▄ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပါ့မလား

ဆရာကြီး ဒဂုန်တာရာရဲ့ သွန်သင်ချက်မှာ၊ “ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ နိုင်ငံရေး” ဆိုတာပါတယ်။ ဒါဟာ နာမည်ကျော် အဆိုအမိန့်အဖြစ် တည်ရှိနေတယ်။ ထိုနည်းလည်းကောင်းပဲ နိုင်ငံရေးနယ်ပယ်မှာ၊ နိုင်ငံ ရေးသတ္တဝါတချို့ ကိုးကားပြောဆိုကြတယ်။ ဒါပေမယ့် အင်မတန် နည်းပါတယ်။ နိုင်ငံရေးစာရေးသားတဲ့ ကလောင်တွေထဲကတောင်၊ ဒီအဆိုအမိန့်ကို နှစ်နှစ်ခြိုက်ခြိုက်ကိုးကား ရေးသားတာ နည်းပါးပါတယ်။ ထားတော့။

ဒီနေရာမှာ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ဆိုပေမယ့်၊ လက်တွေ့မှာ မိတ်ဆွေကို ရန်သူဖြစ်အောင် လုပ်တာမျိုးဖြစ်နေတယ်။ အကျိုးစီးပွားတွေကြောင့် မိတ်ဆွေတွေဟာ ရန်သူတွေ ဖြစ်ကုန်ကြ သလို၊ အသိဉာဏ်ဆင်ခြင်တုံတရားမဲ့မှုကြောင့် ဖြစ်လာတာတွေလည်း ရှိတယ်။ နိုင်ငံရေးဟာ ရန်သူမွေးတဲ့ ကစားကွင်းလားဆိုတာ မေးစရာရှိပါတယ်။ နိုင်ငံရေးဟာ ရန်သူမွေးတဲ့ ကစားကွင်းလား…..။ သို့တည်းမဟုတ် ရန်သူ မဟုတ် မိတ်ဆွေ မဟုတ်တဲ့ ကြားလူတွေကို ရန်သူဘက်ကို တွန်းပို့ခြင်းလား….။

နိုင်ငံရေးဟာ သိမ်မွေ့ပါတယ်။ အကြောင်းအချက်ပေါင်းစုံဟာ နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်နေပါတယ်။ အတိတ် အာဃာတတွေကြောင့် မိတ်ဆွေတွေ မဖြစ်နိုင်ကြဘူး။ တည်ဆဲရန်သူတွေကို မိတ်ဆွေ မလုပ်နိုင်သလို အတိတ်က အာဃာတတွေကြောင့်ပဲ ရန်သူသစ်တွေ တိုးလာတယ်။ သမိုင်းနာကျည်းချက်တွေကြောင့် ရန်သူ သစ်တွေ မွေးဖွားသလို၊ နိုင်ငံရေးပယောဂတွေ ဝင်ပူးလို့ ရန်သူအသစ်တွေ ပေါက်ဖွားလာတာလည်း ရှိပါတယ်။ များသောအားဖြင့် အကျိုးစီးပွားပဋိပက္ခကြောင့် ရန်သူသစ်တွေ မွေးဖွားလာတော့တယ်။ နယ်မြေပိုင်စိုးရေး အပါအဝင် လုံခြုံရေးလိုအပ်ချက်ကြောင့် ရန်လိုမှုတွေလည်း ပေါက်ဖွားလာတယ်။ ဒီလိုနဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဝန်းကျင်ဟာ ရန်သူတွေ ခြေချင်းလိမ်နေတဲ့ ကွင်းပြင်ဖြစ်နေသလား…..။

