စာပေ၊ ပညာရေး၊ လူ့အဖွဲ့အစည်း ဆိုသည့် ဝေါဟာရ အတွဲအစပ်ကို စဉ်းစားမိပါသည်။ မြန်မာပြည်သည်၊ နိုင်ငံရေးအပြောင်းအလဲတစ်ခုတည်းဖြင့် အားလုံး ပြီးမြောက်သွားမည် မဟုတ်ပါ။ နိုင်ငံရေးအပြောင်းအလဲနှင့် အတူ ပညာရေးအပြောင်းအလဲနှင့် လူမှုပြုပြင်ပြောင်းလဲရေးပါ တွဲဖက်၍ ပါလာမှ ရပါလိမ့်မည်။ လူမှုပြုပြင် ပြောင်းလဲရေးနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု မပါသော၊ မည့်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ မည်သည့် စီးပွား ရေးပြုပြင်ပြောင်းလဲမှုမှ အာမခံချက် မရှိနိုင်ပါ။ နိုင်ငံရေးသည် အချုပ်ဖြစ်သော်ငြားလည်း၊ ပညာရေးသည် အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ အထွေထွေသော ပြုပြင်ပြောင်းလဲရေးများသည် ပညာရေး၌ လာစုပါသည်။ လာဆုံပါသည်။ ပညာရေးပြုပြင်ပြောင်းလဲမှု မပါလျှင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသည် အစစ်အမှန် ပေါ်မလာ နိုင်။ ထိုနည်းလည်းကောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုသည် တစ်ပွဲထိုးကိစ္စသာဖြစ်လိမ့်မည်။ ရေရှည်၌ ကောင်းသော သက်ရောက်မှု မရှိနိုင်။ နိုင်ငံရေးနှင့် စီးပွားရေးကို ပတ်ဝိုင်း၍ သက်ရောက်နေသော လူမှု အပြောင်းအလဲ မဖြစ်လျှင်လည်း၊ လူ့အဖွဲ့အစည်းသည် မကြီးပွား။ မပြောင်ရောင်။ မတောက်ပ။ အဆင့်အတန်း မရှိ။ ဗလာ။ နတ္ထိ။

ကျနော့် ယုံကြည်ချက်မှာ၊ နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ပညာရေး အပြောင်းအလဲနှင့် လူမှုအပြောင်းအလဲ တို့ တွဲဖက်လုပ်ဆောင်မှ လူ့အဖွဲ့အစည်း၏ အရည်အသွေးသည် တစ်ဆင့်တက်လာမည်ဟု ယူဆပါသည်။ နိုင်ငံရေး၌သာ ခြေချုပ်မိနေ၍ လုပ်သင့်လုပ်ထိုက်သော ပညာရေးအပြောင်းအလဲကို မလုပ်ပါက၊ လူမှု အပြောင်း အလဲလည်း မဖြစ်။ နိုင်ငံရေး အပြောင်းအလဲလည်း မဖြစ်။ မဖြစ်ရေးချ မဖြစ်။

• လူ့အဖွဲ့အစည်း တိုးတက်ဖို့၊ နိုင်ငံရေးအပြောင်းအလဲ လိုသည်။
• နိုင်ငံရေးအပြောင်းအလဲအတွက် လူမှုတော်လှန်ရေး လိုသည်။
• လူမှုတော်လှန်ရေးအတွက် စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး လိုသည်။
• စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးပြုပြင်ပြောင်းလဲမှု လိုသည်။
• ပညာရေးသည် အချုပ်ဖြစ်သည်။
• ပညာရေးသည် အခရာဖြစ်သည်။
• ပညာရေးသည် ဗဟိုချက်မ ဖြစ်သည်။
• ပညာရေးသည် အခြေခံ အုတ်မြစ် ဖြစ်သည်။
• ပညာရေးသည် အရင်းမူလ ရေသောက်မြစ်ဖြစ်သည်။

