(စာ၊ စာရေးဆရာ၊ စာပေ၊ စက္ကူ ၊ စခရင်)

စာပေကိစ္စကို ပြောရင်၊ ရေးသူဘက်ကလည်း အရေးကြီးတယ်။ ဖတ်သူဘက်ကလည်း အရေးကြီးတယ်။ ရေးသူ ဆိုတာ ထုတ်လုပ်သူဖြစ်တယ်။ ဖြန့်ချိသူဖြစ်တယ်။ ရောင်းချသူဖြစ်တယ်။ ဖတ်သူကတော့ စားသုံးသူဖြစ်တယ်။ လက်ခံသူဖြစ်တယ်။ ဝယ်ယူသူဖြစ်တယ်။ ဘောဂဗေဒမှာတော့၊ supply side နဲ့ demand side ဆိုပြီး ပြော တယ်။ ဒီလိုပြောရင်လည်း ရှင်းလိမ့်မယ်။

စာပေကိစ္စမှာ၊ ရေးသူနဲ့ ဖတ်သူတင် ပါဝင်နေတာ မဟုတ်ဘူး။ တခြားသော ပါဝင်ပတ်သက်သူတွေလည်း ရှိ တယ်။ ရေးတဲ့သူကို များသောအားဖြင့် ခေါ်ရင်၊ စာရေးသူ၊ စာရေးဆရာ။ စာရေးဆရာက ရေးလိုက်တဲ့ စာတွေ ပျံ့နှံ့ရေးဟာ အရေးကြီးတယ်။ စနစ်တကျ ပျံ့နှံ့ရေးဟာ ပိုလို့ အရေးကြီးတယ်။ စာရေးဆရာဟာ ဘယ် ပလက်ဖောင်းကို နင်းပြီး သူ့ရဲ့စာကို ဖြန့်ချိမှာလဲဆိုတာ စဉ်းစားရတယ်။ ဆုံးဖြတ်ရတယ်။ အခုလို နည်းပညာ အပြန့်ကျယ်တဲ့ခေတ်မှာတော့၊ စာကို ဖြန့်ချိတဲ့ ပလက်ဖောင်းဟာ များလာပြီ။ ပေါလာပြီ။ လွယ်လာပြီ။ သိပ် မခက်တော့ဘူး။ လွယ်လွန်းလို့ လူတော်တော်များများတောင် စာရေးဆရာဖြစ်လာနေကြပြီ။

ပလက်ဖောင်း နှစ်ခု

စာပေဖြန့်ချိတဲ့ ပလက်ဖောင်းကို၊ အကြမ်းဖျင်းအားဖြင့် (၂) မျိုးခွဲပြီး ကြည့်လို့ရတယ်။

• စက္ကူပလက်ဖောင်းလား။
• စခရင်ပလက်ဖောင်းလား။

စက္ကူပလက်ဖောင်း

စက္ကူပလက်ဖောင်းဟာ ရှေးရိုးပလက်ဖောင်းဖြစ်ပါတယ်။ စက္ကူမပေါ်ခင်တုန်းကတော့၊ ပေရွက်ကို ပလက် ဖောင်းလုပ်ပြီး စာကို ဖြန့်ချိတယ်။ ပေပြီးတော့ ပုရပိုက်။ ရှေးယခင်တုန်းကတော့၊ ကျူစာလိပ်တွေလည်း ရှိတယ်။ ဝါးတို့ သစ်သားတို့ပေါ်မှာလည်း ရေးကြတယ်။ မြေကြီးကို အုတ်ခွက်လိုလုပ်ပြီးတော့လည်း ရေးကြတာ ပဲ။ သားရေပြားပေါ်မှာလည်း ရေးကြတာပဲ။ တရုတ်က ဆိုင်လန်ဟာ စက္ကူကို စထွင်သူဖြစ်တယ်။ စက္ကူပေါ်လာ ပြီးမှ၊ စက္ကူကို အခြေခံပြီး ပုံနှိပ်ဘလောက်တုံးပေါ်ပြီး ပုံနှိပ်စက် အစပြုလာရတယ်။ ပုံနှိပ်တဲ့နည်းကို စပြီးသုံးတဲ့ သူကတော့ ဂူတင်ဘတ်ဖြစ်တယ်။ ဒါက သမိုင်းက ပြောတဲ့ကိစ္စ။