ယုံကြည်မှုတည်ဆောက်ရေး

ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ဖို့အတွက် အဓိက လိုအပ်ချက်က “ယုံကြည်မှု” ဖြစ်ပါတယ်။ အချင်းချင်း အကြား ယုံကြည်မှုဖြစ်ပါတယ်။ ဒါ့ကြောင့် ဆရာကြီး ဒဂုန်တာရာရဲ့ သွန်သင်ချက်အရ၊ ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်ဖို့ အရေးအကြီးဆုံးဟာ အချင်းချင်းအကြား ယုံကြည်မှုဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။ အချင်း အချင်းအကြား ယုံကြည်မှုမြင့်ဖို့အတွက် ယုံကြည်မှုတည်ဆောက်ရေး (trust building) ဟာ အရေးအကြီးဆုံး ဖြစ်လာတယ်။

မြန်မာပြည်ဟာ အချင်းချင်းအကြား ယုံကြည်မှု ပျက်ယွင်းနေတဲ့လူ့အဖွဲ့အစည်းအားကြီးနေတယ်။ တစ်ယောက်ကို တစ်ယောက် မယုံနိုင်ကြဘူး။ တစ်ဦးကို တစ်ဦး မယုံကြည်နိုင်ကြဘူး။ ယုတ်စွအဆုံး… ကိုယ့် ကိုယ်ကိုတောင် မယုံနိုင်ဘူး။ ယုံကြည်ဝက်အချင်းဝက်တိုတဲ့အခါ၊ ယုံကြည်မှုစက်ဝိုင်းကျဉ်းမယ်။ ယုံကြည်မှု အချင်းဝက် ရှည်လေလေ၊ ယုံကြည်မှုစက်ဝိုင်းကျယ်လေလေဖြစ်ပါတယ်။ ယုံကြည်မှုစက်ဝိုင်းကျယ်လေလေ၊ ကိုယ့်ဝန်းကျင် ကျယ်လေလေဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတဲ့၊ အချင်းချင်းအကြား ယုံကြည်မှုလည်း နိမ့်ပါးတဲ့၊ ဘာကိုမှလည်း မယုံကြည်တတ်တဲ့၊ သံသယသိပ်များ တဲ့ လူ့အဖွဲ့အစည်းဖြစ်နေသလားလို့ မေးစရာရှိပါတယ်။ ကိုယ်ကကျူး ကိုယ့်ဒူးကိုတောင် မယုံရတဲ့ လူ့အဖွဲ့ အစည်းမှာ၊ ရန်သူတွေဟာ မိတ်ဆွေဖြစ်လာပါ့မလား။ ရန်သူတွေဟာ မိတ်ဆွေဖြစ်လာနိုင်ချေ ရှိပါ့မလား….

စိုးရိမ်စရာဖြစ်ပါတယ်။

ပုံကိုကြည့်ပါ။
ယုံကြည်မှုအချင်းဝက် တိုတဲ့အခါ စက်ဝိုင်းက ကျဉ်းတယ်။
ယုံကြည်မှုအချင်းဝက် ရှည်တဲ့အခါ စက်ဝိုင်းက ကျယ်တယ်။

အခြေခံလိုအပ်ချက်

ယုံကြည်မှုတည်ဆောက်ဖို့အတွက် အခြေခံလိုအပ်ချက်ဟာ ဘာဖြစ်ပါသလဲ။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုအစေးကပ်ဖို့၊ လုပ်ဆောင်ရမယ့်ကိစ္စတွေဟာ ဘာဖြစ်နိုင်ပါသလဲ။ လူတွေဟာ တစ်ယောက်ကို တစ် ယောက် ဘာ့ကြောင့် မယုံကြည်နိုင်ကြတာလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖို့ လိုပါတယ်။

ပထမလိုအပ်ချက်

ကိုယ်လုပ်နေတဲ့လုပ်ရပ်တွေဟာ မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုပါတယ်။ မှန်ကန်တဲ့အလုပ်ကိုလည်း လုပ်နေဖို့ လိုပါ တယ်။ လုပ်ရပ်တွေ မှန်ကန်နေခြင်း၊ မှန်ကန်တဲ့အလုပ်ကို လုပ်နေခြင်းဟာ ယုံကြည်မှု တည်ဆောက်ရာမှာ အသုံးဝင်တယ်။ အရေးကြီးတယ်။ ပထမဆုံး အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ မှန်ကန်တဲ့လုပ်ရပ်တွေကို မှန် မှန်ကန်ကန် လုပ်ဖြစ်ဖို့ ဘယ်အရာတွေက စေ့ဆော်တိုက်တွန်းပါသလဲ။

