နံပါတ် (၆) စာစုံဖတ်ဖို့။

စာရေးမယ့်သူဟာ စာမဖတ်လို့ မရပါဘူး။ စာဖတ်တယ်ဆိုတာ လေ့လာခြင်းဖြစ်တယ်။ ဆည်းပူးခြင်းဖြစ်တယ်။ စူးစမ်းခြင်းဖြစ်တယ်။ စာတစ်မျိုးတည်းဖတ်လို့လည်း မရဘူး။ စာစုံဖတ်ဖို့ လိုတယ်။ တတ်နိုင်ရင် အင်္ဂလိပ်စာပါ ဖတ်တတ်ဖို့ လိုတယ်။ မြန်မာစာအုပ်တွေ ဖတ်နေရုံနဲ့ မလုံလောက်ဘူး။ အင်္ဂလိပ်ဘာသာစကားဟာ ကမ္ဘာသုံး ဘာသာစကားလည်းဖြစ်တယ်။ အကျယ်ပြန့်ဆုံး သုံးစွဲတဲ့ ဘာသာစကားလည်းဖြစ်တယ်။ ဟိုးရှေးအတီအတေ က အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားမှတ်တမ်းတင်ထားတဲ့စာအုပ်ပေါင်း သန်းနဲ့ချီရှိတယ်။ မြန်မာစာအုပ်ချည်း ပဲဖတ်ရင်တော့၊ အကန့်အသတ်ရှိတယ်။ စာရေးဖို့ ကြံရွယ်တယ်ဆိုတဲ့လူဟာ မြန်မာစာကို ကျေလည်အောင် ဖတ်ဖို့ လိုသလို အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့စာအုပ်တွေကိုလည်း ကိုယ်အာရုံကျရာ ဖတ်နိုင်ဖို့ လို တယ်။ အင်္ဂလိပ်လို ရေးသားထားသမျှတော့ ဘယ်ဖတ်နိုင်မလဲ။ ကိုယ် စိတ်ဝင်စားတဲ့နယ်ပယ်၊ ကိုယ် လေ့လာ လိုက်စားတဲ့ကဏ္ဍက စာအုပ်တွေတော်တော်များများကို ဖတ်တတ်ဖို့ လိုတယ်။ ဖတ်လည်းဖတ်ရမယ်။ ဖတ်ရင် လည်း နားလည်ရမယ်။ နားလည်နိုင်အောင်လည်း ကြိုးစားရမယ်။

စာစုံဖတ်ဖို့ တိုက်တွန်းချက်ကို အလေးအနက်ထားစေလိုပါတယ်။ စာစုံဖတ်ဆိုတဲ့ အဓိပ္ပာယ်ဟာ စာတွေကို တွေ့ကရာ “ဘောက်သောက်” ဖတ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်ဦးနှောက်ထဲမှာ၊ ဗြုတ်စဗျင်းတောင်းတွေ စုပြုံ ထိုးသိပ်ထည့်ခိုင်းတာ မဟုတ်ပါဘူး။ စာစုံဖတ်တယ်ဆိုတာနဲ့ စာကို တွေ့ကရာ ဘောက်သောက်ဖတ်တယ်ဆို တာ ကွာခြားပါတယ်။ ကွဲပြားပါတယ်။ ခေါင်းထဲကို စာစုံထည့်ရင်ပြီးရောဆိုတဲ့သဘောထားနဲ့ တွေ့ကရာ ရှစ်သောင်း အတိုအစပါမကျန် ပြွတ်သိပ်ထိုးထည့်ခိုင်းတာ မဟုတ်ပါဘူး။ စာစုံဆိုတဲ့ အဓိပ္ပာယ်က အဲသည့်ထက် မက လေးနက်ပါတယ်။ ဒါကို နားလည်ဖို့ လိုပါတယ်။

