လူ့အဖွဲ့အစည်း၏ ပါဝါ

လူ့အဖွဲ့အစည်းဆိုတာ လူတစ်ဦးချင်းအနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
• လူတစ်ဦးချင်းစီမှာ ပါဝါရှိသလား။
• လူတွေ စုပေါင်းဖွဲ့တည်လိုက်မှ ပါဝါရှိသလား။

ဒီမေးခွန်းနှစ်ခုကို တစ်ခုဆီ ဖြည်ကြည့်ဖို့ လိုပါတယ်။ ပထမ မေးခွန်းက စဖြည်ကြစို့။
လူတစ်ဦးချင်းစီမှာ ပါဝါရှိသလား။

ကိုယ်ကျင့်နဲ့ အသိဉာဏ်ပညာကို ကိုယ့်ကိုယ်ကို သေချာပြင်ဆင်လေ့ကျင့်ထားသူမှာ ပါဝါရှိပါတယ်။ လူတိုင်း ဟာ ပါဝါရှိတယ်လို့ မပြောချင်ပါဘူး။ ပါဝါမဲ့လူသားတွေ တစ်ပုံကြီးရှိပါတယ်။ လူဟာ အတ္တဗီဇအရ ဩဇာ အာဏာရှိချင်ကြတယ်။ ဘယ်လိုပဲ လိုအင်ချင်ခြင်း ရှိနေပါစေ….ပါဝါဟာ လူတိုင်းမှာ မရနိုင်ပါ။ အကြောင်းက တော့ တစ်ဦးချင်း အလေ့အကျင့်နဲ့ ဆိုင်တယ်။ တစ်ဦးချင်း အမူအကျင့်နဲ့ ဆိုင်တယ်။ တစ်ဦးချင်း ရည်ရွယ်ချက် နဲ့ ဆိုင်တယ်။ တစ်ဦးချင်းရဲ့ လုပ်ရပ်တွေနဲ့ ဆိုင်တယ်။ ပါဝါဟာ ဘယ်လိုလူမျိုးဆီမှာ လာစုသလဲ။


ပါဝါဖြစ်ခြင်း အကြောင်းတရားတွေ ရှိပါတယ်။ အခြေခံဟာ၊ ကိုယ်ကျင့်နဲ့ အသိဉာဏ်ပညာဖြစ်ပါတယ်။ ဒါဟာ သာမန်သဘော အကောက်အယူဖြစ်ပါတယ်။ ဒါပေမယ့် ဒီ့ထက် ပိုကြီးမြတ်တဲ့ပါဝါကို ရဖို့အတွက် စိတ်ဝိညာဉ် ကို အထူးလေ့ကျင့်ဖို့ လိုပြန်ရော။ ခေါင်းဆောင်တစ်ယောက်ဟာ ပုဂ္ဂိုလ်ရေးဩဇာကို ဘယ်လိုနည်းနဲ့ ထူထောင် နိုင်ပါသလဲ။ မြန်မာစကားပုံမှာ “နဂိုရှိမှ နဂိုင်းထွက်တယ်” ဆိုတဲ့ စကားရှိပါတယ်။ ပုဂ္ဂိုလ်ရေးဩဇာတိက္ကမကြီးမှု ကို ရဖို့၊ တော်ရုံအလေ့အကျင့်မျိုးနဲ့ မရဘူး။ တစ်ဖက်မှာလည်း ကာလံ၊ ဒေသ၊ ပယောဂလည်း ဆိုင်နေသေး တယ်။ great man တစ်ယောက်ဟာ great event နဲ့ မကြုံရင် ကိုယ်စွမ်းဉာဏ်စ ပြဖို့ ကွင်းပြင်ကို ရလေ့မရှိ ဘူး။ တခါတရံ အခက်အခဲ အကျပ်အတည်းဟာ လူတစ်ယောက်အတွက် လူစွမ်းလူစပြဖို့ အခင်းအကျင်း ကွင်းပြင်ဖြစ်လေ့ရှိတယ်။ ဒါ့ကြောင့် ပြဿနာ၊ အခက်အခဲဆိုတာ အတားအဆီး မဟုတ်ဘူး။ စိန်ခေါ်မှုမဟုတ် ဘူး။ အခွင့်အရေးလို့ လူတော်တော်များများက ပြောကြတာပေါ့။ ဒီသဘောပါပဲ။