နောက်ဆုံးတော့၊ စက္ကူထုတ်လုပ်ရေးဟာ တွင်ကျယ်လာတယ်။ စက္ကူကို အမျိုးမျိုး ထုတ်လုပ်လာနိုင်တယ်။ စက္ကူကို အသုံးပြုပြီး နိုင်ငံရေးသမားတွေဟာ ဝါဒဖြန့်ချိသလို၊ ဂန္တဝင်မြောက်တဲ့ ကဗျာ၊ စာပေတွေကလည်း စက္ကူကို နင်းပြီး အဆင့်အတန်းမြင့်လာကြတယ်။ လူထုဆီကို ပျံ့နှံ့လာကြတယ်။ စက္ကူဟာ အရာရာလိုဖြစ်လာ တယ်။ စက်မှုခေတ်ဟာ စက္ကူနဲ့ အုပ်စိုးတဲ့ အင်ပါယာလို့တောင် ဆိုတယ်။ စက္ကူနဲ့ ငွေကြေးကို ပြုလုပ်လာတယ်။ ငွေကြေးဟာ ကမ္ဘာလောကကို ခြယ်လှယ်နေတယ်။ ဒဿနသမားတွေ၊ နိုင်ငံရေးသမားတွေက စက္ကူကို အသုံး ပြုပြီး ဝါဒဖြန့်ချိရေးတွေ လုပ်တယ်။ ကွန်မြူနစ်ကမ္ဘာပေါ်ထွန်းလာပြီး အရင်းရှင်တော်လှန်ရေးကို လုပ်နိုင်တာ၊ ဒါ့ကြောင့်ဆိုတာ ထင်ရှားတယ်။ ကားမတ်ခ်နဲ့ အိန်ဂျယ်တို့ဟာ ကွန်မြူနစ်အတွေးအခေါ်ကို စတင်လိုက်တယ်။ အလုပ်သမား၊ လယ်သမားလူတန်းစားဆီကို စက္ကူကို ပလက်ဖောင်းလုပ်ပြီး ဝါဒဖြန့်ချိရေးလုပ်တယ်။ ဒီလိုနဲ့ ဥရောပတစ်ခွင် ပျံ့နှံ့ပြီး ဆိုဗီယက်ရုရှားမှာ အလုပ်သမားတော်လှန်ရေးဖြစ်တယ်။ ဒီလိုနဲ့ ကွန်မြူနစ်အာဏာရှင် နိုင်ငံကို ထူထောင်မှု စတင်နိုင်လာတော့တာပဲ။ တရုတ်ကိုလည်း ကြည့်လေ။ တရုတ်မှာ မော်စီတုန်းရဲ့ စာအုပ်နီ ကလေးတွေဆိုတာ အထင်အရှားပဲ။ မော်စီတုန်းက စာအုပ်နီကလေးတွေနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီးကို သူ့လက်ခုပ်ထဲ ထည့်ထားနိုင်ခဲ့တာ သမိုင်းကို ပြန်ကြည့်ရင် သိနိုင်တယ်။ အရင်းရှင်ကမ္ဘာမှာလည်း ကြည့် လိုက်။ ဈေးကွက်စီးပွားရေးဖြစ်ထွန်းလာတဲ့အခါမှာ၊ ငွေကြေးစနစ်တွေဟာ ကမ္ဘာပတ်လာတယ်။ ဘဏ်တွေမှာ၊ စာချုပ်တွေနဲ့ ငွေကြေးတွေကို ရောင်းတယ်၊ ဝယ်တယ်၊ ရင်းနှီးမြှုပ်နှံကြတယ်။ စက္ကူရဲ့အခြေအနေကို ဘာ့ ကြောင့် တကူးတကပြောနေရသလဲဆိုတော့၊ စက္ကူရဲ့စွမ်းပကားဟာ ကြီးမားခဲ့တယ်။ ကြီးမားနေဆဲလည်းဖြစ် တယ်ဆိုတာ သိစေချင်လို့ဖြစ်ပါတယ်။ စာရေးသားဖြန့်ချိရေးအတွက်သုံးတဲ့ စက္ကူပလက်ဖောင်းဟာ ဘယ် လောက်အရာထင်သလဲဆိုတာလည်း ဆန်းစစ်ဖို့ လိုတယ်။ တစ်ဆက်တည်းမှာပဲ စက္ကူဟာ၊ စာရေးသားဖြန့်ချိဖို့ တင် မဟုတ်ဘူး။ တခြားနေရာမှာလည်း ကမ္ဘာကြီးကို ပုံဖော်နိုင်တယ်။ ပုံသွင်းနိုင်တယ်ဆိုတဲ့ သဘောရှိတာကို ထည့်တွက်စေချင်တယ်။

စာရေးဆရာ၊ နိုင်ငံရေးသမား ဖြစ်သူ ဆရာကျော်ဝင်းက “သင်္ကေတစီးပွားရေး” ဆိုပြီး ဆောင်းပါး တစ်ပုဒ်ရေးခဲ့ ဖူးတယ်။ သင်္ကေတစီးပွားရေးဆိုတဲ့ဆောင်းပါးမှာ၊ စက္ကူရဲ့ အရေးပါအရာရောက်ခဲ့ပုံကို တို့ထိရေးသားခဲ့ဖူးတယ်။ ကောက်နုတ်ချက်ကို ကြည့်ရအောင်။

“ စက္ကူ၏ နောက်ဆုံးထွက်သက်။ စက္ကူမှာ စက်မှုခေတ်၏ ထွက်ကုန်ဖြစ်သလို၊ စက်မှုခေတ်ကြီး တစ်ခုလုံးကို စုစည်းဖော်ပြရာ ရုပ်ပိုင်းသင်္ကေတ တစ်ခုလည်း ဖြစ်ပါသည်။ စက်မှုခေတ်၏ အသိပညာဗဟုသုတမျိုးစုံကို စာအုပ်ဆိုသော စက္ကူပစ္စည်းဖြင့် သယ်ပိုးထားသလို၊ စက်မှုခေတ်၏ ဓနကိုလည်း ငွေစက္ကူဆိုသော အာမခံချက် ဖြင့် သင်္ကေတယူထားသည်။ ထို့ထက် ပိုင်ဆိုင်မှုအဝဝကို စာချုပ်စာတမ်းဆိုသော စက္ကူဖြင့် မှတ်တမ်းယူထား သလို၊ ယောက်ျားမိန်းမတို့၏ ပုဂ္ဂလိက လိင်ရွေးချယ်မှုကိုလည်း လက်ထပ်စာချုပ်ဆိုသော စက္ကူပင် ထုပ်နှောင် ထားပါသည်။ ပြောရလျှင် စက်မှုခေတ်ဆိုသည်မှာ စက္ကူနှင့် အုပ်စိုးသော စက္ကူအင်ပါယာကြီးပင်ဖြစ်တော့သည်။
ဒေါ်လာ၊ ယူရို၊ ယန်း၊ မတ်… စသည်ဖြင့် ငွေအကြောင်း၊ စီးပွားရေးအကြောင်း ပြောကြပြီဆိုသည်နှင့် စက္ကူသံ တဖျတ်ဖျတ်ကို နားထဲက အလိုလိုကြားလာပါလိမ့်မည်။ ဤသို့သဘောရှိသော စက္ကူအတွက်နှင့်ပင် ချစ်ကြ မုန်းကြ၊ ရန်ဖြစ်ကြ၊ စစ်တိုက်ကြနှင့် သမိုင်းဇာတ်လမ်းများကိုလည်း ရေးခဲ့ကြသည်။ သို့နှင့်တိုင် လူ့သမိုင်း၏ ပထမဇာတ်ကွက်မှာ ခေတ်ဦးလယ်သမား ယာသမားကြီးများကို ကာလယန္တရား နောက်ပြန်မောင်းစေ၍ မျက်မှောက်ခေတ်သို့ ခေါ်လာနိုင်လျှင်မူ ဤမျှတန်ခိုးကြီးလှသော စက္ကူကို အမှိုက်တစ်စနှယ်သာ သဘောထား ကြပါလိမ့်မည်။ ဤလို စက္ကူအမှိုက်နှင့် အဝတ်တစ်စ၊ စပါးတစ်တောင်းလဲပါဆိုလျှင် တူးတူးခါးခါး ငြင်းကြမည် သာ ဖြစ်ပါသည်။ သူတို့ခေတ်၏ ငွေကြေးမှာ စက္ကူမဟုတ်။ ရွှေ၊ ငွေ စသော အဖိုးတန် သတ္တုများ ဖြစ်သလို၊ သားရေ၊ ဆား စသော လူသုံးကုန်များလည်းဖြစ်နိုင်သည်။ ‘ကုန်စည်အသပြာ’ (COMODITY MONEY) ဟုခေါ် ပါသည်။” (သင်္ကေတစီးပွားရေး၊ ကျော်ဝင်း)