နယ်ပယ်၊ အကြောင်းအရာ၊ ကဏ္ဍတွေဟာ သူ့ချည်းသီးသန့် ရှိမနေတတ်ဘူး။ ဆက်စပ်နေတဲ့သဘောရှိတယ်။ သီးခြားဖြစ်တည်နေတာ မဟုတ်ဘူး။ ပညာရပ်ကို နက်နက်နဲနဲ လိုက်စားလေလေ၊ ဘာသာရပ်တွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီးဖြစ်တည်နေတယ်ဆိုတာ သိနားလည်လာလေလေဖြစ်ပါတယ်။ စာရေးဆရာဆိုတာဟာ လူထုအတွက် အသိဉာဏ်ဓာတ်ခံ ရင့်ကျက်အောင် ဖြည့်တင်းပေးနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်။ ထို နည်းလည်းကောင်းပဲ လူထုနှလုံးသားဆီကို စာပေအတတ်နဲ့ အနုပညာပေါင်းထည့်ပြီး နှလုံးရည်ပြည့်ဝအောင် တင်ပြပုံ၊ တင်ပြနည်း ပေါင်းစုံနဲ့ ရေးသားနေတဲ့သူဖြစ်ပါတယ်။

စာရေးဆရာဟာ လူထုရဲ့ ဦးနှောက်ကိုလည်း ပစ်ရတယ်။ လူထုရဲ့ နှလုံးသားကိုလည်း ပစ်ရတာပဲ။ လူထုရဲ့ စိတ်ဝိညာဉ်ကိုလည်း စာပေမြှားနဲ့ ပစ်ရသလို၊ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကိုလည်း စာပေအတတ်နဲ့ လမ်းညွှန်/သွန်သင်/အကြံပေး/ ဖြေဖျောက်ပေးရတာပါပဲ။ ဒါ့ကြောင့် စာရေးဆရာတစ်ယောက်ကိုင်တဲ့မြှားမှာ ပုံစံမျိုးစုံရှိနိုင်တယ်။ အသွင်မျိုးစုံရှိနိုင်တယ်။ ဦးနှောက်ကို ထိမှန်အောင် ပစ်ဖို့အတွက် သုံးစွဲရတဲ့ စာပေမြှားဟာ ပုံစံတစ်မျိုးဖြစ်လိမ့်မယ်။ ထိုနည်းလည်းကောင်းပဲ နှလုံးသားကို ထိမှန်အောင်ပစ်ဖို့အတွက် သုံးစွဲရတဲ့ စာပေမြှား ဟာ အသွင်တစ်မျိုးဖြစ်လိမ့်မယ်။ လူ့စိတ်ဝိညာဉ်ကို ထိမှန်ဖို့အတွက် ပစ်ရတဲ့စာပေမြှားဟာ အမျိုးအမည်တစ်ခု ဖြစ်လိမ့်မယ်။ ဒီတော့ စာရေးဆရာဟာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အထွေထွေကြည့် ရတယ်။ ဒီအထဲကနေ ကိုယ့်အတွက် ဦးစား ပေးရွေးချယ်စရာ တစ်ခုခုကို ရွေးရတယ်။ ရွေးပြီးရင် အဝေးဆုံးနဲ့ အနက်ရှိုင်းဆုံးထိ ထိအောင်ပစ်ဖို့အတွက် စာပေအနုပညာကို ကွန့်မြူးရတယ်။


စာပေဟာ ဖန်တီးရတဲ့အလုပ်ဖြစ်လို့ အနုပညာပါတယ်လို့ ပြောလို့ရတယ်။ စာပေအနုပညာကို ဖန်တီးတဲ့သူမှာ အရောင်အသွေးစုံစုံကို ကြည့်မြင်တတ်တဲ့စိတ်အမြင်ရှိဖို့ လိုတယ်။ ဒီအမြင်မျိုးဟာ စာစုံဖတ်ခြင်းကနေ ရနိုင်ပါ တယ်။ စာပေအနုပညာကို ဖန်တီးတဲ့အခါ စကားလုံး အမျိုးမျိုးကို ဖလှယ်ပြီး ကွန့်မြူးရတယ်။ ဝေါဟာရအများ အပြားသုံးစွဲပြီး တင်ပြရေးသားရတယ်။