လူဟာ ကိုယ်ကျင့်အားဖြင့် မြင့်မြတ်လာရင် ပါဝါတစ်ခု ရလာတယ်။ လူဟာ အသိဉာဏ်ပညာအားဖြင့် မြင့်မား လာရင် ပါဝါတစ်ခုရလာတယ်။ လူဟာ စိတ်ဝိညာဉ်ကို အထူးလေ့ကျင့်ထားရင် ပါဝါတစ်ခုမက ရလာတတ် တယ်။ လူဟာ ကိုယ့်မှာ ရှိထားတဲ့ ကိုယ်ကျင့်ကို အခြေခံပြီး ကိုယ်နားလည်တတ်ကျွမ်းထားတဲ့ အသိ၊ အတတ် ကို အများအကျိုးအတွက် အသုံးချရင် တန်ဖိုးဟာ ပိုမြင့်လာတယ်။ ပိုတက်လာတယ်။ ကိုယ်ရှိထားတဲ့ ကိုယ်စွမ်း ကိုယ်စကို အသုံးချပုံ စနစ်ကျရင် ကျသလို၊ လူအများအပေါ် ဩဇာတိက္ကမ ပိုကြီးလာတတ်တယ်။ ထိုနည်း လည်းကောင်းပဲ၊ ကာလ ဒေသ အားဖြင့် အခြေအနေနဲ့ အချိန်အကာ ကိုက်ညီသွားရင် ပိုလို့တောင် အမြင့်ကို ရောက်လာတယ်။ အဆုံးစွန်ဆုံးထိဖြစ်လာရင်၊ လူတွေရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုခံရတဲ့အထိ ဩဇာတိက္ကမကြီး မားလာလေ့ရှိတယ်။

လူဟာ ကိုးကွယ်ရာစာရင်းဝင်သလား….

လူသားကို လောကီနဲ့ လောကုတ္တရာနယ်အားဖြင့် (၂) ပိုင်း ခြားကြည့်ဖို့ လိုပါတယ်။ လောကုတ္တရာနယ်မှာ ကိုးကွယ်ထိုက်တဲ့လူသားရှိတယ်။ လောကီနယ်မှာတော့ ကိုးကွယ်ထိုက်တဲ့လူ မရှိ။ လုံးဝ မရှိ။ သို့သော် လေးစားထိုက်တဲ့လူ ရှိတယ်။ ဦးညွှတ်ထိုက်တဲ့သူ ရှိတယ်။ ယုံကြည်ထိုက်တဲ့သူ ရှိတယ်။ သစ္စာခံထိုက်သူ ရှိတယ်။ ဘယ်လောက်ပဲ လေးစားထိုက်ပါစေ၊ ဘယ်လောက်ပဲ ဦးညွှတ်ထိုက်ပါစေ၊ ဘယ်လောက်ပဲ ယုံကြည် ထိုက်ပါစေ၊ ဘယ်လောက်ပဲ သစ္စာခံထိုက်ပါစေ…. အလုံးစုံကိုးကွယ်မှုဆိုတာ လောကီနယ်မှာ ရှိဖို့ မလိုပါဘူး။ ရှိရင်လည်း ပျက်တာများပါတယ်။ သူ့သဘော သူဆောင်တဲ့ကိစ္စဖြစ်ပါတယ်။ လူဟာ ဖောက်ပြန်တတ်ပါတယ်။ ဒါ့ကြောင့် လောကီနယ်ထဲမှာ အကျုံးဝင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး…. စတဲ့ နယ်ပယ်အသီး သီးမှာ ကိုးကွယ်ထိုက်သူဆိုတာ လုံးဝ ရှိဖို့ မလိုပါဘူး။ လေးစားယုံကြည်ဦးညွှတ်ထိုက်သူတွေသာ ရှိပါတယ်။ ဝပ်တွားထိုက်လောက်အောင် ကိုးကွယ်စရာမလိုပါ။ ပိုပြီး တိတိကျကျပြောရရင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု လောကီ နယ်မှာ ရှိဖို့ မသင့်ဘူး။ ရှိစရာ မလိုဘူး။ ဒါပေမယ့် လက်တွေ့မှာ မြောက်မြားစွာ ရှိနေတယ်။ ဒီလို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေကပဲ လူ့အဖွဲ့အစည်းကို တဖြည်းဖြည်းချင်း သတ်ဖြတ်သွားတာဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းမှာ ပါဝါရှိသလား…..

