တကယ်တော့ စာရေးတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့် စာရေးခြင်းရဲ့ နောက်ကွယ်က စိတ်ဓာတ်ကတော့ အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က ရည်ရွယ်ချက်က အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က စာရေးသူရဲ့ စေတနာဟာ အရေးကြီးလာတယ်။ စိတ်ဓာတ်၊ စေတနာနဲ့ ရည်ရွယ်ချက်။

ဘာ့ကြောင့် စာရေးသလဲ…

စာရေးဖြစ်အောင် တွန်းအားပေးတဲ့အရာတွေက ဘာဖြစ်နိုင်ပါသလဲ။ အမျိုးမျိုးဖြစ်နိုင်တယ်။ အများအပြားဖြစ် နိုင်ပါတယ်။ စာဖတ်များလာရင်း၊ စာရေးချင်စိတ်ဖြစ်လို့ စာရေးမိတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ရုန်းကန် တင်းကျပ်နေတဲ့အတွေးတွေကို ဖောက်ထုတ်ချင်လို့ စာရေးတယ်။ မရေးရ မနေနိုင်လို့၊ အလေ့အကျင့်လို၊ အလေ့အထလိုဖြစ်နေလို့ စာရေးတယ်။ ဝမ်းရေးအတွက် စာရေးတယ်။ လူအသိအမှတ်ပြုခံချင်လို့ စာရေးတယ်။ သိထား၊ ခံစားထားတာကို တစ်ကိုယ်တည်း ဆုပ်ကိုင်မထားချင်ဘူး။ ဖြန့်ချိချင်တယ်။ ဒါ့ကြောင့် စာရေးတယ်။ ထင်ပေါ်ကျော်ကြားချင်လို့ စာရေးတယ်။ အပျင်းပြေလို့ စာရေးတယ်။ မှတ်တမ်းမှတ်ရာအတွက် စာရေးတယ်။ အနုပညာတစ်ရပ် ဖန်တီးချင်လို့ ရေးတယ်။ လူ့အဖွဲ့အစည်းအတွက် ရေးတယ်။ ဝါဒဖြန့်ချိချင်လို့ ရေးတယ်။ တော်လှန်ရေးအတွက် ရေးတယ်။ တည်ဆောက်ရေးအတွက် ရေးတယ်။ သိစေချင်လို့၊ နားလည်စေချင်လို့၊ ရှင်းပြချင်လို့၊ စဉ်းစားနိုင်အောင်လို့၊ ဗဟုသုတများပြားအောင်လို့၊ ပညာရပ် ဆိုင်တာ တိုးတက်ဖို့၊ စိတ်အာသာချင်ခြင်းဖြစ်နေလို့….စသည်ဖြင့် စာရေးဖြစ်ကြတယ်။

ဒီဘက်ခေတ်မှာတော့၊ အရေးပါ အရာရောက်ချင်လို့ စာရေးတဲ့သူတွေလည်း တွေ့လာရတယ်။ ထင်ပေါ်ကျော် ကြားချင်လို့ စာရေးတဲ့သူတွေလည်း တွေ့လာရတယ်။ personal branding (ကိုယ်ရည်သွေး) ဖို့ စာရေးတဲ့သူ တွေလည်း တွေ့လာရတယ်။ လော်ဖို့၊ ဆော်ဖို့ စာရေးတဲ့သူတွေလည်း တွေ့လာရတယ်။ သင်တန်းတွေ၊ ဟောပြောပွဲတွေမှာ လူ ပိုစည်လာစေဖို့၊ စာရေးပြီး စာအုပ်တွေ ထုတ်လာတာလည်းတွေ့လာရတယ်။ လူထု ထင်မြင်ချက်သဘောထားတွေကို ပုံဖော်ဖို့ စာရေးလာတာတွေလည်း တွေ့လာရတယ်။ သူများတွေ ရေးတာ အားကျလို့ လိုက်ရေးတာတွေလည်း တွေ့လာရတယ်။ စာရေးဆရာ အခေါ်ခံချင်လို့ စာရေးလာတာတွေလည်း တွေ့လာရတယ်။

ပထမဆုံး အကျိုးရှိသူ

ဒီခေတ်က စာရေးရတာ လွယ်လာတယ်။ စာအုပ်ထုတ်ရတာ လွယ်လာတယ်။ ဒါ့ကြောင့် စာရေးတဲ့သူတွေ ပိုများ လာတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲရေးရေး။ စာအုပ်ထုတ်ဖြစ်သည်ဖြစ်စေ၊ မထုတ်ဖြစ်သည်ဖြစ်စေ။ စာရေးရင်တော့ ပထမဆုံးအကျိုးရှိတဲ့သူ ရှိပါတယ်။ အဲဒါကတော့၊ စာရေးတဲ့သူ ကိုယ်တိုင်ပါပဲ။ ဘယ်လို အကြောင်းအရာမျိုး ရေးသည်ဖြစ်စေ၊ ဘယ်လိုအရေးအသားမျိုးနဲ့ ရေးသည်ဖြစ်စေ။ စာရေးခြင်းကိစ္စကို နာရီဝက်၊ တစ်နာရီ၊ နှစ်နာရီလောက် လုပ်နေတဲ့အချိန်အတွင်းမှာတော့ ကိုယ့်အတွေးတွေဟာ အဟောသိကံ ဖြစ်မနေဘူး။