အကြောင်းအရာတွေကို ပုံပေါ်အောင်ဖော်ဖို့အတွက် စကားလုံးအရောင် တွေ ရွေးရတယ်။ ဒီနည်းနဲ့ စာပန်းချီကို ခြယ်ရတယ်။ စာပန်းချီခြယ်ဖို့အတွက်ဆိုရင် ကိုယ့်မှာ အရောင်အမျိုး မျိုး သုံးနိုင်တဲ့ ပါဝါရှိဖို့ လိုတာပေါ့။ စုတ်တံအမျိုးအစားပေါင်းများစွာကို ကျင်လည်စွာ ကိုင်တွယ်တတ်ဖို့ လိုတာပေါ့။ ဒီလို ကျွမ်းကျင်မှုမျိုးကို ရဖို့အတွက် စာစုံဖတ်ရပါမယ်။ စာစုံဖတ်ခြင်းကိုလည်း အသွေးအသားဓာတ်ခံထဲက ကြိုက်နှစ်သက်နေဖို့ လိုပါတယ်။ စာစုံဖတ်လေ့ မရှိရင်တောင် စာစုံဖတ်ခြင်းအလေ့ဓာတ်ခံကို ကျင့်သားရအောင် လေ့ကျင့်ပြီး ဖတ်နေဖို့ လိုပါတယ်။ စာရေးဆရာတစ်ယောက်အတွက် စာများများဖတ်ဖို့ လိုသလို၊ စာစုံအောင် ဖတ်ဖို့လည်း လိုတယ်။

ဆိုလိုရင်း အချုပ်ကတော့၊ စာစုံအောင်လည်း ဖတ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေတင်မကဘူး၊ အင်္ဂလိပ်လိုပါရေးထားတဲ့စာအုပ်တွေလည်းဖတ်။ စာအုပ်တွေက ကမ္ဘာပေါ်မှာ ဒုနဲ့ဒေး များပြားလွန်းလို့၊ သေချာ ရွေးပြီးတော့လည်းဖတ်။ ဘောက်သောက် လျှောက် မဖတ်နဲ့။

နံပါတ် (၇) စာများများဖတ်ဖို့။

စာစုံဖတ်ဖို့၊ စာများများဖတ်ဖို့ဆိုတာဟာ motivation တစ်ခုတည်းနဲ့ မရဘူး။ incentive ကလည်း အမြဲတမ်း မမောင်းနိုင်ဘူး။ passion ရှိမှကို ဖြစ်မယ်။ စာရေးတဲ့သူဟာ စာဖတ်ခြင်းအလေ့မှာ passion နဲ့ ဖတ်မှကို ရတယ်။ motivation ဖြစ်ပြီး ဖတ်တာဟာ ရေတို ပဲဖြစ်တယ်။ ရေရှည် မရဘူး။ incentive လို့ ခေါ်တဲ့ မက်လုံးတစ်ခုခုရဲ့ မောင်းနှင်အားနဲ့ ဖတ်ရင်လည်း အသိ နဲ့ အချက်အလက်ကိုသာ ရနိုင်/ဆုပ်ကိုင်နိုင်လိမ့်မယ်။ ပညာမဖြစ်ဘူး။ ပညာမရဘူး။ စာဖတ်ခြင်းကနေ ပညာရဖို့ အတွက် passion လိုတယ်။ စာစုံဖတ်ရင်းနဲ့ စာများများဖတ်ဖြစ်လာမယ်။ စာစုံဖတ်တာနဲ့ စာများများဖတ်တာဟာ ကျွဲကူးရေပါသဘော ပူးတွဲပါလာရမယ့် အရာဖြစ်ပါတယ်။ စာကို အစုံဖတ်တယ်၊ စာများများဖတ်တယ်ဆိုတာ စာရေးဆရာဖြစ်မယ့်သူတစ်ယောက်အဖို့ လိုကိုလို အပ်တယ်။

