စာရေးခြင်းမှာ၊ ရသမပါတဲ့စာအမျိုးအစားကို ရေးတယ်ဆိုရင်တောင်၊ အနုပညာတော့ ထည့်ရတာပဲ။ အဲသည်လို အနုပညာဆိုတာလည်း တမင်တကာ ထည့်ရတာမျိုး မဟုတ်ဘူး။ သိသိသာသာကြီးထည့်ရတာမျိုး မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဈာန်ဝင်စားမှုကို နက်နဲစူးနစ်အောင် လုပ်ရတာမျိုးဖြစ်တယ်။ ထပ်ပြီးရှင်းအောင် ပြောရရင် စိတ်ကို နှစ်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးတာ၊ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတာ၊ လုပ်အားကို သေချာထည့်ပြီး တည်ဆောက်ယူတာ။ ဒီလိုလုပ်တာ စွဲမြဲလာရင် ကိုယ်ရေးတဲ့စာဟာ ရသစာပေ မဟုတ်စေအုံး တော့ စာမှာ အနုပညာပါလာတယ်။

စာကို ဖတ်လိုက်ရင် ဘာရသမှ မပါပေမယ့်၊ ဖတ်ရသူရဲ့စိတ်ထဲမှာ ငြိနေတယ်။ ထိနေတယ်။ ဘာကို ငြိနေတယ်၊ ထိနေတယ်ဆိုတာကို ဖတ်သူက သိချင်မှ သိမယ်။ ရေးတဲ့သူကလည်း သူ့ကိုယ်သိ သတိထားမိချင်မှ သတိထားမိမယ်။ ဒါပေမယ့် ရေးတဲ့သူက သူဖန်တီးတဲ့စာပေလက်ရာကို မကောင်း ကောင်းအောင် သေချာ အားထုတ်နေပြီဆိုတာ သေချာလာလေလေ၊ သူဖန်တီးတဲ့လက်ရာမှာ အနုပညာသဘော သက်ဝင်လာလေလေ ဖြစ်တယ်။ လေ့ကျင့်ရည်ဝထားတဲ့ စာရူးပေရူးတစ်ယောက်က၊ ကိုယ်ရေးတဲ့စာကို မကောင်း ကောင်းအောင် သူ့ဘာသာကြိုးစားလာပြီဆိုရင်၊ ဒါဟာ တဖြည်းဖြည်းနဲ့ စာပေတန်ဖိုး ဖြစ်လာတော့တာပဲ။

❏ ဈာန်ဝင်စားမှု / စိတ်ဇော

ဒါ့ကြောင့် စာပေမှ မဟုတ်ဘူး။ ဘယ်အနုပညာမဆို၊ ဖန်တီးသူရဲ့ ဈာန်ဝင်စားမှုနဲ့ စိတ်ဇောဟာ ဘယ်လောက် ထက်သန်ပြီး ဖန်တီးထားခဲ့သလဲဆိုတာ စကားပြောတယ်။ ဒါဟာ အနုပညာတန်ဖိုးဖြစ်ခြင်း၊ မဖြစ်ခြင်းအပေါ်မှာ စကားပြောတယ်။ စာပေအနုပညာကို အရေအတွက်အရရောများများစားစား၊ အရည်အသွေးအရရော မြင့်မြင့် မားမား ဖန်တီးနိုင်တဲ့သူဟာ တစ်ခေတ်မှာ တစ်ယောက်စ နှစ်ယောက်စ လောက်သာ တွေ့နိုင်ပါတယ်။ ၂၁ ရာစုမှာ လူဖြစ်ကြီးပြင်းလာတဲ့သူတွေထဲမှာ၊ ဒီလို ဇ,ရှိတဲ့သူတွေ ပေါ်ထွက်စေချင်တယ်။ အပြောင်မြောက်ဆုံး ဖန်တီးဖို့ဆိုတာကတော့ တို့တိတို့တိ ပြတ်တောင်းပြတ်တောင်းနဲ့ မရဘူး။ တစိုက်မတ်မတ် ရှိမှရမယ်။ ဇွဲရှိမှ ရမယ်။ အောင့်အီးနိုင်မှရမယ်။ သည်းညည်းခံနိုင်မှရမယ်။ လေ့ကျင့်မှုအထုံကို ထပ်တလဲလဲ ရှိနေမှရမယ်။ အဲသည်လိုမှ မဟုတ်ရင်တော့ အနုပညာစံတန်ဖိုး မမြင့်နိုင်ဘူး။

