ ကျေနပ် ရောင့်ရဲမှု မရှိသော ကျနော့်စရိုက်ကို သတိထားမိပါသည်။ ခေတ်၊ စနစ်နှင့် ဝန်းကျင်ကို စူးစမ်း စိတ်ဖြာ၍ လေ့လာထားမိသမျှ သဘောတရား၊ သီအိုရီများဖြင့် မွှေနှောက်ပြီး ရိုးရှင်းသော ကြည့်မြင်ကွင်းတစ်ရပ် ဖန်တီး ချင်မှုသည် အမြဲလိုလိုဖြစ်တည်နေပါသည်။ ကျနော်သည် ကျနော့်သိမြင်နားလည်ထားမှုများကို အလဟဿ သိမ်းမထားတတ်ပါ။ မျှဝေလိုက်ရမှ၊ ဖြန့်ဝေလိုက်ရမှ၊ (တနည်း) အစမ်းသပ်ခံလိုက်ရမှ ကျေနပ်တတ်သူဖြစ်ပါ သည်။ ကျနော် စာရေးခြင်းမှာ၊ ကျနော့်သိမြင်နားလည်မှုများကို မှန်၏ မမှန်၏ လက်တွေ့ဖြစ်ရပ်များနှင့် နီးစပ် ၏ မနီးစပ်၏ … ဆိုသည့်အဖြေကို ရချင်၍ လူထုထံ အစမ်းသပ်ခံနေခြင်းလည်းဖြစ်ပါသည်။

မင်းသေ့
ည ၁၀ း ၂၂
၄၊ အောက်တိုဘာ၊ ၂၀၂၀။

Previous post ▄ နန္ဒာသိန်းဇံ၏ သွန်သင်ချက်
Next post ▄ ကိုဗစ် လွန် / မလွန်