ဒီနေရာမှာ စာရေးဆရာဆိုတာကို အင်္ဂလိပ်လို author နဲ့ writer ကွဲကွဲပြားပြား နားလည်ဖို့ လိုတယ်။ ကျနော် ညွှန်းဆိုနေတဲ့ စာရေးဆရာဆိုတာဟာ writer ကိုဆိုလိုတာဖြစ်ပါတယ်။ author မဟုတ်ပါဘူး။ (writer နဲ့ author မတူကြောင်း ယခင်က ကျနော်ရေးခဲ့ဖူးတဲ့ “စာရေးဆရာနဲ့ စာရေးဆရာမဟုတ်တဲ့ စာရေးသူ အကြောင်း” ဆိုတဲ့ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။ ဤကား စကားချပ်) စာရေးဆရာလုပ်တဲ့သူဟာ ဗီဇဓာတ်ခံမှာ ကိုက အကြောင်းအရာတော်တော်များများ၊ နယ်ပယ်တော်တော်များများကို စိတ်ဝင်စားနေတတ်တယ်။ သူဟာ ဟိုဟာလည်း သိချင်တာပဲ။ ဒီဟာလည်း နားလည်ချင်တာပဲ။ ဒီလိုဖြစ်နေတတ်တယ်။ ဒီလိုလူမျိုးဟာ သိချင်တဲ့ စိတ်နဲ့ စာတွေ လျှောက်ဖတ်ရင်း၊ စာဖတ်များလာကြတယ်။ စာဖတ်များလာရင်း ကြိုက်တဲ့စာအုပ်တွေလည်း အများအပြား တွေ့လာရတယ်။ ကြိုက်တဲ့စာအုပ်တွေကို သဘောကျပြီးတော့ ကိုယ်လည်း ဒီလိုစာအုပ်မျိုးရေး တတ်ချင်လာတယ်။ ဒီလိုစာအုပ်မျိုးရေးတဲ့စာရေးဆရာတွေကိုလည်း အားကျလာတတ်တယ်။ ဒီလိုနဲ့ စာရေးတဲ့ အလေ့ကို ကျင့်ပြီး စာရေးဆရာတွေဖြစ်လာကြတာများတယ်။ စာရေးဆရာတော်တော်များများကို လေ့လာ ကြည့်ရင် စာအုပ်တော်တော်များများကို ဖတ်ကြတာတွေ့ရတယ်။ စာမဖတ်၊ ပေမဖတ်ဘဲ ဘီယာဝိုင်းမှာလေထ ပြီးတော့ စာပေါ့စာသွမ်းတွေ ရေးတတ်တဲ့ မည်ကာမတ္တစာရေးဆရာများလည်း ရှိပါတယ်။ ထိုသူများကို ထူးထွေ ညွှန်းဆိုရေးသားနေစရာ အကြောင်း မရှိပါ။

ဒီတော့ စာများများဖတ်တယ်ဆိုတာ စာရေးဆရာဖြစ်ချင်စိတ်ကိုလည်း တွန်းအားပေးသလို၊ စာများများရေးနိုင်ဖို့ ကိုလည်း ကျေးဇူးပြုထောက်ပံ့တယ်။ စာရေးဖြစ်သွားရင်လည်း သာမန်စာရေးဆရာတွေထက် ပိုပြီး ပုံပေါ် အောင် ခြယ်မှုန်းနိုင်စွမ်းရှိတတ်ကြတယ်။ အကြောင်းကတော့၊ စာစုံဖတ်လို့ စာများများဖတ်လို့ ဖြစ်ပါတယ်။ ဒီအကြောင်းဆက်က စကားလုံး ဝေါဟာရကြွယ်ဝခြင်း၊ လူ့စရိုက်နဲ့ ကိုက်အောင်တင်ပြနိုင်ခြင်း၊ ဗဟုသုတအရာ မှာနှံ့စပ်ခြင်း၊ အတွေးအခေါ် ကျယ်ပြန့်ခြင်းနဲ့ လောကရေးရာကို တတ်သိနားလည်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရပါလိမ့်မယ်။ ဒီစွမ်းရည်တွေဟာ စာရေးဆရာတစ်ယောက်အဖို့ အင်မတန် အသုံးတည့်ပါတယ်။

နံပါတ် (၈) ယေဘုယျအားဖြင့် ခြုံငုံသိမြင်နားလည်ထားဖို့ ။

စာရေးဆရာဆိုတာ များသောအားဖြင့် generalist သမားတွေများတယ်။ generalist ဆိုတာက နယ်ပယ်/ကဏ္ဍ တော်တော်များများမှာ တို့ထိနှံ့စပ်သိနားလည်ထားတဲ့သူကို ဆိုလိုတာ ဖြစ်ပါတယ်။ စာများများဖတ်လာခြင်း ကြောင့် လူဟာ အလိုလိုနေရင်း generalist ဖြစ်လာတတ်တယ်။