• ကိုယ့်အသိဉာဏ်တွေဟာ လှုပ်နေတယ်။
• ဆူနေတယ်။
• ကွန့်မြူးနေတယ်။
• ဦးနှောက်ထဲမှာ အတွေး နဲ့ ခံစားမှုအသိတွေဟာ ဒွေးရောယှက်တင်ဖြစ်နေတယ်။
• အိုင်ဒီယာတွေက ကူးလူးနေတယ်။
• စကားလုံးတွေက ပြေးလွှားနေတယ်။
• ဝေါဟာရတွေက ကခုန်နေတယ်။
• ခံစားမှုတွေဟာ ဗလောင်ဆူနေတယ်။
• စူးစိုက်မှုဟာ ဦးတည်ရာရှိနေတယ်။
• မြော်မြင်မှုဟာ ရှည်လျားနေတယ်။
• အချက်အလက်တွေဟာ ပေါင်းစည်းနေတယ်။

ဒါဟာ စာရေးခြင်းရဲ့ အကျိုးပါပဲ။ စာရေးခြင်းအားဖြင့်၊ အရင်ဆုံးရတာက ကိုယ်ပါပဲ။ ရေးသူကိုယ်တိုင်ပါပဲ။ စာရေးတာက စာသင်ပေးတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ စာသင်ပေးတဲ့အခါ၊ စာသင်ပေးခံရသူ နားလည် မလည်တော့ မသိဘူး။ သူများကို သင်ပေးဖို့အတွက် ကိုယ်ကိုယ်တိုင်က အရင်ဖတ်ရတယ်၊ မှတ်ရတယ်၊ တွက် ရတယ်၊ နားလည်အောင် လုပ်ရတယ်။ ကိုယ်ကိုယ်တိုင် အရင် သိပြီး၊ နားလည်ပြီးမှ တပါးသူကို သင်ပေးရ တယ်။ သင်ပေးတဲ့အခါမှာလည်း သူနားလည်လွယ်တဲ့ ပုံစံမျိုးနဲ့ ဘယ်လိုသင်ရမလဲလို့ နည်းနာရှာရသေးတာပဲ။ အတတ်နိုင်ဆုံး နားလည်အောင် လုပ်ပေးဖို့ ရည်ရွယ်ပြီး သင်ပေးရတယ်။ အဆုံးစွန်ဆုံး…. ကိုယ့်ထက်တောင် ပို နားလည်တတ်သိသူဖြစ်အောင် သင်ပေးကြရတယ်။ စာသင်တဲ့အခါမှာ၊ သင်ပေးခံရသူက တတ် မတတ်၊ နား လည် မလည်ခြင်းကိစ္စကတော့ ဒုတိယကိစ္စ။ ကိုယ်ကိုယ်တိုင် နားလည်အောင် လုပ်ရတာကတော့ ပထမကိစ္စ။ ဒါ့ကြောင့် စာသင်တဲ့အခါ အရင်ဆုံး အကျိုးကျေးဇူးရတာကို ကိုယ်ကိုယ်တိုင်ပါပဲ။

စာရေးခြင်းမှာလည်း ထိုနည်းလည်းကောင်းပဲ။

• ဘယ်လို အကြောင်းအရာမျိုးကို ရေးသည်ဖြစ်စေ၊
• ဘယ်လို စာပေ အမျိုးအစားကို ရေးသည်ဖြစ်စေ၊
• ဘယ်လို အရေးအသားပုံစံမျိုးနဲ့ ရေးသည်ဖြစ်စေ၊
တကယ်တမ်း လက်တွေ့ရေးဖြစ်ဖို့အတွက် ပထမဆုံး လုံ့လထုတ်ရတာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်ကိုယ်တိုင် ဖတ်ရင်း၊ မှတ်ရင်း၊ ပြုစုရင်း၊ စုဆောင်းရင်း၊ သိအောင်၊ တတ်အောင်၊ နားလည်အောင်၊ သုံးသပ်နိုင်စွမ်းရှိအောင် ကြိုးစားရင်းနဲ့ စာရွက်ပေါ် လက်က ရေးမချခင် အရင်ဆုံး အကျိုးရနေတာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်ကိုယ် တိုင်က အရင်ဆုံးရနေတာပါပဲ။ ပြီးတော့ ရေးနေတယ်။ ရေးနေရင်းနဲ့ စဉ်းစားရတယ်။ ဘယ်လို စကားလုံး အသုံး အနှုန်းမျိုးကို ရွေးမလဲ။ ဘယ်လိုဝါကျတည်ဆောက်ပုံကို ရွေးမလဲ။ ဘယ်လို တင်ပြပုံနဲ့ ရေးမလဲ…. စတာတွေ ကို စဉ်းစားရတယ်။ ဒါဟာ စာသင်နည်းကို စဉ်းစားသလိုပါပဲ။ ကိုယ်သင်ပေးတဲ့လူရဲ့ စရိုက်၊ ဓာတ်ခံနဲ့ ကိုက်တဲ့ သင်ကြားရေးနည်းနာကို သုံးမှ အသင်ပေးခံရသူက ပေးသလောက်ရတယ်။ ရှင်းပြသလောက် နားလည်တယ်။

စာရေးတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဘယ်လို တင်ပြပုံကို သုံးမလဲဆိုတာ စဉ်းစားရတယ်။ အကြောင်းအရာအားဖြင့် ပိုင်နိုင်အောင် ကြိုးစားရတယ်။ အရင်ဆုံး အသိတိုးတာ ကိုယ်ကိုယ်တိုင်ပါပဲ။ အရင်ဆုံး အတွေးအခေါ်တွေ ကွန့်မြူးတာ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်က ရေးလိုက်ပြီးရင်လည်း လူအများဖတ်နိုင်တဲ့ ပလက်ဖောင်းပေါ် တင်ပေး၊ မတင်ပေးက မသေချာဘူး။

• တင်ပေးအုံးတော့။
• လူတွေ မြင်နိုင်အုံးမှ။
• လူတွေမြင်နိုင် အုံးတော့။
• လူတွေ ကောက်ဖတ်အုံးမှ။
• လူတွေ ကောက်ဖတ်အုံးတော့။
• လူတွေ အာရုံဝင်စားမှ။
• လူတွေ အာရုံဝင် စားအုံးတော့။
• လူတွေ လိုက်နိုင်မှ၊ နားလည်နိုင်မှ၊ စိတ်ဝင်စားမှ။
• လူတွေ လိုက်နိုင်၊ နားလည်နိုင်၊ စိတ်ဝင်စားနိုင်အုံးတော့။
• လူတွေ ကြိုက်အုံးမှ၊ လူတွေ လက်ခံအုံးမှ။
• လူတွေ ကြိုက်အုံး၊ လက်ခံအုံးတော့။
• လူတွေ ကာယကံမြောက်၊ ဝစီကံမြောက် အားပေးချီးမြှင့်အုံးမှ။

Process / Product

စာရေးတယ်ဆိုတာ process ဖြစ်ပါတယ်။ စာရေးဆရာဆိုတာလည်း process ဖြစ်ပါတယ်။ စာအုပ်နဲ့ စာဟာ product ဖြစ်ပေမယ့်၊ စာရေးခြင်းအလုပ်နဲ့ စာရေးဆရာရဲ့ ဘဝဟာ process ဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပါတယ်။ ဒီတော့ ဖြစ်စဉ်ကြီးတစ်ခုလုံး စည်းဝါးကိုက်ညီအုံးမှ။ ရမ်သမ် (rhythm) မှန်အုံးမှ။ ဖြစ်စဉ်မှန်မှ အနှစ်သာရမှန် ပါတယ်။ ဖြစ်စဉ်ကောင်း မှ အနှစ်သာရကောင်းပါတယ်။ ဖြစ်စဉ်ကြီးက ခေးအော့စ်ဖြစ်နေရင် အနှစ်သာရက လည်း ခေးအော့စ်ဖြစ်နေမှာ ပါပဲ။

ဒါ့ကြောင့် ရုပ်ရှင်ဒါရိုက်တာ ပန်းချီပညာရှင် ဂီတပညာရှင် စာပေပညာရှင် ဆရာကြီး ဦးဝင်းဖေ ပေးတဲ့ ဩဝါဒနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။

“လူတွေ အနေနဲ့ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ရဲရဲရင့်ရင့် တွေးခေါ်ကြဖို့၊ ခံစားကြဖို့၊ လုပ်ဆောင်ကြဖို့၊ ဖော်ကျူးကြဖို့။ နောက်…. တတ်နိုင်သမျှ ရိုးရိုးသားသား ဖြောင့်ဖြောင့် မတ်မတ်၊ တွေးတောကြဖို့၊ ပြောဆိုကြဖို့၊ ခံစားကြဖို့၊ လုပ်ဆောင်ကြဖို့။ ဒါပါပဲ။ ဆန်းဆန်းပြားပြား မပါပါဘူး။ ကျနော် ဝင်းဖေ ပါ….” တဲ့။

စွယ်စုံရအနုပညာရှင်ကြီး ဆရာ ဦးဝင်းဖေ ရဲ့ ဩဝါဒကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်ကြပါကုန်……

မင်းသေ့
နေ့လယ် ၁ း ၄၄
၁၉ ၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့။

Previous post ▄ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ
Next post ▄ သမိုင်းလေ့လာချက် အမြင်