ဆရာတော် ရှင်ဇနကာဘိဝံသဟာ၊ သူတည်ထောင်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ စည်းကမ်း (၁၀) ချက်ကို ထုတ်ထားပါတယ်။ အဲသည့်စည်းကမ်းရဲ့ ပထမဆုံးအချက်က “စိတ်ကောင်းရှိဖို့ ပထမ” ဖြစ်ပါတယ်။ ဒီအချက် ကို ကျနော် ငယ်ငယ်တုန်းကတည်းက ကြားဖူးပေမယ့်၊ ကျနော် အမှုမဲ့အမှတ်မဲ့ပဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ့နောက်ပိုင်း လူလောကထဲ တိုးဝင်လာလေလေ၊ အလုပ်တွေ အများကြီးပိုလုပ်ဖြစ်လာလေလေ၊ လူအများနဲ့ ပိုပြီးဆက်ဆံဖြစ်လေလေ…. ဆရာတော်ရဲ့ သွန်သင်ချက်ဖြစ်တဲ့ စိတ်ကောင်းရှိဖို့ ပထမ ဆိုတာကို ပိုနားလည် လာလေလေဖြစ်ပါတယ်။ ပိုလည်း ကြိုက်လာလေလေဖြစ်လာပါတယ်။ စိတ်ကောင်းရှိဖို့ ပထမ။ စိတ်ကောင်း ရှိဖို့ ပထမ။

လုပ်ရပ်တွေ မှန်ကန်ဖို့အတွက် စိတ်ကောင်း မရှိရင် မရပါဘူး။ မှန်မှန်ကန်ကန် လုပ်နိုင်ဖို့အတွက်လည်း စိတ်ကောင်းမရှိရင် မရပါဘူး။ သမိုင်းကို ပြန်ကြည့်ပါ။ စိတ်ကောင်းမထားဘဲ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဂုဏ်သိက္ခာအားဖြင့် ငြိုးချုံးကျနေတဲ့ လူအုပ်စုတွေကို မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ကောင်း မရှိတဲ့သူဟာ စိတ်ကောင်း မရှိတဲ့သူ၊ သူယုတ်မာ စရိုက်အတိုင်းပဲ နေထိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြောင်ပြောင်ပါပဲ။ မရှက် တတ်ပါဘူး။ မကြောက်တတ်ပါဘူး။ မျက်နှာပြောင်တိုက်နေဆဲပါပဲ။

ဒီလိုလူ့အဖွဲ့အစည်းမျိုးမှာ ရန်သူကို မိတ်ဆွေ မလုပ်နိုင်တာကတော့ သိပ်မဆန်းလှပါဘူး။
စိတ်ကောင်းဟာ ရိုးသားမှုဓာတ်ခံကနေ ပေါက်ဖွားတယ်ဆိုတာ နားလည်ရင် ရပါပြီ။ ရိုးသားမှု မရှိရင်တော့ စိတ် ကောင်းလည်း မထားနိုင်။ စိတ်ကောင်းမထားနိုင်ရင် လုပ်ရပ်တွေလည်း မမှန်ကန်တော့ဘူး။ မှန်ကန်တဲ့လုပ်ရပ် တွေကိုလည်း လုပ်နိုင်စွမ်း မရှိတော့ဘူး။ ရိုးသားမှုဟာ အခြေခံကျပါတယ်။

ဒုတိယလိုအပ်ချက်

အချင်းချင်းအကြား ယုံကြည်မှုမြင့်လာဖို့အတွက် ဒုတိယအရေးအကြီးဆုံးကတော့၊ ဆက်သွယ်ရေး ပုံစံဖြစ်ပါ တယ်။ ပြောဆိုဆက်ဆံရေးသဘောထားဖြစ်ပါတယ်။