• တော်တော်များများကို တို့ထိထားနိုင်တယ်ဆိုတဲ့သဘော။
• ကဏ္ဍခပ်များများမှာ မြည်းစမ်းဖူးတယ်ဆိုတဲ့သဘော။
• နယ်ပယ်တော်တော်များများမှာ စူးစမ်းလေ့လာထားတယ်ဆိုတဲ့သဘော။
• အသေးစိတ်မသိရင်တောင်၊ သဘောအနက်ကို ခြုံငုံသိထားတယ်ဆိုတဲ့ သဘော။
• မိုက်ခရိုစကုပ်လို မမြင်နိုင်ပေမယ့် တယ်လီစကုပ်လို ဝေးဝေးကြည့်နိုင်တဲ့သဘော။
• သစ်ပင်တစ်ပင်ချင်းစီကို မသိပေမယ့်၊ တောအုပ်တစ်ခုလုံးကို ခြုံငုံနားလည်ထားတယ်ဆိုတဲ့သဘော။
• ကောင်းကင်မှာ ပျံနေတဲ့ သိန်းငှက်တစ်ကောင်လို မြင်ကွင်းမျိုး။
• တောင်ပေါ်ကနေ ရှုခင်းတွေကို ကြည့်မြင်သလို မြင်ကွင်းမျိုး။
• ဒါကို generalist လို့ နားလည်လို့ရပါတယ်။
• ဆိုလိုချင်တာက…. ယေဘုယျအသိမှာ တစ်ဖက်ကမ်းခပ် သိနားလည်သူဖြစ်ရမယ်ဆိုတာကို ပြောတာ ဖြစ်ပါတယ်။

generalist သမားဟာ specialist သမားလောက် နယ်ပယ်တစ်ခုမှာ တွင်းဆုံးနှိုက်ထားတဲ့သူတော့ မဟုတ်ဘူး။ ဒါပေမယ့် လူထုအတွက် ရေးသားနေတဲ့စာရေးဆရာဟာ generalist သမားဖြစ်မှကို အဆင်ပြေ နိုင်မယ်။ ဒါ့ကြောင့် စာရေးဆရာဆိုတာ generalist တစ်ယောက်အဖြစ် specialize လုပ်ထားတာလို့တောင် ပြောလို့ရမယ်။ ဒါပေမယ့် စာရေးဆရာဟာ ကိုယ် မသိဘဲ၊ မတတ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် အသိနဲ့ ထင်ရာကို လျှောက်ရေးနေလို့ မရဘူး။ generalist ဖြစ်ရမယ်လို့ ဆိုလိုခြင်းဟာ နယ်ပယ်တွေတော်တော်များများကို ချိတ် ဆက်စဉ်းစားနိုင်ဖို့၊ ပညာရပ်တွေကို ဆက်စပ်နားလည်နိုင်ဖို့၊ တနည်းအားဖြင့် သမူဟ (ပေါင်းစည်းခြင်း /synthesis) ဆိုတာဟာ ဦးနှောက်ဉာဏ်အတွင်းမှာဖြစ်ပေါ်ပြီး အသိအလင်းရစေဖို့အတွက် ပြောတာဖြစ်ပါ တယ်။ ဒါကို သေချာနားလည် သင့်ပါတယ်။

ဒီနေရာမှာ၊ စာရေးဆရာဟာ specialist သမား (အထူးပြုသမား) မဖြစ်ရဘူးဆိုတဲ့ ငြင်းချက်မရှိပါ။ စာများများ ဖတ်ရင်း၊ စာစုံဖတ်ရင်း အလိုလို generalist (ယေဘုယျသမား/အထွေထွေသိ) ဖြစ်လာတတ်တယ်။ ဒါကိုလည်း ဒီအတိုင်း မထားဘဲနဲ့ တိပေးညှိပေးဖို့ လိုတယ်။ ယေဘုယျသမားဟာ ဟိုစပ်စပ် ဒီစပ်စပ် သမားဖြစ်ဖို့ အလားအလာများ နေတတ်တယ်။ အုတ်ရောရောကျောက်ရောရောသမားဖြစ်ဖို့ အလားအလာရှိနေတတ်တယ်။ ဒါကို ငြင်းဖျက် ပစ်ဖို့ လိုတယ်။ ကိုယ်ဆန္ဒရှိရင် နယ်ပယ်တစ်ခု၊ နှစ်ခုမှာ အထူးပြုသမားအဖြစ်ကို ခံယူထားပြီး တော့ တစ်ဖက်မှာလည်း စာစုံဖတ်၊ စာများများဖတ်ပြီး ပညာရပ်၊ နယ်ပယ်၊ ကဏ္ဍတွေကို ယေဘုယျနားလည် ထားအောင် ဖြည့်တင်းထားတဲ့ generalist သမားဖြစ်နေဖို့ လိုကြောင်း ပြောချင်ပါတယ်။ ဒီအယူအဆဟာ အငြင်းပွားစရာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် နားလည်ကြမယ်လို့ ယူဆပါတယ်။