စက္ကူစွမ်းအား

စက္ကူဟာ လောကကြီးမှာ၊ ကျနော်တို့ ထင်ထားတာထက် ပိုစွမ်းပါတယ်။ ကျနော်တို့ ယူဆထားတာထက် ပိုထိ ရောက်ပါတယ်။ စက္ကူလို့ ပြောရင်၊ စက္ကူနဲ့ လုပ်ထားတဲ့ ဝါဒဖြန့်ချိရေးတွေကို ကျနော်တို့ မျက်စိထဲ မမြင်ကြဘူး။ ကျနော်တို့ လက်ထဲမှာ ကိုင်ထားတဲ့ ငွေကြေး၊ ကျပ်၊ ဒေါ်လာဆိုတာတွေကို မမြင်မိကြဘူး။ ကျနော်တို့ရဲ့ လူမှု ရေးကို စည်းနှောင်ထားတဲ့ လက်ထပ်စာချုပ်တွေကို မမြင်မိကြဘူး။ ကျနော်တို့ရဲ့ဓနဥစ္စာကို အာမခံချက်ပေး ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်တွေ၊ အာမခံစာရွက်တွေကို မမြင်မိကြဘူး။ လူအသိုင်းအဝိုင်းအဖွဲ့ဝင်၊ လူမျိုးအဖွဲ့ဝင်၊ တိုင်းပြည်ရဲ့နိုင်ငံသား… စတဲ့ မှတ်ပုံတင်ထားချက်တွေကိုလည်း မမြင်မိကြဘူး။ စက္ကူဟာ ကျနော်တို့ ဘဝကို ခြယ်လှယ်နေတာများပြီ။ ဒီနေရာမှာတော့၊ ဒါတွေကို ခဏထားပြီး စာရေးဆရာနဲ့ စက္ကူ ပလက်ဖောင်း အကြောင်း ဆက်ကြအုံးစို့။

စာရေးဆရာနဲ့ စက္ကူ

ဒီနေ့ခေတ်မှာ စက္ကူနဲ့ အပြိုင်ဖြစ်လာတာကတော့ စခရင်ဖြစ်ပါတယ်။ ကွန်ပြူတာ စခရင်၊ ဖုန်းစခရင်….စတာ တွေက လူတွေရဲ့နေ့စဉ်ဘဝကို လွှမ်းမိုးပြုပြင်ပုံသွင်းနေတယ်။ စာရေးဆရာဟာ နဂိုက စက္ကူပေါ်ကို နင်းဖို့ ကြိုး စားတယ်။ စက္ကူကနေတစ်ဆင့် လူထုဆီကို သူ့ခံစားချက်နဲ့ သူ့အတွေးအမြင်တွေ၊ သူ့တွေ့ရှိချက်တွေကို ရေးသားဖြန့်ချိတယ်။ ခံစားချက်ကို ဗဟိုပြုပြီးဖြန့်ချိရင် ရသအနုပညာစာပေလို့ ပြောတယ်။ အချက်အလက်နဲ့ အဖြစ်အပျက်တွေ၊ အသိအမြင်တွေကို ဗဟိုပြုပြီး ဖြန့်ချိရင် သုတစာပေလို့ ပြောတယ်။ နှလုံးသားကို ပစ်မှတ် ထားပြီး ရေးတဲ့အခါ ရသစာပေဖြစ်လာတယ်။ ဦးနှောက်ကို ပစ်မှတ်ထားပြီး ရေးတဲ့အခါ သုတစာပေဖြစ်လာ တယ်။ စာပေတွေမှာ၊ အသက်မွေးဝမ်းကျောင်းအတွက် ဘာလက်စွဲ၊ ညာလက်စွဲဆိုပြီး ရေးတဲ့ အတတ်ပညာ ဆိုင်ရာစာအုပ်တွေလည်း ရှိတာပဲ။ စာပေကတော့ ဒီ့နောက်ပိုင်း အမျိုးမျိုး အဖုံဖုံ စုံလို့နေပါတယ်။
စာပေအမျိုးအစား ဘယ်လိုပဲစုံစုံ စာရေးဆရာဟာ စက္ကူကို အာကာပြင်လုပ်ပြီးတော့ ချယ်မှုန်းရေးသားပြုစုကြရ တာပဲ။ ထွက်လာတဲ့စာပေ ထုတ်ကုန်ကို လူထုဆီ အပြန့်ဖြန့်နိုင်အောင် စက္ကူပလက်ဖောင်းကို နင်းရတာပဲ။ စက္ကူပလက်ဖောင်းကနေတစ်ဆင့် စာဖတ်ပရိတ်သတ်အသွယ်သွယ်ဆီကို ဦးတည်ခင်းကျင်ပြီး လျှောက်ရ တယ်။ ဒီနည်းနဲ့ စာပေအနုပညာဟာ လူထုဆီကိုရောက်လာတယ်။ လူထုဟာ စက္ကူကို မီဒီယံလုပ်ပြီးတော့ စာရေးဆရာနဲ့ နှလုံးသားချင်း ဂျပ်ပင်ထိုးတယ်။ ဦးနှောက်ချင်း ရှော့ရိုက်တယ်။ ဘဝချင်း ထုံကူးတယ်။ စက္ကူဟာ ရာစုနှစ်အတော်များများထိ စာရေးသူနဲ့ စာဖတ်သူအကြားမှာ အကောင်းဆုံး ဆက်သွယ်ရေးတံတားတစ်ခုဖြစ်ခဲ့ တယ်။ အခုထက်ထိလည်းဖြစ်နေဆဲဖြစ်တယ်။ စက္ကူကနေ လူ့အဖွဲ့အစည်းကို လူတွေရဲ့ ပြုပြင်စီရင်မှုကြောင့် အကောင်းတွေရော၊ အဆိုးတွေရော သက်ရောက်မှုတွေ များခဲ့တယ်။ စက္ကူဟာ သက်မဲ့ဖြစ်တယ်။ စက္ကူဟာ အပြဌာန်းခံဖြစ်တယ်။ စက္ကူဟာ အပြုခံရသူဖြစ်တယ်။ လူဟာ ပြုသူဖြစ်တယ်။ လူဟာ ပြဌာန်းသူဖြစ်တယ်။ လူဟာ စီရင်နိုင်တဲ့သူဖြစ်တယ်။ လူဟာ သက်ရှိဖြစ်တယ်။ ဒါ့ကြောင့် စက္ကူကို လူဟာ ဘယ်လို အသုံးချသလဲ၊ ဘယ်လိုစီရင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး လူ့အဖွဲ့အစည်းမှာ သက်ရောက်မှုတွေ ရှိလာတယ်။ သက် ရောက်မှုတွေထဲမှာ၊ ဆိုးတာတွေရော ကောင်းတာတွေရော ရောနေတယ်။ စက္ကူရဲ့ စွမ်းအားဟာ ကျနော်တို့ ထင်ထားတာထက် ပိုပါတယ်။