ကိုယ်ဟာ တစ်ဖက်လူကို ဘယ်လို ပြောဆိုဆက်ဆံသလဲ၊ ဘယ်လို ပြောဆိုပြုမူသလဲ၊ ဘယ်လိုစိတ်နေသဘော ထားမျိုးနဲ့ ဆက်ဆံသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့၊ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုရှိလာကြတာ ဖြစ်ပါတယ်။ စရိုက်ကြမ်းလွန်းတဲ့ဆက်ဆံရေးမျိုးနဲ့ ယုံကြည်မှုတည်ဆောက်လို့ မရပါ။ အပေါ်ယံရွှေမှုန်ကြဲ အထဲက နွားချေးခံ ဆိုတဲ့ စရိုက်မျိုးနဲ့လည်း ယုံကြည်မှုတည်ဆောက်လို့ မရပါ။ အပြင်မှာတော့ ပြုံးပြုံးဆက်ဆံ ပေမယ့်၊ အခွင့်အရေးရရင် နောက်ကျောဓားနဲ့ထိုးမယ့်စရိုက်မျိုးနဲ့လည်း ယုံကြည်မှုကို တည်ဆောက်လို့ မရပါဘူး။

ယုံကြည်မှုအချင်းဝက် ရှည်ရှည်ဆန့်ထွက်နိုင်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ပြုမူ ဆက်ဆံကြတဲ့ သဘောထားပုံစံဟာ သိပ်အရေးကြီးပါတယ်။ လူတွေအချင်းချင်းအကြား ယုံကြည်မှုပိုမြဲမြံလာအောင် ပြုမူရမယ့် ဆက်ဆံရေးပုံစံ၊ ဆက်ဆံရေးပုံသဏ္ဍန်တွေကို နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။

တတိယလိုအပ်ချက်

အခြေခံသဘောထား။ တနည်း အခြေခံမူ။ ပန်းတိုင်တူ။ ယုံကြည်ချက်တူ။ ခံယူချက်တူ။ လမ်းစဉ်တူ။ လမ်း ကြောင်းတူ။

ယုံကြည်မှုတည်ဆောက်ဖို့အတွက် နောက်ထပ် အရေးအကြီးဆုံးအချက်ကတော့၊ အခြေခံမူဝါဒနဲ့ သဘောထား တွေ တူညီကြဖို့ဖြစ်ပါတယ်။ နည်းလမ်းအားဖြင့်၊ မဟာဗျူဟာအားဖြင့် ကျင့်သုံးမှု ကွဲလွဲချင် ကွဲလွဲမယ်။ ကိစ္စ မရှိပါဘူး။ ဒါပေမယ့် common ground ကတော့ တူရမယ်။ အခြေခံမူမှာတော့ တူရမယ်။ အခြေခံအကျိုးစီးပွား မှာတော့ လာစုဆုံရမယ်။ ပန်းတိုင်တူရမယ်။ လမ်းချင်းတူရင် လူချင်းတွေ့တယ်လို့ ဆရာကြီး ဟံသာဝတီ ဝင်းတင်က ပြောခဲ့ဖူးပါတယ်။ လမ်းချင်းတူရင် လူချင်းတွေ့ပါလိမ့်မယ်။ လူချင်းတူရင်လည်း လမ်းချင်းတူနေပါ လိမ့်မယ်။ ဒီတော့ ပန်းတိုင်တွေ တူညီဖို့၊ အခြေခံမူတွေမှာ အကြေအလည် ညှိနှိုင်းနိုင်ကြဖို့ လိုပါတယ်။ မဟာဗျူဟာနဲ့ နည်းလမ်းတွေဟာ တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။ လုပ်ငန်းနယ်ပယ်သဘောသဘာဝ မတူညီတာ ဖြစ်တာကြောင့် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကွဲခြားလိမ့်မယ်။ ကိစ္စ မရှိပါဘူး။ လမ်းချင်းတူဖို့သာ လိုပါတယ်။