ရခဲမှ ရတနာ၊ သိခဲမှ ပညာဆိုတဲ့စကား ရှိတယ်။ စံမြင့်တဲ့ အနုပညာတန်ဖိုးဆိုတာ အလွယ်တကူနဲ့ မရဘူး။ အလွယ်တကူနဲ့ ဖြစ်တည်မလာဘူး။ ခက်ခက်ခဲခဲနဲ့ တစ်ဆင့်ချင်းစီ ပုံဖော်ထုဆစ်ရတာ။ စာပေကို ဖန်တီးတဲ့သူ မှာလည်း ထိုနည်းလည်းကောင်းပဲ။ စာပေနဲ့ လေ့လာဆည်းပူးခြင်းအတတ်မှာ ဘယ်လောက် ရူးသွပ်သလဲဆို တာ သိပ်အရေးကြီးတယ်။ မရူးရင်တော့ မထူးဘူး။ ရူးဖို့ လိုတယ်။ ထမင်းမေ့ ဟင်းမေ့ ရူးဖို့ လိုတယ်။ အဲသည်လိုမှ မဟုတ်ရင်တော့ မပေါက်မြောက်ဘူး။ သာမန်ကြိုးစားရုံလောက်နဲ့တော့၊ မည်ကာမတ္တအဆင့်ပဲရ မယ်။ အမည်ခံအဆင့်လောက်ပဲ ရမယ်။ ခေတ်ကို ပြောင်းနိုင်တဲ့စာရေးဆရာ မဖြစ်နိုင်ဘူး။ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့စာရေးဆရာမဖြစ်နိုင်ဘူး။ စနစ်ကို တော်လှန်ပြောင်းလဲနိုင်တဲ့ စာရေးဆရာမဖြစ်နိုင်ဘူး။ စာပေသစ်ကို ပုံဖော်ထုဆစ်နိုင်တဲ့ စာရေးဆရာမဖြစ်နိုင်ဘူး။

❏ ၂၂ ရာစုထိ ကျော်ကြည့်

၂၀၂၀ ခုနှစ်ဟာ၊ ၂၁ ရာစုရဲ့ ငါး ပုံပုံရင် တစ်ပုံ ပြည့်ပြီးသွားပြီ။ ဒီတော့ ကျန်တဲ့ လေးပုံရှိသေးတယ်။ ကျနော်တို့ ဟာ ၂၂ ရာစုကို မြင်ရဖို့ မဖြစ်နိုင်ပါ။ ၂၀၅၀ ခုနှစ်လောက်မှာ၊ ကျနော်တို့ အသက်တွေက ၅၀ ကျော် ၊ ၆၀ ကျော် တွေ ဖြစ်နေလိမ့်မယ်။ ၂၀၆၀ ခုနှစ်လောက်မှာ ကျနော်တို့ မရှိဖို့များတယ်။ သေသွားလိမ့်မယ်။ လူဘဝကို နှုတ် ဆက်သွားရလိမ့်မယ်။ ၂၁ ရာစုနှောင်းပိုင်း၊ ၂၂ ရာစု အကူးလောက်မှာ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ တိုင်းပြည်၊ ကျနော်တို့ လူ့အဖွဲ့အစည်း၊ ကျနော်တို့ လူမျိုးဟာ ဘယ်လိုစာပေအနုပညာယဉ်ကျေးမှုတန်ဖိုးတွေကို မြင့်မြင့် မားမား၊ နက်နက်နဲနဲ၊ ပြောင်ပြောင်မြောက်မြောက် ထုဆစ်ထားနိုင်မလဲ ဆိုတာကို မှန်းဆကြည့်စမ်းပါ။ ဖြစ်နိုင်ရင် အနာဂတ်ကို မှန်းဆကြည့်စမ်းပါ။ နောက် နှစ် ၅၀ ၊ ၁၀၀ လောက်ကို မှန်းဆကြည့်စမ်းပါ။ ကျနော်တို့ တိုင်းပြည်ရဲ့ အဖြစ်ကို တွေးကြည့်စမ်းပါ။ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေနဲ့ အဆင့်အတန်းကို စဉ်းစားကြည့်စမ်း ပါ။ အနာဂတ်ကို မှန်းကြည့်ပြီး အိပ်မက်တွေ မက်ကြည့်စမ်းပါ။