ပလက်ဖောင်း ဒီဇိုင်း

စက္ကူဟာ ဒီဇိုင်းအမျိုးမျိုးနဲ့ လူထုဆီကို အရောက်သွားတယ်။ စာပေပလက်ဖောင်းမှာ ဘယ်လိုဒီဇိုင်းတွေ ပေါ်ခဲ့ သလဲ။ လူထုဆီကို တံတားထိုးပေးတဲ့ မီဒီယံဟာ ဘယ်လို ပုံမျိုးတွေလဲ။ “စာနယ်ဇင်း” လို့ အတိုကောက်ခေါ်တဲ့ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေဟာ လူထုဆီကို အပြန့်အနှံ့ကျယ်အောင် ရောက်ခဲ့ပါတယ်။ စာနယ်ဇင်းကို ပုံနှိပ်မီဒီယာလို့ အခေါ်ရှိတယ်။ စက္ကူပေါ်မှာ ပုံနှိပ်ပြီးတော့ လူထုဆီကို သတင်းအချက်အလက်၊ အသိအမြင်နဲ့ အတွေးအခေါ်ခံစားမှုတွေကို မျှဝေတဲ့နည်းနာဖြစ်ပါတယ်။ ပုံနှိပ်စက္ကူနဲ့ အွန်လိုင်းပလက်ဖောင်းဟာ အားသာ ချက်၊ အားနည်းချက် ကိုယ်စီ ရှိနေပါတယ်။ စက္ကူထမ်းနိုင်တဲ့ဝန်ကို အွန်လိုင်းစခရင်က မထမ်းနိုင်တာလည်း ရှိ တယ်။ အွန်လိုင်းစခရင်က ထမ်းနိုင်တဲ့ဝန်ကို စက္ကူက မထမ်းနိုင်တာလည်း ရှိတယ်။ ဒီတော့ စက္ကူရဲ့ အားနည်း ချက်ကို စခရင်က ဖြည့်မယ်။ စခရင်ရဲ့အားနည်းချက်ကို စက္ကူက ဖြည့်ပြီး နှစ်ဖက်တွဲသွားကြရင်တော့၊ စာပေ ပလက်ဖောင်းဟာ ပိုကျယ်လာမယ်။ ပိုပြီး ခရီးရောက်နိုင်တယ်။
ဟိုးယခင်က စာပေဟာ လမ်းမကြီးပေါ်မှာပဲ ရောက်နိုင်မယ်ဆိုရင်၊ အခုဆိုရင်တော့ လမ်းကြိုလမ်းကြားအထိပါ ရောက်နိုင်ပြီ။ အိမ်ကြိုအိမ်ကြားအထိပါ ရောက်နိုင်ပါ။ လမ်းမကြီးမှာလည်း ခြေချနိုင်သလို၊ လမ်းသွယ်တွေမှာ လည်း စိုးမိုးနိုင်လာမယ်။ ခရီးဝေး လမ်းမကြီးပေါ်မှာ တစ်ရက်နဲ့ ရောက်နိုင်မယ့်ခရီးဟာ၊ တစ်နာရီ နှစ်နာရီ အတွင်း ရောက်လာနိုင်မယ်။ နိုင်ငံထဲမှာပဲ ကျင်လည်နိုင်ခဲ့ရာက၊ ကမ္ဘာကိုပတ်နိုင်လာတော့မယ်။ စက္ကူနဲ့ စခရင် ဟာ ရန်ဖက် မဟုတ်ဘူး။ မိတ်ဖက်တွေ ဖြစ်ပါတယ်။ မိတ်ဖက်တွေ ဖြစ်ရမယ်။ စာရေးဆရာဟာ ဒီသဘောကို နားလည်ပြီး၊ ကိုယ်ဖြန့်ချိတဲ့ စာပေအနုပညာ အပြန့်ကျယ်ဖို့ ခေတ်အမြင်ရှိမှ ရတော့မယ်။ စာပေကို ဒစ်ဂျစ်တယ် နဲ့ ပေါင်းစပ်နိုင်မှ ရတော့မယ်။

လက်ရှိပစ္စုပ္ပန်မှာလည်း ကြည့်လေ။ မြန်မာပြည်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို စာပေ/ အနုပညာနဲ့ ပေါင်းပြီး ဖြန့်ချိနိုင်တဲ့သူဟာ ပိုတွယ်ကျယ်လာတာတွေ့ရတယ်။ ခေတ်ရဲ့ပေးထားချက်ကို ရအောင်သုံးပြီး အဖြေကောင်း ထုတ်နိုင်ဖို့ လိုတယ်။ စာပေသမားဟာ ကွန်ဆာဗေးတစ်ဖြစ်လို့ မရတော့ဘူး။ ဝန်းကျင်နဲ့ မလျှော်ညီတဲ့ ကိုးယို့ကားယား ၊ မနူးမနပ် မော်ဒန်ခေတ်လွန်လည်း ဖြစ်လို့ မဖြစ်သေးဘူး။ ခေတ်ရှေ့ ကိုလည်း ပြေးဖို့ လိုတယ်။ အဟောင်းထဲက စွန့်သင့်တာကိုလည်း စွန့်၊ ပယ်သင့်တာကိုလည်း ပယ်၊ ဖယ်သင့်တာကိုလည်း ဖယ်၊ ငြင်းသင့်တာကိုလည်း ငြင်းပြီး လူထုကို ရှေ့ဆောင်ရမယ်။ ယဉ်ကျေးမှုအဟောင်းထဲမှာ အကောင်းတွေ ရှိနိုင် တယ်။ အဟောင်းတိုင်းဟာ မကောင်းဘူး။ အကောင်းတိုင်းဟာလည်း အဟောင်း မဟုတ်ဘူး။