ပညာရေး ပျက်လျှင်၊ တိုင်းပြည်ကို ဖျက်လို့ ရသည်။ ဖျက်လို့ လွယ်သည်။ ပညာရေးပျက်လျှင် ကိုယ်ကျင့်ပျက် သည်။ ကိုယ်ကျင့်ပျက်လျှင် စိတ်ဓာတ်ပျက်စီးသွားပြီ။ စိတ်ဓာတ်ယိုယွင်းသွားပြီ။ ကိုယ်ခံအား ချို့တဲ့သွားပြီ။ ကိုယ်ခံအားချို့တဲ့သော၊ သက်လုံမကောင်းသော၊ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းသော၊ ကိုယ်ကျင့်ပျက်ယွင်း သော နိုင်ငံ/တိုင်းပြည်သည် ဖွဲသထက် မွဲသည်။ ညစ်သထက် မွဲပြာကျသွားသည်။ ဤကိစ္စသည် ရိုးရှင်းပါသည်။

စာရေးသူ ကိုပြည့်ဖြိုးမောင်၏ စာအုပ်သည် ဆောင်းပါးမဟုတ်။ ဝတ္ထုလည်း မဟုတ်။ အပျော်ဖတ်လည်း မဟုတ်။ ကြွတက်သည့် တက်ကျမ်းလည်း မဟုတ်။ ရယ်ရွှင်ဖွယ် ဟာဒယရွှင်ဆေးလည်း မဟုတ်။ စိတ်ကူးယဉ် ဒဏ္ဍာရီလည်း မဟုတ်။ ဖန်စီလည်း မဟုတ်။ လူပိန်းကြိုက်လည်း မဟုတ်။ အပေါ့အသွမ်းလည်း မဟုတ်။ မဟုတ်။ မဟုတ်။ မဟုတ်။

ဤစာအုပ်သည် ပညာရပ်ဆိုင်ရာ စာအုပ်ဖြစ်ပါသည်။ ပညာရေး စာအုပ်ဖြစ်ပါသည်။ သဘောတရားရေးစာအုပ် ဖြစ်ပါသည်။ စိတ်မဝင်စားသူဖတ်လျှင် ပျင်းနိုင်သည်။ သာမန်စာဖတ်သမားအဖို့ လေးနိုင်သည်။ အီနိုင်သည်။ စဉ်းစားလျှင် ဦးနှောက်လေးစရာဖြစ်သည်။ သို့သော် တကယ့်စာသမားအတွက်မူ ရွှေဖြစ်ပါသည်။ ငွေဖြစ်ပါ သည်။ စိန်ဖြစ်ပါသည်။ ပညာရပ်ဆိုင်ရာစာပေကို နှစ်ခြိုက်သူအဖို့ တကယ့် ရတနာဖြစ်ပါသည်။ ဓာတ်ဆိုတာ တူရာစုတတ်သော သဘောရှိပါသည်။ ရတနာသည် ရတနာ၌သာ စုပါသည်။ အပိန်အဖျင်းသည် အပိန်အဖျင်း ချင်းသာ စုပါသည်။

ပညာရေးစိတ်ပညာစာအုပ်သည် ဝိဘဇ္ဇဝါဒီတို့အတွက် လေ့လာစရာဖြစ်ပါသည်။ ပညာဝါဒီများအတွက် လက်စွဲ ဖြစ်နိုင်ပါသည်။ ပညာလိုလား စေတနာထားသည့် ကျောင်းဆရာများအတွက် လက်စွဲစာအုပ်ဖြစ်နိုင်ပါသည်။ ဆရာ့ထက် တော်သော တပည့်များ မွေးမြူချင်သည့် အာစရိယဂုဏ်ထိုက်သော မြတ်ဆရာများအတွက် လေ့လာစရာ၊ ဆင်ခြင်စရာ၊ အသိချဲ့ထွင်စရာ ဖြစ်နိုင်ပါလိမ့်မည်။ ဆရာကောင်း၊ ဆရာမှန်၊ ဆရာမြတ် (good teacher, right teacher, noble teacher) စသော ဆရာသုံးပါးတို့အတွက် ကျေးဇူးပြုသော စာအုပ်ဖြစ်မည်ဟု ယုံကြည်ပါသည်။