ကိုယ် အခုလုပ်နေတဲ့ အလုပ်ကို အတိတ်ကို ကြည့်ပြီး လုပ်နေတာပဲ မဖြစ်သင့်ဘူး။ အနာဂတ်ကို ကြည့်ပြီး ပုံဖော်မှ ကောင်းမယ်။ ကျနော်တို့မျိုးဆက်ဟာ အနာဂတ်ကို မှန်းဆပုံဖော်ကြည့်ရဲတဲ့ အတွေးအခေါ်မျိုး၊ ယုံကြည်မှုမျိုးတွေ ရှိရင် သိပ်ကောင်းမယ်။ တော်တော်များများကို ကြည့်လိုက်ရင်၊ အတိတ်နဲ့ လတ်တလောကိစ္စ တွေမှာပဲ ဝဲလည်လိုက်နေတာများတယ်။ အနာဂတ်ကို ကြိုကြည့်ပြီး လုပ်တာကိုင်တာ မတွေ့ရဘူး။ နောင် နှစ် လေးငါးဆယ် မပြောနဲ့။ နောက်လာမယ့်နှစ်မှာ ဘာဖြစ်မယ်၊ ဘယ်လိုလုပ်မယ်…. ဆိုတာကိုတောင် မတွေးကြ တာ များတယ်။ မနက်ဖြန်ဆိုတာလည်း ဝေလာဝေး။ ဒီတော့ အနာဂတ်ကို မှန်းရဲတဲ့ မျိုးဆက်သစ်ကို ကျနော်တို့ မွေးမြူပေးဖို့ လိုလိမ့်မယ်။ မြှောက်ပင့်ပေးဖို့ လိုလိမ့်မယ်။ ကျနော်တို့ သားသမီးတွေနဲ့ တူတွေ၊ တူမတွေကို ဒီလို လမ်းကြောင်းပြသပေးဖို့ လိုလိမ့်မယ်။

❏ အပြောင်မြောက်ဆုံးသာ ထုဆစ်ခဲ့

အခုပြောခဲ့တဲ့အကြောင်းအရာကတော့၊ စာရေးသားခြင်းမှာ အနုပညာပေါင်းထည့်ခြင်း သဘောကို အနည်းငယ် ပြောပြီး၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ကြိုကြည့်မြင်ပြီး ဖန်တီးတည်ဆောက် စီရင်ကြဖို့ ၊ ဆွဲခေါ်တိုက်တွန်း လိုက်တာဖြစ်ပါတယ်။ စာရေးတဲ့သူကလည်း ကိုယ်ရေးတဲ့ စာပေကို အနုပညာတန်ဖိုးပေါင်းထည့်ပြီး ခွန်စိုက် အားစိုက် ဖန်တီးရမယ်။ ဒီလိုလုပ်နေရုံနဲ့ မပြီးသေးဘူး။ လူ့အဖွဲ့အစည်းရဲ့ အဖြစ်တရားကို ကြည့်မြင်ပြီးတော့၊ တိုင်းပြည်ရဲ့ အနာဂတ် နှစ်ပေါင်း ၅၀၊ ၁၀၀ လောက်ကို ကျော်ကြည့်ရဲတဲ့ယုံကြည်ချက်မျိုး ရှိရမယ်။ ဒီလို ကြည့် မြင်နားလည်ရဲတဲ့သတ္တိနဲ့ ကိုယ်ဖန်တီးတဲ့စာပေ လက်နက်တစ်ခုလို လူ့အဖွဲ့အစည်းအတွက် အသုံးချရမယ်။ ကျနော့်သဘောကတော့ ဒီလိုယူဆချက်ရှိပါတယ်။ စာပေဟာ စာပေအတွက်။ အနုပညာဟာ အနုပညာအတွက် ပဲ ဖြစ်ရမယ်ဆိုတဲ့ သိမ်ငယ်တဲ့အယူအဆကို လက်မခံချင်ပါဘူး။ စာပေဟာ စာပေအတွက်လည်းဖြစ်ချင် ဖြစ်မယ်၊ လူ့အဖွဲ့အစည်းအတွက်လည်းဖြစ်ချင်ဖြစ်မယ်၊ နိုင်ငံအတွက်လည်း ဖြစ်ချင်ဖြစ်မယ်၊ လူမျိုးအတွက် လည်းဖြစ် ချင်ဖြစ်မယ်၊ လူသားတွေအတွက်လည်းဖြစ်ချင်ဖြစ်မယ်၊ ကမ္ဘာကြီးအတွက်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့် အတွက်လည်းဖြစ်ချင်ဖြစ်မယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်။ ဖြစ်ပါစေ။ လွတ်လပ်စွာ ဖြစ်တည်သက်ရောက်ပါစေ။ စာပေ နဲ့ အနုပညာရဲ့သက်ရောက်မှု တန်ဖိုးကို ဘောင်ခေတ် ကန့်သတ်ရမှာ မဟုတ်ဘူး။ ဖန်တီးသူကသာ လွတ်လပ်သောစိတ်နဲ့ အပြောင်မြောက်ဆုံး ဖန်တီးဖို့သာ လိုပါတယ်။ ဖန်တီးမှု ပြီးမြောက်သွားရင်၊ စာပေအနုပညာရဲ့ သက်ရောက်မှုဟာ သူ့တန်ဖိုးကို သူဆောင်ပါလိမ့်မယ်။ သူ့သဘောကို သူဆောင်ပါလိမ့်မယ်။