စက္ကူရဲ့ အားသာချက်

ပုံနှိပ်စက္ကူပေါ်မျာ ရှိတဲ့စာပေဟာ သက်တမ်းများစွာ ရှည်နိုင်တယ်။ သူဟာ အမှီအခိုကင်းမှုအနည်းဆုံးနဲ့ သူ့အလုပ်သူ လုပ်နိုင်တယ်။ ပုံနှိပ်စက္ကူပေါ်က စာပေဟာ စခရင်ထက် ပျံ့နှံ့မှုနှုန်း နည်းနိုင်ပေမယ့်၊ အသက် ရှည်မှုနှုန်းကတော့ မြင့်တယ်။ စခရင်ပေါ်က စာလို အခုမြင် အခုပျောက် မဟုတ်ဘူး။ ဒီနေ့ပေါ် မနက်ဖြန် ပျောက် မဟုတ်ဘူး။ စက္ကူဟာ စွဲမြဲတယ်။ တည်ငြိမ်တယ်။ ပုံနှိပ်စက္ကူပေါ်က စာဟာ စာသမားကို ဆွဲဆောင် တယ်။ ညှို့တယ်။ စက္ကူပြင်ပေါ်က စာဟာ စိမ်ပြေနပြေလေ့လာဖို့၊ ဖတ်ရှုဖို့ သိပ်ကောင်းတဲ့ ကွင်းပြင်ဖြစ်တယ်။ စာအုပ်ဟာ စာရေးဆရာရဲ့ တမန်တော်ဖြစ်တယ်။ စာရေးဆရာ သေဆုံးသွားရင်တောင် စာအုပ်တွေဟာ စာရေး ဆရာကိုယ်စား အလုပ်လုပ်ပေးနိုင်တယ်။ အဲသည်လို အလုပ်လုပ်နိုင်ဖို့လည်း စာရေးဆရာက သူရေးတဲ့စာပေ ထဲမှာ သူ့ဝိညာဉ်တွေ ထည့်ပေးနိုင်မှရမယ်။ စာတိုင်းမှာ၊ စာအုပ်တိုင်းမှာ စာရေးဆရာရဲ့ ဝိညာဉ်ဓာတ်တွေ ပါလာဖို့ ဆိုတာ လွယ်တော့ မလွယ်ဘူး။ ဒီကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ စာရေးဆရာဟာ သူရေး သားဖန်တီးတဲ့ စာပေအနုပညာအပေါ်မှာ ဘယ်လောက် ရူးသွပ်သလဲဆိုတာ အရေးကြီးတယ်။ စာရေးဆရာဟာ စာပေမှာ ဘယ်လောက်လုပ်အား စိုက်သွင်းထားသလဲဆိုတာ အရေးကြီးတယ်။ စာရေးဆရာဟာ ရေးသားခြင်း အထုံအလေ့ကို ဘယ်လောက်နက်နဲထားသလဲဆိုတာ အရေးကြီးတယ်။ နောက်ဆုံး အရေးကြီးတဲ့အချက်က တော့၊ စာရေးဆရာဟာ သူဖန်တီးတဲ့စာပေအပေါ်မှာ ဘယ်လောက် ရက်ရက်စက်စက် ရိုးသားနိုင်သလဲဆိုတာ ဖြစ်ပါတယ်။

ဒီလို အနှစ်အသားတွေနဲ့ ပေါင်းစပ်ထားနိုင်တဲ့ စာပေမျိုးဟာ၊ စခရင်ပေါ်မှာပဲ ပေါ်ပြီး ပျောက်သွားဖို့ မကောင်း ဘူး။ တဒင်္ဂလောက်ပဲ လူထုဆီမှာ စွဲမြဲနေတာ မကောင်းဘူး။ နှစ်ပေါင်းများစွာ ရှည်ကြာစွာ တည်နိုင်ဖို့အတွက်၊ ပုံနှိပ်စက္ကူပြင်ပေါ်ကို ရောက်အောင် ပို့ရမယ်။ ပုံနှိပ်စက္ကူပေါ်မှာ စွဲမြဲထားနိုင်မှ ကောင်းမယ်။ စာရေးဆရာဖန်တီး လိုက်တဲ့ စာဟာ စက္ကူတွေကို ပေါင်းချုပ်ထားတဲ့စာအုပ်အဖြစ်နဲ့ စာဖတ်ချင်သူ လူထုဆီ ရောက်ဖို့ လိုတယ်။ စက္ကူပေါ်ရောက်တဲ့စာဟာ အဟောသိကံမဖြစ်ဘူး။ စာရေးဆရာ အိပ်နေတဲ့အချိန်မှာတောင် စက္ကူပြင်ပေါ်က စာတွေဟာ အလုပ်လုပ်ပေးနေတတ်တယ်။ စာရေးဆရာဟာ စက္ကူကို အထင်မသေးသင့်ဘူး။ စက္ကူရဲ့တန်ဖိုးကို မြင်အောင်ကြည့်ဖို့ လိုတယ်။

ပုံနှိပ်စက္ကူချင်း တူတယ်ဆိုရင်တောင် သတင်းစာ၊ ဂျာနယ်ပေါ်က ပုံနှိပ်စက္ကူရဲ့ အသက်ရှည်နှုန်းနဲ့ စာအုပ်အဖြစ် ချုပ်လုပ် ပုံနှိပ်ထားတဲ့ ပုံနှိပ်စက္ကူတို့ရဲ့ အသက်ရှည်နှုန်းဟာ အတော်ကွာခြားတယ်။ အတော်ကွဲပြားတယ်။ စာရေးဆရာဟာ ကိုယ်ရေးတဲ့စာရဲ့ အတိုင်းအဆနဲ့ သတ္တိကို နားလည်ဖို့ လိုတယ်။ တချို့စာတွေဟာ သိုးတယ်။ တချို့စာတွေကတော့ မသိုးဘူး။ မသိုးတဲ့စာတွေကို ရွေးပြီးတော့ ပုံနှိပ်စက္ကူပေါ် တင်ဖို့ လိုတယ်။ ပြီးရင် စနစ်တကျ ထုတ်ပိုးချုပ်လုပ်ပြီးတော့၊ စာဖတ်သူတွေရဲ့ စာအုပ်စင်ပေါ်၊ စားပွဲပေါ်၊ စာအုပ်စင်ပေါ်၊ အိပ်ရာနဘေး၊ လွယ်အိတ်ထဲ၊ ကျောပိုးအိတ်ထဲ၊ လက်ထဲ၊ မျက်စိရှေ့ ရောက်ဖို့ လိုတယ်။ စာရေးဆရာဟာ စာရေးဖို့ပဲ တာဝန်ရှိတာတော့ မဟုတ်ဘူး။ စာကို အရည်အသွေးရှိရှိ၊ ရေးပြီးရုံနဲ့တော့ မပြီးသေးဘူး။ ဒါဟာ စာရေးဆရာရဲ့ အလုပ်တစ်ဝက်ပဲ ပြီးသေးတယ်။ ကျန်တဲ့အလုပ်တစ်ဝက်ကတော့၊ ပုံနှိပ်ဖြန့်ချိပြီး စာဖတ်သူရှေ့ ရောက်အောင် ကြိုးစားဖို့ ဖြစ်တယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေရဲ့ အယ်ဒီတာတွေတင် အဲဒီ့တာဝန် ရှိတာ မဟုတ်ဘူး။ ကိုယ်က အယ်ဒီတာဆီ ပို့သင့်ရင် ပို့၊ ဂျာနယ်ဆီ ပို့တန်ရင် ပို့၊ ထုတ်ဝေနိုင်မယ့်သူဆီ ပို့ရင် ပို့ ပို့ဖို့ လိုတယ်။ အခုကတော့ ဘယ်သူဆီမှ မပို့ရင်တောင် ကိုယ့်စခရင်မှာ ကိုယ့်ဘာသာ တင်လို့ ရနေပြီ။ ဖတ်ချင် သူဟာ ကိုယ့်ဇ,ကို အသိအမှတ်ပြုယုံကြည်လာတာနဲ့အမျှ၊ စာရေးဆရာဆီကို တကူးတက ရောက်လာမယ်။ စာရေးဆရာက ပထမဆုံး စာဖတ်သူဆီ ကိုယ့်စာ ပို့နိုင်အောင်တော့ ကြိုးစားကြရတာပဲ။ နောက်တော့လည်း၊ ကိုယ့်ကြိုးစားမှု ထက်သန်လာတာနဲ့အမျှ စာဖတ်သူဆီ အရောက်ပို့စရာတောင် မလိုတော့ဘူး။ စာဖတ်သူက ကိုယ့်စခရင်ကို အလိုလိုရှာလာတယ်။ စာရေးဆရာဟာ စခရင်ပေါ်မှာတော့ လမ်းဆုံးဖို့ မသင့်ဘူး။

စက္ကူ ၊ စခရင်

စခရင်ကတော့ စက္ကူလို မကြာဘူး။ ချက်ချင်း ချက်ချင်း ဖြစ်နိုင်တယ်။ အခုရေး၊ အခုပြီး၊ အခု စာဖတ်သူဆီ ရောက်လို့ရတယ်။ ဒါပေမယ့် ဘယ်လောက်ကောင်းကောင်း တစ်ရက်၊ နှစ်ရက်၊ သုံးရက်လောက်အပြင် ပိုမခံဘူး။ အကောင်းကို အသစ်တွေက ဖုံးသွားတယ်။ သတင်းတွေ၊ အချက်အလက်တွေက အချိန်နဲ့အမျှ ပေါ်နေလို့ အကောင်းဟာ ရောသွားတတ်တယ်။ သီးခြားဖြစ်မနေဘူး။ ဒါ့ကြောင့် စာဖတ်သူဆီမှာ ရေရှည်တည် တံ့စွာ ကျန်နိုင်ဖို့ ခက်တယ်။ မြန်ဆန်မှုနဲ့ ဆက်သွယ်မှုကတော့ စက္ကူထက် အများကြီးသာတယ်။ စာရေးဆရာ ဟာ စာဖတ်သူနဲ့ တိုက်ရိုက်ဆက်ဆံလို့ရတယ်။ ရေးသူဖတ်သူဟာ ချက်ချင်းလက်ငင်း စာပေဝေဖန်ရေးကို လုပ် နိုင်တယ်။ ဒီလိုနေရာမှာတော့ စက္ကူက စခရင်ကို မမှီဘူး။

စခရင်ကတော့ စက္ကူလို မဟုတ်ဘူး။ စာဖတ်သူက ကြာကြာအာရုံစိုက်နိုင်ဖို့ ခက်တယ်။ စာဖတ်သူဟာ အချက် အလက်အတွက် စခရင်ကို အားကိုးနိုင်တယ်။ အသိပညာအတွက်ကတော့ ၊ ပုံနှိပ်စက္ကူပေါ်က စာအုပ်က ပိုကောင်းလိမ့်မယ်။ စာအုပ်ဟာ ကြာရှည် အာရုံစိုက်လို့ရတယ်။ အေးအေးဆေးဆေး၊ စိမ်ပြေနပြေ လေ့လာလို့ ကောင်းတယ်။ အတွေးနဲ့ လွင့်မျောလို့လည်း ကောင်းတယ်။ စခရင်တော့ ပျောက်လွယ်၊ ပျက်လွယ်၊ ပေါ်လွယ် တယ်။ စက္ကူကတော့ ပျောက်ဖို့ ခက်တယ်။ ပျက်ဖို့ ခက်တယ်။ ပေါ်ရင်တော့ တဖြည်းဖြည်းချင်းမှ ပေါ်လာ တယ်။ စက္ကူနဲ့ စခရင်ကို မျှပြီးသုံးနိုင်ရင် စာပေဟာ ပိုပြီး အရာရောက်လိမ့်မယ်။

စခရင်ပလက်ဖောင်း

ဒစ်ဂျစ်တယ်ခေတ်ဟာ ဖြစ်ထွန်းလာတာ ကြာပြီ။ သို့ပေမယ့် လွန်ခဲ့တဲ့ (၁၀) နှစ်နီးနားမှာမှ၊ မြန်မာပြည်ဟာ ချိတ်ဆက်ခွင့်ကို များများစားစား ရလာတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ်နဲ့ မနီးစပ်တဲ့ လူ့အဖွဲ့အစည်းအလွှာ ပေါင်းစုံရှိနေသေးတယ်။ လူတစ်ဦးချင်းစီဟာ ဒစ်ဂျစ်တယ်ကို သုံးလာနိုင်ပေမယ့်၊ သုံးတတ်တဲ့အဆင့်ကိုတော့ အားလုံး ရောက်မလာသေးဘူး။ လူငယ်လူရွယ်တွေထဲမှာတောင် information litracy နဲ့ digital literacy ကို ကောင်းကောင်း မရနိုင်ကြသေးဘူး။ ကိုယ်ခံအား မတောင့်တင်းတဲ့ လူ့အဖွဲ့အစည်းဆီကို၊ ဒစ်ဂျစ်တယ် ပလက်ဖောင်း အသွယ်သွယ် ရုတ်တရက်ပေါ်လာတော့၊ မှားလျှောက်မိတဲ့လမ်းကြောင်းတွေလည်း ခပ်များများ ရှိတယ်။ ဒီဘက်ခေတ်မှာ၊ အွန်လိုင်းနဲ့ ဒစ်ဂျစ်တယ်ရဲ့ ဆိုးကျိုးကို ခပ်များများ မြင်လာရတယ်။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ ၊ စိတ်ကျရောဂါတွေ၊ အလွန်အကျွံအသိအမှတ်ပြုခံချင်မှုတွေ၊ အလွယ်နည်းနဲ့ ထင်ပေါ်လိုမှုတွေဟာ လူမှုဆိုးကျိုးတွေဖြစ်တယ်။ တစ်ဦးချင်းဘဝမှာလည်း ထိခိုက်သလို၊ မိသားစု၊ လုပ်ငန်းခွင်နဲ့ လူ့အဖွဲ့အစည်း အတွက်လည်း ဆိုးကျိုးတွေ ဖြစ်တယ်။ စခရင်နဲ့ ဒစ်ဂျစ်တယ်ဟာ သုံးတတ်ရင် ဆေး။ မသုံးတတ်ရင် ဘေး ဖြစ် တယ်။ စာပေဟာ စခရင်နဲ့ ပေါင်းလို့ အကျိုးရှိနိုင်တယ်။ တစ်ဖက်မှာလည်း စာပေဟာ ပေါ့တတ်သွားတတ်သေး တယ်။ ဘာလို့လဲဆိုတော့ စခရင်ဟာ ခက်တာတွေကို လွယ်အောင်လုပ်ပေးလို့၊ စာပေကို လိုသည်ထက် ပိုပြီး အလွယ်လုပ်လာကြရင် စာပေအရည်အသွေးဟာ ကျတယ်။ ကျွမ်းကျင်မှုကြောင့် စာပေရေးသားဖန်တီးမှုဟာ ကိုယ့်ဟာ ကိုယ် လွယ်နေတယ်ဆိုတာက အပြစ် မဟုတ်ပါ။ သို့ပေမယ့် ဒစ်ဂျစ်တယ်ကို ခုတုံးလုပ်ပြီး အလွယ် လုပ်လာတာတွေ များလာရင် စာပေဟာ စာပေဂုဏ်မထိုက်တော့ဘူး။ ဒစ်ဂျစ်တယ် အွန်လိုင်းအားကိုးနဲ့ လိုသည် ထက် ပိုပြီး ထင်ပေါ်အောင် လုပ်နိုင်လို့၊ အဆန်မရှိဘဲ ထိုးထောင်နေတဲ့ ဒစ်ဂျစ်တယ်စာရေးဆရာမျိုးဆက်လည်း ပေါ်လာနိုင်တယ်။ အပေါ်ယံမှာပဲ နိဂုံးချုပ်ပြီး၊ လူ့သည်းခြေကြိုက် ဖန်တီးတဲ့ စာတွေလည်း အများအပြား ထွက် လာနိုင်တယ်။ ထွက်လည်း ထွက်လာနိုင်တာပဲ။ စာပေဟာ အဆင်တန်ဆာလည်း ဖြစ်တယ်။ ဒါပေမယ့် ဒီနေရာ မှာတင် ရပ်နေတာတော့ မဟုတ်ဘူး။ အသုံးဝင်မှု တန်ဖိုးလည်းဖြစ်တယ်။ ဂုဏ်သိက္ခာလည်းဖြစ်တယ်။ အသုံး ချရမယ့် လက်နက်လည်းဖြစ်တယ်။ ပုံဖော်ထုဆစ်ရမယ့် ကိရိယာလည်းဖြစ်တယ်။ ခေတ်နဲ့လျှော်ညီအောင် အသုံးတွင်ကျယ်ဖို့ ကိုယ်သုံးတဲ့စာပေ လက်နက်ကိရိယာဟာ ထက်ရှရမယ် မဟုတ်လား။ ဒါ့ကြောင့် စာရေးဆရာဟာ ဒစ်ဂျစ်တယ်ကို ကောင်းသော ဘက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ အသုံးချဖို့ ကောင်းတယ်။ တစ်ဖက်မှာလည်း ပရိတ်သတ်ရေချိန်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကို ဇာတ်ပိုးသပ်ပေးနိုင်မှကောင်းတယ်။ သတိဆို တာ လွန်တယ် မရှိဘူး။ စခရင်ပေါ်မှာ လူတိုင်းဟာ ဟောင်ဖွာဟောင်ဖွာ လုပ်နိုင်လို့၊ သာမန် ပေါက်ပန်းလေး ဆယ်ပြောကြတဲ့လူနဲ့ စာရေးဆရာဟာ ဂုဏ်အဆင့်အတန်းလည်း တူသွားတတ်တယ်။ ဒါကို သတိထားဖို့ လို လိမ့်မယ်လို့ ကျနော်ယူဆတယ်။ သိခဲမှ ပညာ၊ ရခဲမှ ရတနာ ဖြစ်ပါတယ်။ အလွယ်ရနေတာတွေက ရတနာတွေ ပညာတွေဖြစ်ချင်မှဖြစ်တာပါ။ တစ်ဖက်မှာလည်း တွေးဖို့ လိုတာက၊ ခက်ခက်ခဲခဲ ရယူမှ ပညာရယ်လို့ မဟုတ်ပါ ဘူး။ တချို့ပညာတွေ ရဖို့ လွယ်တယ်။ တချို့ပညာတွေ ရဖို့ ခက်တယ်။ ဒီသဘောပါပဲ။
စခရင်ကို စီမံခန့်ခွဲနိုင်ဖို့တော့ လိုတယ်။ နေ့စဉ်လို စခရင်ဟာ ကိုယ့်ဘဝထဲကို ရောက်လာတယ်။ ကိုယ့်ဘဝကို လွှမ်းမိုးလာတယ်။ ကိုယ့်ဘဝကို ခြယ်လှယ်လာတယ်။ ကိုယ့်ဘဝကို ပြဌာန်းစီရင်လာတယ်။ စခရင်ကို ကောင်း ကောင်း မစီမံနိုင်ရင်၊ စခရင်ဟာ ကိုယ့်ဘဝဖြစ်လာမယ်။ စာရေးဆရာကလည်း ကိုယ်ရေးတဲ့စာကို စခရင်မှာပဲ မြှုပ်နှံလာမယ်။ စခရင်မှာပဲ လူပေါ်လူဇော်လုပ်လာတော့မယ်။ ဟုတ်ယောင်ထင်မှုကမ္ဘာဟာ စခရင်ထဲမှာ ပိုရှိနေ တယ်။ ပိုများတယ်။ လက်တွေ့ဘဝမှာလည်း နေထိုင်ဖို့ လိုသေးတယ်။ စခရင်ဟာ အရမ်းကာရော မြှောက်ပင့် နိုင်သလို၊ ရစရာမရှိအောင်လည်း ရိုက်ချနိုင်တယ်။ ဒါကို ထည့်တွက်ဖို့ လိုတယ်။ စခရင်ကို သုံးတဲ့ စာရေးဆရာ ဟာ ဒါကို နားလည်ဖို့ လိုသလို၊ သာမန် လူတစ်ယောက်ဟာလည်း ဒီအချက်ကို သိထားဖို့ ကောင်းတယ်။