ကျနော်တို့ တိုင်းပြည်သည် ပညာရေးပြုပြင်ပြောင်းလဲမှုကို အာရုံမစိုက်လျှင်၊ အနာဂတ်တိုင်းပြည်အရေး မလှနိုင် ပါ။ တိုင်းပြည်၌ မျှော်လင့်ချက် မရှိနိုင်ပါ။ မျှော်လင့်ချက် မရှိလျှင် အနာဂတ် မရှိပါ။ အနာဂတ်မရှိလျှင် ဘဝ မရှိ၊ တိုင်းပြည် မရှိ၊ လူမျိုး မရှိ။ နယ်နိမိတ် မရှိ။ ယဉ်ကျေးမှု မရှိ။ စားစရာ မရှိ၊ သောက်စရာ မရှိ၊ နေစရာ မရှိ။ ဗလာနတ္ထိ။ ပညာရေးသည် အစိုးရတစ်ခုတည်း၏ တာဝန် မဟုတ်ပါ။ ကိုးကွယ်ထိုက်သော ဘုန်းတော်ကြီး ဆရာတော် သံဃာတော်တို့၏ တာဝန်လည်းဖြစ်ပါသည်။ မိဘများ၏ တာဝန်လည်းဖြစ်ပါသည်။ ဆရာများ၏ တာဝန်လည်းဖြစ်ပါသည်။ အနုပညာသမား၊ စာရေးဆရာများ၏ တာဝန်လည်းဖြစ်ပါသည်။ စာရေးသူဆိုသည်မှာ လူထုကို ရေးသားခြင်းအတတ်ဖြင့် ပညာဖြန့်ချိနေသော ပညာသမား ဝိဘဇ္ဇဝါဒီဖြစ်ပါသည်။ လူထု၏ ပညာရေး ကို ကျောင်းပညာရေးဖြင့်လည်း ပြုပြင်ပြောင်းလဲရပါမည်။ ကျောင်းပြင်ပ ပညာရေးဖြင့်လည်း ပြုပြင်ပြောင်းလဲရ ပါမည်။ အဆင့်မြင့်ပညာရေး (တနည်း) တက္ကသိုလ်ပညာရေး၌လည်း ပြုပြင်ပြောင်းလဲရပါမည်။

ကျနော်တို့ မြန်မာများသည် အမှုမဲ့ အမှတ်မဲ့ နေတတ်သည်။ နေ့စဉ် အတင်းအဖျင်းများ၊ အပိန်အဖျင်းများ ၊ သွားပုတ်လေလွင့်များ ပြော၍ အချိန်ကုန်နေတတ်သည်။ တစ်ယောက်ကို တစ်ယောက် မနာလို၊ မရှုစိတ်အား ကြီးလှသည်။ လုပ်သင့်လုပ်ထိုက်တာကို မလုပ်။ လေ့လာသင့် လေ့လာထိုက်တာကို မလေ့လာ။ မသိဘူး၊ မရှိဘူး၊ မလုပ်ဘူး ဆိုတာတွေသာ များနေသည်။ တစ်ဖက်မှာလည်း ကိုယ့်အလုပ်ကို ကိုယ် ပီပီပြင်ပြင် မလုပ်။ အသိ၌ ရောင့်ရဲသည်။ ဓနဥစ္စာ ရာထူးဂုဏ်သိမ်၌ လောဘကြီးသည်။ အသိ၌ ရောင့်ရဲသော လူကြီးမိဘများနှင့် တတ်ယောင်ကား ဆရာများ များပြားလာသောအခါ၊ တိုင်းပြည်သည် ဆင်းရဲတွင်း နက်သထက် နက်လာပါတော့သည်။ မိဘများသည် ပညာရေးအသိ ချို့တဲ့လျှင် သားသမီးသည် လူဖြစ်ရှုံးပါသည်။ ဆရာသည် ပညာရေးချို့တဲ့လျှင် ကျောင်းသား သည် လူလားမမြောက်။ ဦးနှောက်လားလည်း မမြောက်။ အသိဉာဏ်သည် လူစဉ် မမှီ။ ရင့်ကျက်မှုသည် သူငယ်နှပ်စား အဆင့်၌သာ ရှိပါလိမ့်မည်။ ညံ့ဖျင်းသော ပညာရေးစနစ်မှ၊ လူငယ်နာမစင်သော လူကြီးများကို ထုတ်ကုန်အဖြစ် အမြောက်အမြားထုတ်လုပ်နိုင်ပါသည်။ ဤအခြင်းအရာ တို့ကို ထောက်ရှုလျှင် မြန်မာပြည်၌ ပညာရေးပြုပြင်ပြောင်းလဲမှုသည် မရှိမဖြစ် လိုနေပြီ။ ဝေ့နေလို့ မရ။ ဝိုက်နေလို့ မရ။ ဆင်ခြင်ဆင်လက် ပေးနေလို့ မရ။ ဘေးထိုင်ဘုပြောနေလို့ မရ။ ကိုယ်နိုင်သလောက် ဝင်ထမ်းဖို့ လိုသလို၊ များများထမ်းနိုင်အောင်လည်း လေ့ကျင့်မှ ရပါတော့မည်။ ဤပညာရေးစိတ်ပညာ စာအုပ်သည်၊ ပညာရေးပြုပြင်ပြောင်းလဲမှု၊ အတွေးအခေါ်ပြုပြင်ပြောင်းလဲမှု၊ စိတ်ဓာတ်ပြုပြင်ပြောင်းလဲမှုနှင့် အသိဉာဏ် ပြုပြင်ပြောင်းလဲမှုအတွက် ကိုယ့်အလုပ်ကို ကိုယ် တစိုက်မတ်မတ် အားထုတ်နေသည့် စာသမားတစ်ယောက်၏ ကျေးဇူးပြုမှုဖြစ်သည်ဟု ယုံကြည်ပါသည်။