နံပါတ် (၉) အမှုမဲ့အမှတ်မဲ့မနေဖို့။

အမှုမဲ့အမှတ်မဲ့နေတဲ့သူဟာ ဘာကိုမှ သိနားမလည်နိုင်ပါဘူး။ ဘာကိုမှ သိနားလည်မထားတဲ့သူဟာ ဘာကိုမှ ဟောပြော၊ ရေးသား၊ ဖြန့်ချိနိုင်စွမ်း မရှိပါဘူး။ စာရေးဆရာဆိုတာဟာ ဖြန့်ဝေရတဲ့သူဖြစ်ပါတယ်။ ဖြန့်ချိရတဲ့သူ ဖြစ်ပါတယ်။ တနည်းအားဖြင့် contribution လုပ်နေရတဲ့သူဖြစ်ပါတယ်။ contributor ဖြစ်ပါတယ်။ ဖြန့်ချိရတဲ့သူ ဖြန့်ဝေနေတဲ့သူ ဖြစ်တာကြောင့် ဖြန့်ချိမယ့်သူ၊ ဖြန့်ဝေမယ့်သူမှာ ဖြန့်ချိစရာ၊ ဖြန့်ဝေစရာတစ်ခုခု ရှိထားရပါမယ်။

• အတွေးတစ်ခုဖြစ်ကောင်းဖြစ်မယ်။
• အတွေ့အကြုံတစ်ခုဖြစ်ကောင်းဖြစ်မယ်။
• အမြင်အယူအဆတစ်ခုဖြစ်ကောင်း ဖြစ်မယ်။
• ခံစားချက်တစ်ခုဖြစ်ကောင်းဖြစ်မယ်။
• အကြောင်းအရာတစ်ခုဖြစ်ကောင်းဖြစ်မယ်။
• ဖြစ်ရပ်တစ်ခုဖြစ် ကောင်းဖြစ်မယ်။
• လူတစ်ယောက်အကြောင်းဖြစ်နိုင်တယ်။
• စိတ်ကူးတစ်ခုအကြောင်းဖြစ်နိုင်တယ်။
• ဝေဒနာ တစ်ခုအကြောင်းဖြစ်နိုင်တယ်။
• ပြဿနာတစ်ခုအကြောင်းဖြစ်နိုင်တယ်။
• သမိုင်းဖြစ်ရပ်တစ်ခုအကြောင်း ဖြစ်နိုင်တယ်။
• ပတ်ဝန်းကျင်အကြောင်း ဖြစ်နိုင်တယ်။
• လူ့အဖွဲ့အစည်းအကြောင်းဖြစ်နိုင်တယ်။
• အနုပညာအကြောင်းဖြစ်နိုင်တယ်။
• ဂီတ/ယဉ်ကျေးမှုအကြောင်းဖြစ်နိုင်တယ်။
• စိတ်ရဲ့ဖြစ်တည်မှုအကြောင်းဖြစ်နိုင်တယ်။
• အဇ္ဈတ္တတွေအကြောင်းဖြစ်နိုင်တယ်။
• သိပ္ပံအကြောင်းဖြစ်နိုင်တယ်။
• ပညာအကြောင်း၊ အသိဉာဏ်အကြောင်းဖြစ်နိုင်တယ်။
• သက်ရှိအကြောင်းဖြစ်နိုင်သလို၊ သက်မဲ့ ဂီတတစ်လက်အကြောင်းလည်းဖြစ်နိုင်တာပဲ။
• ဆင်းရဲမွဲတေမှုအကြောင်းဖြစ်နိုင်သလို၊ အိုင်တီ၊ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းလည်းဖြစ်နိုင်တာပဲ။
• မညီမျှမှုတွေအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ နိုင်ငံရေးအကြောင်းအမျိုးမျိုး အဖုံဖုံဖြစ်နိုင်တာပဲ။