❏ ခေတ်ရှေ့ပြေးနေတာ

ကျနော့် သဘောကတော့၊ စာပေအနုပညာဟာ အတိတ်ဆိုတာထက် အနာဂတ်ကို လမ်းပြဦးဆောင်ဖို့ လိုတယ် လို့ ခံယူတယ်။ ခေတ်မီအောင်လုပ်နေတာထက် ခေတ်ရှေ့ကို ပြေးနေရမယ်လို့ ယူဆတယ်။ အသစ်အသစ်ကို ဖန်တီးနိုင်ရမယ်။ အသစ်ဖြစ်ရုံနဲ့ မပြီးဘူး၊ အကျိုးဖြစ်ထွန်းမှုကိုလည်း အထောက်အပံ့ပြုရမယ်လို့ ယူဆတယ်။ အကျိုးဖြစ်ထွန်းမှုဆိုတာကတော့ ကျယ်ပြန့်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်မှ၊ ထမင်းစားရမှ၊ ငွေရမှ အကျိုးဖြစ်ထွန်းတယ်လို့ယူဆတဲ့ သေးသိမ်တဲ့အယူအဆမျိုး ကျနော့်မှာ မရှိပါ။ ဖန်တီးမှု လုပ်အားသာ စစ်မှန် ရင် ထွက်လာတဲ့ စာပေအနုပညာထုတ်ကုန်ဟာ သူ့အလိုလို အကျိုးဆောင်ကို ဆောင်လိမ့်မယ်လို့ ယုံကြည် လက်ခံထားတယ်။

စာပေအနုပညာဟာ အနာဂတ်ကမ္ဘာနဲ့ အနာဂတ် လူ့အဖွဲ့အစည်းကို ပုံဖော်ထုဆစ်ဖို့အတွက် အကောင်းဆုံးနဲ့ အခိုင်မြဲဆုံး လက်နက်ကိရိယာဖြစ်တယ်လို့ ကျနော် ယူဆတယ်။ စာရေးခြင်းအတတ်နဲ့ ပုံနှိပ်ဖြန့်ချိခြင်းကိစ္စဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လတ်တလောအားဖြင့် သက်ရောက်မှု နှေးချင်နှေးလိမ့်မယ်။ သို့ပေမယ့်၊ စာအုပ် တစ်အုပ်ဟာ ဖန်တီးသူရဲ့ တန်ဖိုးတွေကို လူ့အဖွဲ့အစည်းအတွင်းမှာ တဖြည်းဖြည်း တစိမ့်စိမ့် သယ်ယူတည် ဆောက်ပေးနေတဲ့ တမန်တော်တစ်ပါးဖြစ်တယ်လို့ ကျနော် ထင်တယ်။ ဒါ့ကြောင့် စာရေးခြင်းအလုပ်နဲ့ ပုံနှိပ်ထုတ်ဝေခြင်း အလုပ်ကို ပေါ့ပေါ့ မတွေးသင့်ဘူး။ စာပေမှ မဟုတ်ဘူး။ ဘယ်လို အနုပညာမဆို ပေါ့ပေါ့ မတွေးသင့်ဘူး။ အနုပညာတန်ဖိုးဟာ လုပ်အားစိုက်ထုတ်ထားသလောက် တန်ဖိုးဖြစ်လာတတ်တယ်။ ဖန်တီးသူ ရဲ့ စိတ်ဇောနဲ့ ဈာန်တရားတို့ရဲ့ သတ္တိဟာ အံ့မခန်း သက်ရောက်နိုင်တယ်။ ဒါ့ကြောင့် စာအေနုပညာယဉ်ကျေးမှု အုတ်မြစ်ကို တည်ဆောက်နေတဲ့သူတွေဟာ တိုင်းပြည်ရဲ့တန်ဖိုးဖြစ်တယ်။ အနာဂတ် လူ့အဖွဲ့အစည်းကို ဩဇာလွှမ်းမိုးပြုပြင်နိုင်တဲ့သူတွေ ဖြစ်တယ်။

စာရေးချင်တဲ့သူတွေဟာ စာပေကိစ္စကို ဒီလောက်အထိ ချဲ့တွေးယူလို့ ရတယ်။

မင်းသေ့
နံနက် ဝ း ၀၂
၅၊ ဇွန်လ၊ ၂၀၂၀ ။

Previous post Audio Article Collections
Next post ရဟန်း ၊ စာအုပ်ဝေဖန်ခန်း (၁)