ကိုယ့်ပညာရေးကို ကိုယ်ကိုယ်တိုင်လည်း ရှာ၊ ကျောင်းမှာလည်း ရှာ၊ စာအုပ်မှာလည်း ရှာ၊ လူ့ပတ်ဝန်းကျင်မှာလည်း ရှာ၊ အလုပ်ထဲမှာလည်း ရှာ။ လောကထဲမှလည်း ရှာ။ ရှာနေဖို့သာ လိုနေပါတော့သည်။ စောင့်နေလို့ မဖြစ်ပါ။ အောင့်အီးနေလို့ မဖြစ်ပါ။ လက်တွေ့လုပ်ချိန်တန်နေပါပြီ။ ပညာရေးသည် လူတိုင်းနှင့် ဆိုင်သည်။ ပညာရေးသည် လူတိုင်းအတွက် ဖြစ်သည်။ လူတိုင်းသည်လည်း ပညာရေးအတွက်ဖြစ်ပါသည်။ သည့်အတွက် ပညာရေးစိတ်ပညာစာအုပ်က အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ကျေးဇူးပြုနိုင်မည်ဟု ယုံကြည်ပါသည်။


ပညာရေးစိတ်ပညာစာအုပ်သည် စိတ်ဖြစ်စဉ်၊ ဦးနှောက်ဖြစ်စဉ်ကနေ တစ်ဆင့် လူတစ်ဦးချင်းမှသည် လူ့အဖွဲ့ အစည်းထံသို့ ကူးပြောင်းကျေးဇူးပြု၍ ပိုကောင်းသော လူ့အဖွဲ့အစည်း၊ ပိုကောင်းသော လူသားဝန်းကျင်၊ ပို၍ အဆင့်အတန်းမြင့်မားသော လူနေမှုစရိုက်၊ ပို၍ စဉ်းစားတွေးခေါ်တတ်သော၊ ဆင်ခြင်တုံတရားမြင့်မားသော၊ ပညာဦးစီးသော၊ ပညာရှေ့ဆောင်သော လူ့အဖွဲ့အစည်းဖြစ်ရန် ကျေးဇူးပြု ထောက်ပံ့နိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။

• စာပေမှသည် ပညာရေးသို့ ကျေးဇူးပြု၍
• ပညာရေးပြုပြင်ပြောင်းလဲရေးမှသည် လူမှုပြုပြင်ပြောင်းလဲရေး
• လူမှုပြုပြင်ပြောင်းလဲရေးမှသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု
• နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းအတွက် ဤ (လေ့လာမိသမျှ ပညာရေးစိတ်ပညာ) စာအုပ်က ကျေးဇူးပြုထောက်ပံ့နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

မင်းသေ့
နေ့လယ် ၁ း ၂၉
၁ ၊ စက်တင်ဘာလ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post ▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ
Next post ▄ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပါတီစုံစနစ် အသက်ဝင်ဖွယ်ရာ ရှိ / မရှိ