ဒီတော့၊ စာရေးဆရာတစ်ယောက်မှာ ရေးစရာရှိဖို့ဟာ အရေးအကြီးဆုံးပဲ။ ရေးစရာ မရှိဘဲနဲ့ ကလောင်ကျွမ်း တိုင်း လျှောက်ရေးနေတဲ့စာရေးဆရာဟာ ကလောင်သရမ်းသူပဲဖြစ်မယ်။ ဘယ်သူ့အတွက် အကျိုးမဖြစ်ထွန်း ဘူး။ သူ ရေးလိုက်တဲ့ စာဟာလည်း စာပေအရာ မဝင်ဘူး။ လူ့အဖွဲ့အစည်းအတွက် အဟောသိကံပဲဖြစ်မယ်။ ရေးစရာရဖို့အတွက် စာကိုလည်း အမှုမဲ့ အမှတ်မဲ့ မဖတ်ရဘူး။ လူတွေကြားထဲတိုးဝင်တဲ့အခါမှာလည်း မျက်စိကို မှိတ်၊ နားကိုပိတ်ပြီး နေရမှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲဆိုတာ စူးစမ်းရတယ်။ လေ့လာရ တယ်။ နားစွင့်ရတယ်။ နံရံတွေမှာ နားတွေ ရှိတတ်လို့၊ စကားပြောလည်း ဆင်ခြင်ရပြန်တယ်။ ထိုနည်းလည်း ကောင်း အရေးအသားမှာလည်း ပါးနပ်ရပြန်တယ်။ ဒီလိုဖြစ်ဖို့အတွက် စာရေးဆရာလုပ်မယ့် လူတစ်ယောက်မှာ အမှုမဲ့အမှတ်မဲ့ ဖာသိဖာသာ (ဘာသိဘာသာ) နေတတ်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့ လိုတယ်။

အမှုမဲ့အမှတ်မဲ့နေတဲ့သူဟာ ဘာကိုမှ ထိထိခိုက်ခိုက် မခံစားနိုင်ဘူး။ မခံစားတတ်ဘူး။ ဘာကိုမှ ထိထိခိုက်ခိုက် မခံစားတတ်သူဟာ ဘာကိုမှလည်း နက်နက်နဲနဲ မတွေးခေါ်နိုင်ဘူး။ မကြည့်မြင်နိုင်ဘူး။ ဘာကိုမှ နက်နက်နဲနဲ မတွေးခေါ်နိုင်၊ မကြည့်မြင်နိုင်၊ မစူးစမ်းနိုင်တဲ့သူဟာ စာဖတ်သူကို ဘယ်အရာမှ လောက်လောက်လားလား မပေးစွမ်းနိုင်ဘူး။ ဘယ်အရာကိုမှ လောက်လောက်လားလား မပေးစွမ်းနိုင်မှတော့ စာရေးဆရာ ဘယ်ခေါ်ထိုက် တော့မှာလဲ။ ရသရေးရင်လည်း ခံစားချက်ကို အပြင်းရှဆုံးပေးဝေနိုင်မှ စာရေးဆရာလို့ ခေါ်နိုင်မယ် မဟုတ် လား။ သုတရေးရင်လည်း အကြောင်းအကျိုး၊ ဖြစ်စဉ်၊ ဖြစ်ရပ်ကို ဂဃနဏ လိပ်ပတ်လည်အောင် ရှင်းလင်း ပုံဖော်တင်ပြ သုံးသပ်ပေးနိုင်မှ သုတစာရေးဆရာခေါ်ထိုက်တယ် မဟုတ်လား။ အဲသည်လိုမှမဟုတ်ရင်၊ မည်ကာမတ္တအဆင့်မှာပဲ ရှိနေလိမ့်မယ်လို့ ဆိုချင်ပါတယ်။

နံပါတ် (၁၀) တင်ပါး ကော်သုတ်ထားဖို့။

စာရေးတဲ့အလုပ်ဟာ အပျင်းပြေ ထလုပ်ရတဲ့အလုပ်မျိုး မဟုတ်ပါဘူး။ ပင်စင်ရလို့ အလုပ်မရှိလို့ လုပ်စရာ အလုပ်ရအောင် စာထရေးပြီး လုပ်ရတာလည်း မဟုတ်ပါဘူး။ စာရေးခြင်းအလုပ်ဟာ သာမန် ဝါသနာအဆင့် လောက်နဲ့ မရပါ။ စပ်စုချင်ရုံအဆင့်နဲ့လည်း မရပါ။ စာတိုပေစ ရေးပြီး စာရေးဆရာအမည်ခံချင်လို့လည်း မရပါ။ ဟင်းချက်နည်းစာအုပ်ရေးလို့ စာရေးဆရာမဖြစ်ပါ။ သစ်ပင်စိုက်နည်း၊ သံလျက်ကိုင်နည်း၊ လွှထိုး၊ သံရိုက်နည်း စာအုပ်ရေးလို့လည်း စာရေးဆရာမဖြစ်ပါ။ ဆိုင်းဘုတ်ရေးတတ်တိုင်းလည်း စာရေးဆရာမဖြစ်ပါ။ အရောင်း ကြော်ငြာစာတွေ ရေးတိုင်းလည်း စာရေးဆရာမဖြစ်ပါ။ ဟိုစာအုပ်ထဲက ကူးထည့်။ ဒီစာအုပ်ထဲက ကိုက်ထည့် ပြီး စုပေါင်းစပ်ပေါင်းလုပ် ရေးတတ်တိုင်းလည်း စာရေးဆရာမဖြစ်ပါ။


စာရေးခြင်းအလုပ်ဆိုတာ အသိပညာလည်းဖြစ်တယ်၊ အတတ်ပညာလည်းဖြစ်တယ်၊ အနုပညာလည်းဖြစ် တယ်။ စာရေးဆရာဆိုတာ အသိပညာသမားလည်းဖြစ်တယ်၊ အတတ်ပညာသမားလည်းဖြစ်တယ်၊ အနုပညာ သမားလည်းဖြစ်တယ်။ စာရေးခြင်းအလုပ်ဟာ ကာယအလုပ်လည်းဖြစ်တယ်၊ ဉာဏအလုပ်လည်းဖြစ်တယ်၊ စိတ်အလုပ်လည်းဖြစ်တယ်။ ဒါတွေ မပါရင် မရနိုင်ဘူး။

ဒီလိုအလုပ်မျိုးကို အပျင်းပြေမှ ထလုပ်ရင် မရဘူး။ စပ်စုချင်စိတ်နဲ့ လုပ်ရင်လည်း မဖြစ်ဘူး။ သေချာစနစ်တကျ ရည်ရွယ်လေ့ကျင့်ပြီးတော့၊ အစဉ်တစိုက်လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။ ဝါသနာအဆင့်ကနေ လွန်မြောက်ဖို့ အတွက် တင်ပါးကို ကော်သုတ်ထားပြီး ဖင်မြဲမြဲနဲ့ အရေးအသားကို လက်တွေ့လေ့ကျင့်ဖို့ ဖြစ်ပါတယ်။ စာရေး ချင်တယ်….စာရေးချင်တယ်… ပြောပြီး လက်တွေ့ မရေးဖြစ်တဲ့လူတွေ မြောက်မြားစွာ ရှိပါတယ်။ လက်တွေ့ မရေးသမျှ ဘယ်တော့မှ စာရေးဆရာဖြစ်လာမှာ မဟုတ်ပါဘူး။ ရေးသမျှကို မကောင်း ကောင်းအောင် ရေးနေဖို့ လိုပါတယ်။ မကောင်း ကောင်းအောင် ရေးနေရင်း ထွက်လာတဲ့စာက ကောင်းရင်လည်း ကောင်းမယ်။ မကောင်း ရင်လည်း မကောင်းဘူး။ ကိုယ်ကြိုက်ပေမယ့်၊ လူများကြိုက်ချင်မှလည်း ကြိုက်မယ်။ လူအများကြိုက်ပေမယ့် ကိုယ်ကြိုက်ချင်မှလည်း ကြိုက်မယ်။ လူအများလည်း မကြိုက်ဘူး။ ကိုယ်လည်း မကြိုက်ဘူးဆိုတဲ့စာလည်း ဖြစ်နိုင်လိမ့်မယ်။ ဘာပဲပြောပြော နာရီတစ်သောင်း ပြည့်အောင် လေ့ကျင့်ရင် စာရေးဆရာ မဖြစ်ချင်လည်း ဖြစ်မှာပဲ။ ဖြစ်ချင်ရင်လည်း ပေါက်မြောက်မှာပဲ။ တင်ပါးကော်သုတ်ထားပြီးတော့ ဖင်မြဲမြဲနဲ့ တစိုက်မတ်မတ်နဲ့ နာရီတစ်သောင်းပြည့်အောင် အရေးလေ့ကျင့်နေဖို့ပဲ လိုတယ်။ ဒီလိုဆိုရင် ခင်ဗျား စာရေးဆရာ ဘယ်လောက် မဖြစ်ချင်ဘူး ပြောပြော၊ စာရေးဆရာလို့ လူတွေက ခေါ်နေကြတော့မှာပဲ။

မင်းသေ့
ည ၈ း ၂၈
၂၊ စက်တင်ဘာ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post စာရေးချင်သူသို့ /
Next post ချိုင်းနားရီဗျူး “မင်းသေ့ အမေးစာ”