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သိပ်အားကြီးတဲ့တိုင်းပြည်မှာ၊ လူ့အဖွဲ့အစည်းဆီကို ပါဝါ ရောက်မလာတတ်ဘူး။ ရမလာ တတ်ဘူး။ ဘာလို့လဲဆိုတော့ လူတစ်ဦးချင်းစီဟာ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့၊ ဖြည့်ကျင့်ဖို့ဆိုတာထက် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကိုးကွယ်ဆည်းကပ်ပူဇော်ဝပ်တွားကြည်ညိုပြီး အချိန်တွေ ကုန်သွားလို့ဖြစ်ပါ တယ်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို နှစ်ခြိုက်မှိန်းမောနေတဲ့လူ့အဖွဲ့အစည်းဟာ ကိုယ့်အလုပ်ကို ကိုယ် ပီပီပြင်ပြင် လုပ်ဖို့ မေ့နေကြတယ်။ ကိုယ့်ဝါသနာကို ရေဆုံးမြေဆုံးလိုက်အောင် ရူးသွပ်ဖို့ မေ့လျော့နေကြတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို နှစ်ခြိုက်စွဲလန်းနေတဲ့ လူ့အဖွဲ့အစည်းဟာ ဘိန်းမှိန်းမှိန်းပြီး စိတ်ကူးယဉ်နေတဲ့သူနဲ့ တူပါတယ်။ မြန်မာတွေဟာ ဖုတ်သွင်းရထားဆိုက်လာမှာကို မျှော်နေကြသလို၊ မင်းလောင်းကိုလည်း မျှော်ခေါ်တမ်းတတတ် လေ့ရှိပါတယ်။ မင်းလောင်းမျှော်ဝါဒဟာ မြန်မာတွေမှာ စွဲကပ်နေတဲ့ လူမှုဓလေ့ရောဂါဆိုးဖြစ်ပါတယ်။

လူတွေဟာ ကိုယ့်အလုပ်ကို ကိုယ်လုပ်ဖို့ မေ့နေကြတယ်။ ကိုယ့်အသိ၊ အတတ်တွေကို ချွန်,သ ဖို့ မေ့နေကြ တယ်။ ကိုယ့်ဝါသနာကို ကိုယ်မွေးဖို့ မေ့နေကြတယ်။ ကိုယ့်အလုပ်ကို ကိုယ်အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ မသိကျေးကျွန်ပြုနေကြတယ်။ လူတစ်ဦးချင်းစီဟာ ကိုယ့်ရဲ့ အခန်းကဏ္ဍကို ဖျောက်ပြီး၊ လူတစ်ဦးတည်းအပေါ် မှာ ဗဟိုဆုံချက်ထားနေရင် တိုင်းပြည်ဟာ မတိုးတက်ဘူး။ အဖွဲ့အစည်းတွေဆိုတာလည်း ထိုနည်းလည်း ကောင်းပါပဲ။ အဖွဲ့အစည်းတွေ၊ လုပ်ငန်းစုတွေဟာ လူတစ်ဦးချင်းနဲ့ ဖွဲ့စည်းပြီး အစုအဖွဲ့အဖြစ် ထူထောင် လုပ် ကိုင်နေကြတာဖြစ်ပါတယ်။

• တစ်ဦးချင်းဟာ အရေးပါတယ်။
• တစ်ဦးချင်းဟာ တန်ဖိုးရှိတယ်။
• တစ်ဦးချင်းဟာ အသုံးဝင်တယ်။
• တစ်ဦးချင်းဟာ လေးစားထိုက်စရာ ဂုဏ်အင် တည်ဆောက်ထားဖို့ လိုပါတယ်။

ခေါင်းဆောင်ဆိုတာ လူကို ပြောတာဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုတာ လုပ်ရပ်ကို ပြောတာဖြစ်ပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းဟာ ခေါင်းဆောင်အပေါ် အမှီအခိုလွန်ကဲတာ လျော့ပြီး၊ ခေါင်းဆောင်မှုအပေါ်မှာ ချဲ့ထွင် တည်ဆောက်ဖို့ လိုနေပါပြီ။ ခေါင်းဆောင်မှုဆိုတာဟာ ဆိုင်ရာ ကဏ္ဍအလိုက်၊ ဆိုင်ရာ အလွှာအဆင့်အလိုက် တစ်ဦးချင်း တာဝန်သိခေါင်းဆောင်မှုပေးပြီး ခေါင်းဆောင်မှု ကွင်းဆက်ကြီးကို တည်ဆောက်ပြီး ဦးဆောင် မောင်းနှင်တာကို ခေါ်ပါတယ်။ ခေါင်းဆောင်မှုမှာ၊ တစ်ဦးချင်းဟာ အရေးကြီးတယ်။ တစ်ဦးချင်းဟာ အရေးပါ တယ်။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အားကြီးလွန်းတဲ့ လူ့အဖွဲ့အစည်းမှာတော့…

• လူပုဂ္ဂိုလ်တစ်ယောက်သာ အခရာ ဖြစ်တယ်။
• လူပုဂ္ဂိုလ်တစ်ယောက်ကသာ ဗဟိုဖြစ်တယ်။
• လူပုဂ္ဂိုလ်တစ်ယောက်ကသာ အချက်အခြာဖြစ်တယ်။
• လူပုဂ္ဂိုလ်တစ်ယောက်ကသာ အချုပ်အခြာဖြစ်တယ်။
• လူပုဂ္ဂိုလ်တစ်ယောက်ကသာ အရေးကြီးတယ်။

လူပုဂ္ဂိုလ် တစ်ဦးကလွဲလို့….