လမ်းချင်းတူရင်တော့ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ဖို့ မခဲယဉ်းဘူးလို့ ယူဆနိုင်ပါရဲ့။

စတုတ္ထလိုအပ်ချက်

ယုံကြည်မှုတည်ဆောက်ဖို့အတွက် နောက်ထပ်လိုအပ်ချက် တစ်ခုရှိပါသေးတယ်။ ခံစားချက်ကို ထိန်းချုပ် ကွပ်ကဲ နိုင်စွမ်းဖြစ်ပါတယ်။

လူတော်တော်များများဟာ ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး။ ခံစားချက်ကို မစီမံ မခန့်ခွဲနိုင်ဘူး။ ခံစားချက်ကို မကွပ်ကဲနိုင်ကြဘူး။ ဒီလိုနဲ့ ရန်သူတွေ အလိုလို မွေးမြူမိလျက်သားဖြစ်သွားတတ်ကြတယ်။ ဒါကို သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် လူအများကို ဦးစီးဦးဆောင် ပြုနေတဲ့ ခေါင်းဆောင်လူကြီးတွေဟာ ခံစားချက်ကို စီမံ ခန့်ခွဲတတ်ဖို့ အလိုအပ်ဆုံးလူသားတွေဖြစ်ပါတယ်။ ဒါကို နားလည်သင့်တယ်။

ခံစားချက်ကို စီမံခန့်ခွဲတတ်တဲ့သူကို EQ (Emotional Quotient) မြင့်တယ်လို့ ပြောတယ်။ ဒါဟာ ခေတ်သစ်မှာ ခေါင်းဆောင်မယ့် ခေါင်းဆောင်တွေအတွက် အလိုအပ်ဆုံး လိုအပ်ချက်ပါပဲ။ ခံစားချက်တွေကို စီမံခန့်ခွဲတတ်ဖို့ အတွက် အသိဉာဏ်လိုပါတယ်။ ဆင်ခြင်တုံတရား လိုပါတယ်။ ဗုဒ္ဓ အဟောမှာ ဉာဏ်နဲ့ ချွန်းအုပ်ရမယ်၊ သတိနဲ့ ချွန်းအုပ်ရမယ်လို့ အဟောရှိပါတယ်။ ဉာဏ်ဟာ ခံစားချက်ကို ထိန်းသိမ်းတည့်မတ်ပေးနိုင်ပါတယ်။ သတိဟာ ခံစားချက်တွေကို စီမံခန့်ခွဲနိုင်ပါတယ်။ ဆင်ခြင်တုံတရားကို သတိနဲ့တွဲရင် တော်တော်များများဟာ ယုံကြည်မှု မြင့်မားတဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာမယ်လို့ ယူဆပါတယ်။ ယုံကြည်ပါတယ်။

ပဉ္စမလိုအပ်ချက်

အတ္တမကြီးနဲ့။

အတ္တကြီးလွန်းတဲ့လူကို လူတွေ မယုံကြည်တတ်ကြဘူး။ လူတွေ မယုံကြဘူး။ လူဆိုတာ အတ္တကိုယ်စီရှိကြတာ ထုံးစံပါပဲ။ ဒါပေမယ့် ကိုယ့်အတ္တကြောင့် တပါးသူ ဒုက္ခမဖြစ်စေရဆိုတဲ့ မူကို ကိုင်ထားဖို့ လိုပါတယ်။ အတ္တကို ထိန်းကျောင်းရပါမယ်။ အတ္တကို တည့်မတ်ရပါမယ်။ အတ္တကို ကောင်းမွန်တဲ့လမ်းကြောင်းမှာ မွေးမြူဖို့ လိုပါတယ်။ နေရာတကာ ငါငါငါနဲ့ ငါတကောကောနေတဲ့သူဟာ ဘယ်လောက် ရိုးသားပါစေ၊ ယုံကြည်နိုင်ဖို့ ခက်ခဲပါတယ်။ ဘယ်လောက် တော်နေတတ်နေပါစေ…. ယုံကြည်နိုင်ဖို့ ခဲယဉ်းပါတယ်။ “ငို့ဘ” ဆိုတဲ့ စကားလုံး ကို ကာတွန်းဆရာတွေက သရော်ပြီး ကာတွန်းရေးကြပါတယ်။ ငို့ဘ ဆိုတာ ငါ့ဖို့ …. ဆိုတဲ့ သမားတွေကို ပြော တာဖြစ်ပါတယ်။ ငါဖို့တွေ များနေရင်၊ ငါတကောကောတာတွေ များနေရင်၊ ငါ့ဖို့ ငါ့မိသားစုဖို့၊ ငါသားဖို့ ငါ့မယားဖို့ ငါ့ဆွေမျိုးအသိုင်းအဝိုင်းဖို့၊ ငါ့လူမျိုးဖို့ ငါ့ဘာသာဖို့ ဆိုတာတွေကို အကန့်အသတ်မဲ့လွှတ်ထားပေးရင် ဘယ်တော့ မှ ယုံကြည်မှုမြင့်မားတဲ့ လူ့အဖွဲ့အစည်းဖြစ်မလာပါဘူး။

ဆဌမလိုအပ်ချက်

အမှားတွေ ရှိလာရင် ဝန်ခံ။

အမှားတွေကို ဝန်ခံတတ်ခြင်းဟာ ရိုးသားခြင်း ဓာတ်ခံဖြစ်ပါတယ်။ စိတ်ကောင်းရှိခြင်း ဓာတ်ခံဖြစ်ပါတယ်။ နားလည်မှုတွေ တည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးဖြစ်ပါတယ်။ ပေါက်တဲ့နဖူးမထူးပါဘူးဆိုတဲ့ ဇာတ်ခင်း လိုက်ခြင်းဟာ မကောင်းပါဘူး။ အများမှားလို့ လိုက်မှားတယ်လို့ ယူဆပြီး အမှားကို ဝန်မခံတာ မကောင်းပါဘူး။ အများမိုးခါးရေသောက်လို့ လိုက်သောက်တာဟာ မကောင်းပါဘူး။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက် စားလည်း ကြက်သွန်၊ အများညီလို့ “ဤ” ကို “ကျွဲ” ဖတ်တာ ဘာဆန်းသလဲ…. ဆိုတဲ့စိတ်ဓာတ်နဲ့ မရပါဘူး။

အမှားတွေကို ဝန်ခံဖို့ လိုပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့အတွက် အမှားတွေကို ဝန်ခံ။ နောက်ထပ် မမှားအောင်လည်း ဂရုစိုက်။ ဘုန်းကြီး ခေါင်းခေါက်ပြီး မှားပါတယ်တောင်းပန်လို့ မရပါ။ ပြင်ဆင်ရပါမယ်။ အမှားနဲ့ ထိုက်သင့်တဲ့ ပေးဆပ်မှုကို ပြုရပါ မယ်။ အမှားတွေကို နားလည်နိုင်တဲ့ ဉာဏ်ဓာတ်ရှိအောင်လည်း ကြိုးစာရပါမယ်။

@@@

ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အမှားတွေကို ဝန်ခံခြင်းဟာ အရေးကြီးတယ်။ အမှားတွေအပေါ် သင်ပုန်း ချေခြင်းဟာလည်း အရေးကြီးတယ်။

ဒီနည်းနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းအကြား ယုံကြည်မှုမြင့်မားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းကို တက်လှမ်းဖို့အတွက် တစ်ယောက် နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှုကွင်းပြင်ကျယ်လာအောင် လုပ်ကြဖို့ တိုက်တွန်းပါ တယ်။

• ပဋိပက္ခများ ငြိမ်းချမ်းပါစေ….
• အကျိုးစီးပွားတိုက်ပွဲများ ပြီးဆုံးပါစေ….
• လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ….

မင်းသေ့
ည ၉ း ၀၅
၂၃ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ မိုက်ရှုးရဲစိတ်ကလေး
Next post ▄ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု