မြန်မာပြည်မှာ၊ နိုင်ငံရေးဘာသာရပ်ကို တက္ကသိုလ်အဝန်းအဝိုင်းမှာ လွတ်လွတ်လပ်လပ် လေ့လာခွင့်ရတာ ၊ သိပ်မကြာသေးပါဘူး။ ဒါတောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ရင် သိပ်များများစားစား မဟုတ်သေးပါဘူး။ စစ်အစိုးရခေတ်မှာ၊ နိုင်ငံရေးကို တက္ကသိုလ်မှာ လေ့လာခွင့် မရှိ။ ရှိတဲ့ နိုင်ငံတကာဆက်ဆံရေးလို ဘာသာရပ် မျိုးမှာတောင်၊ လေ့လာမှု အကန့်အသတ်၊ ကျမ်းရေးမှု အကန့်အသတ်တွေကြားမှာ ရှင်သန်လာခဲ့ရတာဖြစ်ပါ တယ်။ နိုင်ငံတကာနဲ့ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ခွင့် မရသလို၊ မဆလခေတ်မှာ လူနှင့် အညမညသဘောတရားကိုပဲ နိုင်ငံရေးလုပ်ပြီး အဟုတ်ထင်ခဲ့ရတဲ့ အခြေအနေက ဖြတ်သန်းလာခဲ့ရတာဖြစ်ပါ တယ်။ ဆိုရှယ်လစ်ဘောင်နဲ့ အကန့်သတ်ခံခဲ့ရတော့၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားလို့ရတဲ့ လစ်ဘရယ်နိုင်ငံရေးလေ့လာမှု မဖြစ်ထွန်းခဲ့ဘူး။ စာအုပ်စာတမ်းဆိုတာလည်း ပြည်သူက များများစားစား လွတ် လွတ်လပ်လပ် ဝယ်ယူဖတ်ရှုနိုင်တာ မဟုတ်ဘူး။ တချို့သော လူအစုကတော့ အလှမ်းမှီကြပေမယ့်၊ တစ်နိုင်ငံ လုံးနဲ့ ချီရင် ခေတ်သစ်နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဆက်နွှယ်တဲ့စာအုပ်စာတမ်းတွေဟာ အကန့်အသတ်ခံရလို့၊ ပြည်သူက အလှမ်းမမှီဘူး။ ပြည်သူက နေ့စဉ်စားဝတ်နေရေးအတွက် လုံးပန်းနေရလို့၊ ဒါတွေကို လေ့လာရ ကောင်းမှန်း မသိသလို၊ လေ့လာဖို့လည်း အခွင့်အရေး မပေးဘူး။ လေ့လာစရာလည်း အခြေအနေမရှိခဲ့ဘူး။

နိုင်ငံရေးလေ့လာမှုနဲ့ပတ်သက်ရင် မြန်မာတွေဟာ တက္ကသိုလ်အသိုင်းအဝိုင်းမှာ သိပ်များများစားစား၊ နက်နက်နဲ နဲ လေ့လာခွင့် မရကြတာများပါတယ်။ ဒါပေမယ့်၊ ဆရာကောင်း သမားကောင်းနဲ့ မှီးပြီး နေနိုင်လို့ သမိုင်းနဲ့ ဆက်နွှယ်ပြီး နိုင်ငံရေးကို လေ့လာခွင့်ရသူတွေလည်း ရှိမယ် ထင်ပါတယ်။ ဘယ်လိုပဲပြောပြော စစ်အစိုးရခေတ် ကို ရာစုနှစ်တစ်ဝက်နီးပါး ရောက်ရှိခဲ့တဲ့မြန်မာပြည်ဟာ၊ စနစ်တကျ နိုင်ငံရေးလေ့လာမှုနဲ့ အလှမ်းကွာဝေးခဲ့ တယ်။ အခုလည်း အလှမ်းကွာဝေးနေဆဲဖြစ်တယ်။ ယခင်ကထက်တော့ တော်သေးတယ်လို့ ဆိုရမယ်။ ဖြေလျော့ရေးဖြစ်စဉ်တွေရဲ့ ကျေးဇူးပြုမှုကြောင့် အခွင့်အလမ်းတွေ ပွင့်လာလို့၊ လုံ့လဝီရိယစိုက်ထုတ်သူတွေ ပြည်တွင်းမှာ အနည်းအကျဉ်းတွေ့လာရတယ်။ ပြည်ပကို ထွက်ပြီးလေ့လာနိုင်တဲ့ မျိုးဆက်ဟောင်း လူလတ်ပိုင်း ၊ လူကြီးပိုင်း အုပ်စုလည်း မြန်မာပြည်မှာ လှုပ်ရှားသွားလာခွင့်ရလို့၊ နိုင်ငံရေးနဲ့ပတ်သက်ရင် မြန်မာပြည်ဟာ အတော်အတန် မျက်စိပွင့်လာကြပြီလို့ ပြောလို့ရမယ်။ အင်တာနက်အွန်လိုင်းကိုလည်း လူထုရဲ့ တစ်ဝက်နီးပါး လောက်က အသုံးမှီလာကြလို့၊ မျက်စိပိတ်နားပိတ်တော့ မဟုတ်တော့ဘူး။ ထားတော့။

ဒီနေရာမှာ၊ နိုင်ငံရေးလေ့လာမှုနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ မြန်မာပြည်မှာ၊ နိုင်ငံရေးကို ကောင်းကောင်း နားလည်သဘောပေါက်ချင်ရင်၊ အခုအချိန်အထိ ကိုယ်တိုင်လေ့လာသင်ယူမှု (self-study) မလုပ်ဘဲနဲ့ ရကို မရနိုင်ဘူး။ သင်တန်းတွေ၊ ဖိုရမ်တွေ၊ ဘွဲ့လွန်ဒီပလိုမာတွေ၊ ရက်ရှည်ပို့ချချက်တွေ ရှိနေပေမယ့်လို့ နိုင်ငံရေးကို ဂဃနဏနဲ့ ကြေကြေညက်ညက် နားလည်ချင်ရင် ဒါတွေကိုချည်းပဲ အားကိုးလို့ မရဘူး။ ကိုယ့်ဘာသာလုပ်မှ ရလိမ့်မယ်။ ဟိုးယခင်ကလည်း မြန်မာတွေဟာ နိုင်ငံရေးကို နားလည်ချင်ရင် ကိုယ့်ဘာသာ စာအုပ်တွေ ရှာကြံ ဖတ်ပြီး နားလည်အောင် လုပ်ခဲ့ကြရတာချည်းပဲ။ ဒါပေမယ့် ဒီနေ့ခေတ်ကတော့ သုတေသနနည်းကျကျ၊ စနစ် တကျ လေ့လာချည်းကပ်မှု လုပ်နိုင်အောင် လေ့ကျင့်၊ ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းအနည်းစု ပေါ်လာလို့ ကောင်းသောလက္ခဏာလို့ ပြောလို့ ရမယ်။ ဘယ်လိုပဲ အခြေအနေတွေ ကောင်းကောင်း၊ သတင်းအချက် အလက်တွေ ပွင့်ပွင့်၊ နိုင်ငံရေးကို အခြေခံအားဖြင့် ကြေကြေလည်လည် နားလည်ဖို့ဆိုရင်တော့ ကိုယ်ကိုယ်တိုင် က ညစ်အားပေးပြီး အားထုတ်မလေ့လာရင် မသိနိုင်ဘူး။ နားမလည်နိုင်ဘူး။ အစည်းအဝေးတွေ၊ စကားဝိုင်း ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ ရက်တို သင်တန်းတွေ တက်ပြီး သူများတွေ မြည်တွန် တောက်တီးသလို လိုက်ပြီး မြည်တတ်၊ တွန်တတ်၊ အာတတ်ဖို့ကတော့ သိပ်မခက်ပါဘူး။ ဒီနေ့ခေတ်မှာ ပိုလို့ တောင် လွယ်ပါသေးတယ်။

ဒါပေမယ့် အခြေခံနိုင်ငံရေးလေ့လာမှုမှာ ကြေညက်ဖို့ကတော့ လွယ်လွယ်နဲ့ မရနိုင် ဘူး။ အချိန်တိုအတွင်းမှာလည်း မရနိုင်ဘူး။ ဖြတ်လမ်းနည်းသုံးပြီး လုပ်ရင်လည်း ရနိုင်ဘူး။ ဘွဲ့ကြီးကြီးရထားပြီး ရင်တောင် အခြေခံသဘောတရားကို ကြေကြေညက်ညက် သဘောပေါက် နားမလည်တာတွေ ရှိနိုင်တယ်။ ရှိလည်း ရှိနေတာပဲ။ ပြည်ပပညာသင်ဆုရလို့ သွားတက်လိုက်ပေမယ့်၊ တကယ့်နိုင်ငံရေး သဘောကို မဆုပ်ကိုင် မိတဲ့လူတွေလည်း ဒီနောက်ပိုင်း တွေ့လာရတာပဲ။ ဒီတော့ ကိုယ်တိုင် ကြေကြေညက်ညက် စိမ်ပြေနပြေ လေ့လာအားထုတ်မှု မနက်နဲခဲ့ရင်၊ အခြေခံနိုင်ငံရေးမှာ မခိုင်ဖြစ်နေလိမ့်မယ်။ အခြေမခိုင်ဘဲ အပေါ်ထပ် အဆင့်တွေ ပိုးပိုးဆောက်တဲ့အခါမှာ၊ အခြေမခိုင်လို့ ယိုင်တာတွေ အများကြီးတွေ့နေရတယ်။ ဒီလို အခြေခံ နိုင်ငံရေး လေ့လာမှုအောက်သက် မကျေခဲ့သူတွေ ထုတ်တဲ့ ထုတ်ကုန်တချို့ကို ကြည့်ရင် အလွယ်တကူ သိနိုင် ပါတယ်။

ဒီတော့ ဒီနေရာမှာ ပြောချင်တာက၊ နိုင်ငံရေးဖြစ်စဉ်ကို ခြုံငုံသဘောအပါအဝင် အသေးစိတ်ကြည့်နိုင်မြင်နိုင်ဖို့ အတွက်၊ အခြေခံ နိုင်ငံရေးလေ့လာချက်ဟာ ကျေမှရလိမ့်မယ်။ သည်လိုဖြစ်ဖို့အတွက်ဆိုရင် တခြားသူ အားကိုး လို့ သိပ်မရဘူး။ တခြားသော လူနဲ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေက အထောက်အကူပေးတာ၊ လမ်းညွှန် တာ၊ ကူညီတာပဲ လုပ်နိုင်မယ်။ တကယ်တတ်ဖို့က ကိုယ်ကိုယ်တိုင် လုပ်ရမှာ။ ကိုယ်တိုင်တိုင် လုပ်တဲ့နေရာမှာ လည်း အလှမ်းကျယ် အလယ်လပ်လို့ မရဘူး။ မြင့်မြင့်ဆောက်ချင်ရင် နက်နက်တူးဆိုတာ ရှိတယ်။ အခြေခံ နိုင်ငံရေး သဘောတရားတွေ လေ့လာမှုမှာ၊ နက်နက် တူးနိုင်လေလေ ကောင်းလေလေပဲ လို့ ပြောချင်တယ်။ ဒီ့အတွက် စိတ်ရှည်မှု လိုတယ်။ မလောရဘူး။ စိမ်ပြေနပြေ အေးအေးဆေးဆေး လေ့လာဆည်းပူးဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုလိုတယ်။ နိုင်ငံတကာ စာအုပ်တွေကို အရင် မလှမ်းနိုင်ခင်၊ မြန်မာလို ရေးသားပြုစု ထားတဲ့ စာအုပ်တော်တော်များများကို ဖတ်ဖို့ လိုတယ်။ ဖတ်တဲ့နေရာမှာလည်း အေပါ်ယံရှပ်ဖတ်လို့ မရဘူး။ ကြေကြေညက်ညက် ဖတ်ဖို့ လိုတယ်။ ဖတ်ရင်လည်း သဘောပေါက်ဖို့ ကြိုးစားရမယ်။ နားလည်ဖို့ ကြိုးစားရ မယ်။ စာဆိုတာ ဖတ်တိုင်း သဘောပေါက် နားလည်တာ မဟုတ်ဘူး။ ဒီတော့ ဖတ်ရင် ငါ နားလည်ရဲ့လားလို့ မေးမေးပြီးဖတ်မှရမယ်။ ဖတ်ရင်လည်း ဖတ်တဲ့အရာတိုင်းကို ချက်ချင်းအမှန်လို့ ယူဆပြီး ဆုံးဖြတ်ကောက်ချက် အပြီး ချလို့ မရဘူး။ သံသယစိတ်နဲ့ ဖတ်ရမယ်။ ဖတ်သမျှ အားလုံးကို လိုက်ယုံနေလို့ မရဘူး။ စူးစမ်းတဲ့စိတ်နဲ့ ဖတ်မှကောင်းမယ်။

နိုင်ငံရေးသမိုင်း

နိုင်ငံရေးကို လေ့လာတဲ့အခါမှာ၊ သမိုင်းက စပြီးလေ့လာတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့၊ ချက်ချင်း လက်ငင်း အဘိဓမ္မာတွေ၊ သဘောတရားတွေ၊ ဖီလိုဆော်ဖီတွေကို တက်ပြီး ကိုင်လိုက်ရင် လည်သွားမယ်။ ဒီတော့ သမိုင်းက စဖို့ လိုတယ်။ သမိုင်းက စတဲ့နေရာမှာလည်း အစ ပထမလေ့လာသူအဖို့တော့၊ သမိုင်းဟာ ပျင်းရိငြီးငွေ့စရာ ကောင်းနိုင်တယ်။ ပြီးတော့ သမိုင်းမှာ လေ့လာမှုအခွဲတွေ ရှိတော့ အပိုင်းအစအလိုက် ဟိုဟာ စပ်စပ်စပ်စပ် ဒီဟာ စပ်စပ်စပ်စပ် နဲ့ ဟိုတစ်ကွက် ဒီတစ်ကွက် ကွက်ကြားကွက်ကြားနဲ့ အစကောက်လို့ မရ အောင် လျှောက်ဖတ်နေရင်လည်း သိပ်တော့ ခရီးတွင်လှမယ် မထင်ဘူး။ ဒီတော့ သမိုင်းစစ်စစ်ဆိုတာကို စပြီး မလေ့လာခင်၊ အတ္ထုပ္ပတ္တိတွေက စပြီး လေ့လာမှကောင်းမယ်။ အတ္ထုပ္ပတ္တိစာပေတွေဟာ၊ သမိုင်းလေ့လာမှု အတွက် နိဒါန်းအစပဲ။ အတ္ထုပ္ပတ္တိတွေ အများကြီး ရှိတယ်။ အမျိုးမျိုး ရှိတယ်။ တစ်ဦးချင်းရေးတာ ရှိတယ်။ လူအများကြီးကို စုရေးထားတာ ရှိတယ်။ ကိုယ်တိုင်ရေး ရှိတယ်။ တစ်ပါးသူက ရေးသားပြုစုတာ ရှိတယ်။ အော်တိုဂရပ်ဖီဆိုတာကတော့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ။ ဘိုင်အိုဂရပ်ဖီဆိုတာကတော့ သူများက ရေးထားတဲ့ လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်း။ ကမ္ဘာ ရှိမယ်။ မြန်မာရှိမယ်။ မြန်မာမှာတော့ လူပုဂ္ဂိုလ်ရှိမယ်။ ဘုန်းကြီး ရဟန်းသံဃာတို့ရဲ့ ထေရုပ္ပတ္တိတွေ ရှိတယ်။ အတ္ထုပ္ပတ္တိဆိုတာ လူကို လေ့လာခြင်းပဲ။ သမိုင်းလေ့လာခြင်းမှာ အတ္ထုပ္ပတ္တိတွေကနေ စပြီး လေ့လာတာ ပိုလို့ တွင်ကျယ်နိုင်တယ်။ ပိုလို့ အရာရောက်နိုင်တယ်။ ဘယ်လို အတ္ထုပ္ပတ္တိမျိုးကိုဖတ်ရမလဲဆိုတော့၊ နိုင်ငံရေးဆိုတာ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ကိစ္စပဲ။ နိုင်ငံရေးဆိုတာ လူ့ကိစ္စပဲ။ လူ့အရေးအရာတွေကို လေ့လာတဲ့ကိစ္စပဲ။

ဒီတော့ နိုင်ငံရေးလေ့လာမှုအတွက် လူသားသမိုင်းကို လေ့လာရတာက အခြေခံပဲ။ လူသားသမိုင်းကို လေ့လာဖို့အတွက် အစပထမမှာ၊ အတ္ထုပ္ပတ္တိတွေနဲ့ စတင်ရတာ အကောင်းဆုံးပဲ။ အတ္ထုပ္ပတ္တိတွေဆိုတာ လူသားဇာတ်ကြောင်းတွေကို ပြောတာ။ လူသားဇာတ်ကြောင်းဆိုတာ မှာလည်း နယ်ပယ်အမျိုးမျိုး၊ အလွှာအသီးသီးက လူတန်းစားပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ က လူတွေရဲ့ အကြောင်းတွေကို မှတ်တမ်းတင်ထားတာ။ ဒါတွေကို အစုံစုံဖတ်နိုင်လေလေ ကောင်းလေလေပဲ။ နိုင်ငံရေးလေ့လာမှာပဲဆိုပြီးတော့ နိုင်ငံရေးနယ်နဲ့ မသက်ဆိုင်တဲ့လူတွေအကြောင်းကို မလေ့လာလို့ မရဘူး။ နိုင်ငံရေးကိစ္စဟာ လူ့အရေးအရာကိစ္စ၊ လူ့အဖွဲ့အစည်းကိစ္စဖြစ်လို့ လူ့အရေးအရာနဲ့ အကြုံးမဝင်တဲ့ လူဆိုပြီး ရှိကို မရှိဘူး။ ဘာသာရေးခေါင်းဆောင်တွေ အကြောင်းလည်း လေ့လာဖို့ လိုတာပဲ။ ဘုန်းကြီးသံဃာတွေ အကြောင်းလည်း ဖတ်ဖို့ လိုတာပဲ။ သိပ္ပံပညာရှင်တွေ၊ တီထွင်ဖန်တီးသူတွေ၊ စာရေးဆရာတွေ၊ အနုပညာသမားတွေ၊ ပန်းချီဆရာတွေ၊ ပညာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ သူဌေးသူကြွယ်တွေ၊ တော်လှန်ရေး ခေါင်းဆောင်တွေ….စတဲ့ စတဲ့ လူမျိုးတစ်ရာ့တစ်ပါးအကြောင်းကို အစုံစုံလေ့လာရတာပဲ။

ဒီနေရာမှာလည်း အောင်မြင်ကျော်ကြားပြီး ထိပ်ဆုံးမှာ ရောက်နေတဲ့ သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ အကြောင်းကိုပဲ လေ့လာလို့ မရဘူး။ ဖတ်လို့ မရဘူး။ အောက်ခြေ နင်းပြား အညတရ လူသားတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ရေးသားထားတဲ့ အတ္ထုပ္ပတ္တိတွေ ရှိသလို၊ အတ္ထုပ္ပတ္တိဆန်ဆန် ရေးသားထားတဲ့ ဝတ္ထုဇာတ်လမ်းတွေလည်း ရှိတာပဲ။ ဒါတွေကိုလည်း သေချာဂရုတစိုက် ဖတ်ဖို့ လိုတယ်။ ဥပမာ – ဆရာကြီး မြသန်းတင့် ရေးခဲ့ဖူးတဲ့ အညတရ ရုပ်ပုံလွှာများဆိုတဲ့စာအုပ်ဟာ အောက် ခြေ လူထု အလွှာစုံက အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကို ချယ်မှုန်းရေးသားထားတဲ့ လူသားဘဝဇာတ် ကြောင်းစာအုပ်ပဲ။ ဒီလို စာအုပ်မျိုးတွေလည်း ဖတ်ဖို့ လိုတာပဲ။ ဒဂုန်တာရာကတော့ ရုပ်ပုံလွှာဆိုပြီးတော့ သူနဲ့ ထိတွေ့ခဲ့ဖူးတဲ့ နိုင်ငံရေးနဲ့ စာပေ၊ အနုပညာနယ်အသီးသီးက ထိပ်ပိုင်းပုဂ္ဂိုလ်တွေ အကြောင်းကို မူရင်းအဇ္ဈတ္တ ပေါ်အောင် တို့ထိ ရေးသွားခဲ့တာပဲ။ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာတွေဟာ တစ်အုပ်တောင် မဟုတ်ဘူး။ လေးငါးခြောက်အုပ်လောက်အထိ ရေးသားခဲ့ဖူးတယ်။ တော်တော်များများကတော့ ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာ စာအုပ် တစ်အုပ်ပဲ ကောင်းကောင်း သိကြတယ်။ ထားတော့။ နိုင်ငံရေးလေ့လာမှုမှာ သမိုင်းလေ့လာချက်ကို ထည့်ပြီးလေ့လာမှ ရမယ်လို့ ပြောခဲ့တယ်။ သမိုင်းကို လေ့လာတဲ့အခါမှာလည်း အတ္ထုပ္ပတ္တိတွေက စပြီး လေ့လာ မှကောင်းတယ်လို့ ကျနော် ပြောခဲ့တယ်။ အခုလို ပြောတာ beginner တွေ အတွက် ရည်ရွယ်ပြီး ပြောတာနော်။ စာသက်ကြေပြီးသား ဂရုတွေအတွက် မပါဘူး။ အခုပြောနေတဲ့အကြောင်းအရာကိုက အခြေခံနိုင်ငံရေးလေ့လာ ချက်ဆိုတော့၊ အခြေခံက စချင်သူတွေအတွက်ကို ဦးတည်ပြီး ပြောတာဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ ကို ညွှန်းချင်တာဖြစ်ပါတယ်။

ဒီတော့ အတ္ထုပ္ပတ္တိတွေကို အဖတ်များလာရင်း အတ္ထုပ္ပတ္တိရှင်တွေ ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ ခေတ်၊ စနစ်နဲ့ အချိန်ကာလတွေကို တွေ့လာရမယ်။ ဒီခေတ်ဟာ ဘာခေတ်လဲ။ ဘယ်လို အဖြစ်အပျက်တွေ ကြုံခဲ့သလဲ။ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေပြီး ပြည်တွင်းမှာရော ဘယ်လိုဖြစ်နေသလဲဆိုတာတွေ ကိုယ့်ဘာသာ မေးမိလာ မယ်။ ကိုယ်ဘာသာမေးမိလာရင်၊ ထပ်ပြီး သိချင်တော့မယ်။ ထပ်ပြီး သိဖို့အတွက်ဆိုရင် ထပ်ပြီး စူးစမ်းလေ့လာ ရတော့မယ်။ ဘယ်ခေတ်မှာ ဘယ်စနစ်ကို ကျင့်သုံးသလဲ။ အဲသည့်စနစ်ဟာ ဘယ်လို ဘယ်ပုံမျိုးလဲ။ ဒီစနစ် ဖြစ်ထွန်းလာတဲ့ ရေသောက်မြစ် ဝါဒသဘောတရားက ဘာလဲ။ ဘယ်လိုအချိန်မှာ ဘယ်လို အတွေးအခေါ်၊ အယူအဆ၊ အိုင်ဒီရော်လိုဂျီတွေ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သလဲ။ တည်ဆဲ အယူဝါဒတွေက ဘာတွေလဲ။ တော်လှန်ရေးအယူဝါဒတွေက ဘာတွေလဲ။ ဒီလိုနဲ့ သမိုင်းကနေ အတွေးအခေါ်၊ ဒဿနကိုပါ အစဆွဲမိလာလိမ့် မယ်။ ဒါဆိုရင် ထပ်ပြီး လေ့လာဖို့အတွက် အစ သစ် တစ်စ ထပ်ရပြန်ပြီ။

နိုင်ငံရေးအဘိဓမ္မာ (ခေါ်) နိုင်ငံရေး အိုင်ဒီယော်လိုဂျီတွေ လေ့လာဖို့လိုကြောင်း နောက်များမှ ထပ်ရေးပါမယ်။

မင်းသေ့
၉ း ၄၃
၁၃ ၊ ဇူလိုင် ၊ ၂၀၂၀ ။

Previous post ▄ ပညာတတ်လှုပ်ရှားမှု
Next post ▄ မိုက်ရှုးရဲစိတ်ကလေး