စခရင်ကို စီမံ

လူ့အဖွဲ့အစည်းမှာ ဒစ်ဂျစ်တယ်ဟာ တိုးဝင်လာပြီ။ အပြန့်ကျယ်လာပြီ။ နေ့စဉ်လိုလို ကိုယ့်အချိန်တွေနဲ့ ကိုယ့် ဘဝတန်ဖိုးတွေကို စခရင်က အများကြီး နှုတ်ယူသွားနေပြီ။ စာပေရေးသားဖန်တီးတဲ့သူဟာ စခရင်ကို ဘဝ မမှတ်သင့်ဘူး။ စခရင်ကို ဘယ်လို အသုံးချရမလဲ၊ ဘယ်လောက်အကန့်အသတ်နဲ့ အသုံးချရမယ်ဆိုတာ နားလည်ဖို့ လိုတယ်။ စာရေးဆရာဟာ စခရင်ကို အားပြုလွန်းရင်၊ စာဖတ်သူကလည်း စခရင်ကို အားပြုလာ တော့မှာပဲ။ စက္ကူနဲ့ စခရင်ဟာ ဘက်မျှသင့်တယ်။ စခရင်ပေါ်မှာ စာတို့ခနိဆိတ်ကနန်းတွေ ပြန့်နေတယ်။ စာတို ပေစတွေ ပျံ့နေတယ်။ အလွယ်လုပ်၊ အလွယ်ဖတ်၊ မေ့လွယ် ပျောက်လွယ်တွေ များနေတယ်။


စက္ကူဘုရင် / စခရင် ဘုရင်မ


ဒီတော့ ဒစ်ဂျစ်တယ် စခရင်ပလက်ဖောင်းကို မြန်ဆန်မှု၊ နီးကပ်မှု၊ အပြန့်ကျယ်မှုအတွက် သုံးပြီး စက္ကူကိုတော့ စွဲမြဲမှု၊ တည်မြဲမှု၊ တည်တံ့မှု၊ ကျယ်ပြန့်နက်နဲမှုအတွက် မြှုပ်နှံရမယ်။ တန်ဖိုးကို မြင်အောင်ကြည့်ပြီး သူ့အတိုင်း သုံးနိုင်ရင် သိပ်တန်ဖိုးရှိတယ်။ စာပေဟာ စခရင်ကြောင့် ဂုဏ်ပျက်လို့ မရဘူး။ ဂုဏ်တက်တာပဲ ဖြစ်ဖို့ လိုတယ်။ စခရင်က စက္ကူကို ရိုက်ချိုးတာ မဖြစ်ရဘူး။ ပိုတွင်ကျယ်အောင် ပံ့ပိုးပေးတာပဲဖြစ်ရမယ်။ စခရင်နဲ့ စက္ကူဟာ မိတ်ဖက်တွေ ဖြစ်ဖို့လိုတယ်။ ရန်ဖက်တွေ မဖြစ်ရဘူး။ အပြန်အလှန် အညမည အမှီသဟဲပြုပြီး၊ သူ့အကျိုး ကိုယ်ဖြည့်၊ ကိုယ့်အကျိုးသူဖြည့်ပြီး ကျယ်ပြန့်စွာ ရပ်တည်သွားဖို့ လိုတယ်။ ဒါဆိုရင်တော့ ဒစ်ဂျစ်တယ်နဲ့ စခရင် ကြောင့် စက္ကူဟာ နန်းကျမသွားတော့ဘဲ ရာဇပုလ္လင်မှာ စက္ကူဘုရင်၊ စခရင်ဘုရင်မနဲ့ စာပေဟာ ပိုပြီး အတွဲညီ ညီ လှမ်းချီနိုင်မယ်လို့ ယူဆပါတယ်။

မင်းသေ့
နံနက် ၁ း ၂၅
၁၈ ၊ ဇွန်လ၊ ၂၀၂၀။
ရန်ကုန်မြို့ ၊ ဘားလမ်းတိုက်ခန်း။

PDF Free Download – Here >>>>

http://www.mediafire.com/file/svlps5i0tli5dbr/Writer%252C_Paper_and_Screen_by_Min_Thayt.pdf/file?fbclid=IwAR2J54FlSj5nv3plreAhekI0ZPM3ixfJV4cMYXN85SYNAjI7PdN0njCLO7o

Previous post မလွတ်လပ်မှု သံသရာ
Next post Covid – 19 and 2020 Election (Panel Discussion)