• တခြားဘယ်သူတစ်ဦးတစ်ယောက်ကမှ အရေးမကြီးဘူး။
• အရေးမပါဘူး။
• အချက်အခြာ မဟုတ်ဘူး။
• အချုပ်အခြာ မဖြစ်နိုင်ဘူး။
• အသုံးမဝင်ဘူး။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု သိပ်ကြီးသွားတဲ့တိုင်းပြည်မှာ၊ တစ်ဦးချင်း စွမ်းရည်တွေ မှေးမှိန်သွားပြီး၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုသာ မှီခိုကပ်ရပ်မျှော်ကိုးပြီး ရှင်သန်တတ်တဲ့ အလေ့အထမျိုး စွဲလာတယ်။ ဒီနည်းနဲ့ လူတွေဟာ သူတို့အတ္တကို အာသာဖြေဖို့၊ လူတစ်ယောက်ကို အလွန်အကျွံ မြှောက်ပင့်ချီးမြှောက်နေတတ်ပြီး ကိုယ့်အပြစ်ကို မှေးမှိန်စေဖို့ အားထုတ်နေတတ်ကြသေးတယ်။ ဒါဟာလည်း လူ့အဖွဲ့အစည်းအတွင်းမှာ တွေ့နေရတဲ့ သဘာဝ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အားကြီးလွန်းတဲ့လူ့အဖွဲ့အစည်းမှာ ပါဝါ မရှိတတ်ဘူး။ လူတစ်ဦးချင်းစီဟာ ကိုယ့်အခန်း ကဏ္ဍကို ကိုယ့်ကိုယ်ကို မှေးမှိန်ပစ်လိုက်ကြလို့၊ လူ့အဖွဲ့အစည်းဟာ ချိနဲ့သွားတယ်။ လူ့အဖွဲ့အစည်းဟာ မှေး မှိန်သွားတယ်။ လူတွေဟာ ကိုယ့်အလုပ်ကို ကိုယ်မလုပ်ကြတော့ဘူး။ ဘုန်းတော်ဘွဲ့တွေ ရွတ်ဖတ်သရဇ္ဇယ်ပြီး အချိန်ကုန်တတ်ကြတယ်။ တစ်ဖက်မှာလည်း ကိုယ့်အတ္တနဲ့ ကိုယ့်အကျိုးစီးပွားကို ချဲ့ထွင်ဖို့အတွက် ပုဂ္ဂိုလ်ရေး အရိပ်ကို ခိုလှုံ့ပြီး၊ ကိုယ့်နယ်မှာ ဧကရာဇ်အသေးစားလေးဖြစ်ဖို့ အားထုတ်နေလေရဲ့….။

လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီကို တကယ် လိုလား ထက်သန်ရိုး မှန်ရင်…..
• ခေါင်းဆောင်ကို ကန့်သတ်ပြီး
• ခေါင်းဆောင်မှုကို ချဲ့ထွင်ရမယ်။
• အစိုးရရဲ့ပါဝင်မှုကို ကန့်သတ်ပြီး
• ပြည်သူလူထုရဲ့ ပါဝင်မှုကို ချဲ့ထွင်ရမယ်။
• လူတစ်ဦးတည်းကို ကြီးမြင့်စေတာထက်
• လူ့အဖွဲ့အစည်းကို ကြီးမြင့်စေရမယ်။
• လူတစ်ဦးကို ဗဟိုပြုတယ်ဆိုတာထက်
• လူတစ်ဦးချင်းကို ဗဟိုပြုမှ ရမယ်။
• လူကို မှီခိုတာထက်
• စနစ်/ကျင့်ထုံးနဲ့ အင်စတီကျူးရှင်းကို မှီတည်စေမှ ဖြစ်လိမ့်မယ်။
• ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဆန့်ကျင်ပြီးတော့
• ကိုယ့်အလုပ်ကို ပီပီပြင်ပြင်လုပ်ပြီး လူ့အဖွဲ့အစည်းကို ကောင်းစွာ ကျေးဇူးပြုထောက်ပံ့ဖို့ လိုပါကြောင်း တင်ပြလိုက်ရပါတယ်။

မင်းသေ့
နံနက် ဝ း ၂၆
၁၆၊ စက်တင်ဘာ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post ▄ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပါ့မလား
Next post ▄ အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု