လက်သီးမျိုးဆက်မှ လက်ချောင်းမျိုးဆက်သို့


• နှင်းရည်တစက် အိပ်မက်တသက် (Political Drama)
• အောင်မိုးဝင်း ။
• ၂၀၁၉ ၊ ဇွန်လ ၊ ရန်ကုန်လမ်းမများစာပေ။


မြန်မာပြည်ပညာရေးကို ဖျက်ဆီးခဲ့တဲ့သူတွေအထဲမှာ အစိုးရတင် သာမကဘူး။ နာမည်ပြီး စာရေးဆရာ တချို့ပါ ပါနေပါတယ်။ ဒီလူတွေက သူတို့ကြိုက်နှစ်သက်တဲ့သူဆိုရင် နတ်ဘုရားနီးပါးပဲ။ ကျန်တဲ့လူတွေအားလုံးကို ဗီလိန် လုပ်ပစ်တယ်။


ကိုအောင်မိုးဝင်းက သူ့ရဲ့ဆောင်းပါး တစ်ပုဒ်မှာ အခုလို ရေးခဲ့တာဖြစ်ပါတယ်။ သမိုင်းကို ရေးရာမှာ ချစ်သူကို သာစေ၊ မုန်းသူကို နာစေ… ရေးလို့ မရပါဘူး။ ချစ်ရင်ဖော့၊ မုန်းရင် ဖိ… လို့လည်း မရပါဘူး။ အဂတိကင်းကင်း၊ အစွဲကင်းကင်းနဲ့ ရေးနိုင်မှ တော်ကာကျပါလိမ့်မယ်။ ရေးပြီးရင်လည်း ချေပစရာ ရှိက၊ ချေပဖို့ လိုပါတယ်။ အထောက်အထားနဲ့ အချက်အလက်နဲ့ ဖြစ်ရေးဟာ အင်မတန် အရေးကြီးပါတယ်။


နှင်းရည်တစက် အိပ်မက်တသက် စာအုပ်က အလွဲတွေကို တည့်ပေးတဲ့ စာအုပ်ဖြစ်ပါတယ်။ အတိတ်ကကိစ္စ တွေကို ရေးထားတာဖြစ်ပေမယ့်၊ အနာဂတ်အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ အတိတ်ဟာ ပြီးပြီးသား ကိစ္စ။ အနာဂတ်ဟာ ဖြတ်သန်းရအုံးမယ့် ကိစ္စ။


လက်သီးမျိုးဆက်


စာအုပ်နဲ့ ပတ်သက်ပြီး စပြောရရင်တော့၊ မျက်နှာဖုံးက စာပြောရမယ် ထင်တယ်။ မျက်နှာဖုံးမှာ တော်လှန်ရေးရဲ့ သင်္ကေတပါတယ်။ တက္ကသိုလ်ကျောင်းကြီးကို နောက်ခံထားတယ်။ တက္ကသိုလ် ပရဝုဏ်ကနေ ဖြစ်တည်လာတဲ့ တော်လှန်ရေးလို့ ဆိုလို့ရမယ် ထင်တယ်။ ဒီတော့ တော်လှန်သော မျိုးဆက်။


ဒါပေမယ့် ဒီတော်လှန်ရေးဟာ အတိတ်မှာ ဖြစ်ခဲ့တာပါ။ အတိတ်က ကိစ္စ ဖြစ်ပါတယ်။ ကျနော် ယုံကြည်ထား တာ တစ်ခု ရှိပါတယ်။ ကိုအောင်မိုးဝင်းဟာ ဒီစာကို အနာဂတ်အတွက် ရေးတယ်လို့ ထင်ပါတယ်။ အတိတ်က အကြောင်းအရာတွေ ဖြစ်ပေမယ့် အနာဂတ်အတွက် ရည်ရွယ်တာလို့ ကျနော် မြင်တယ်။


စာအုပ်မျက်နှာဖုံးမှာ လက်သီးဆုပ်ထားတဲ့ ပုံပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကို နောက်ခံထားတယ်။ စာအုပ် ပထမပိုင်းမှာ ကိုအောင်မိုးဝင်းက ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုအကြောင်းကို ရေးတယ်။ စစ်အစိုးရ ကို တော်လှန်တဲ့ ဗကသ။ တော်လှန်သောမျိုးဆက်ဖြစ်တာကြောင့် လက်သီးမျိုးဆက်လို့ နာမည်တပ်လိုက်ချင် တယ်။ လက်သီးမျိုးဆက်။


လက်ချောင်းမျိုးဆက်


ကိုအောင်မိုးဝင်းရေးခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ကို ကျနော် စာအုပ်အညွှန်းရေးဖူးတယ်။ စာအုပ်အညွှန်း ခေါင်းစဉ် က ခလုတ်တွေနှိပ်ကြရအောင်…။ သည်အထဲမှာ ကိုအောင်မိုးဝင်းကို ကျနော်က ဝိဂြိုလ်တစ်ခုပြုလိုက်တယ်။ ခလုတ်တွေနှိပ်ဖို့ ဆော်ဩသူ… ဆိုပြီး။ ခလုတ်တွေနှိပ်ပြီး ဘဝတွေရွှေ့လို့ရတယ်…လို့ ကိုအောင်မိုးဝင်း ရေးတာ ကို ကြိုက်လို့ ဒီလို ဝိဂြိုလ်ပြုလိုက်တာဖြစ်ပါတယ်။


ခလုတ်တွေ နှိပ်ဖို့ ဆိုရင် ဆုပ်ထားတဲ့လက်သီးနဲ့ နှိပ်လို့ မရပါဘူး။ ဆုပ်ထားတဲ့ လက်သီးကို ဖြည်လိုက်ဖို့ လိုပါ တယ်။ ဒီနေ့ခေတ်ဟာ တော်လှန်ရေးခေတ် မဟုတ်တော့ပါဘူး။ တည်ဆောက်ရေးခေတ်ဖြစ်ပါတယ်။ တော်လှန် ရေးခေတ်မှာ လက်သီးဟာ နေရာကျပေမယ့်၊ တည်ဆောက်ရေးခေတ်မှာ လက်သီးဆုပ်ကို ဖြည်လိုက်ဖို့လိုပါ တယ်။ လက်ချောင်းတွေနဲ့ ပုံဖော်ထုဆစ်မှ ရပါတော့မယ်။ လက်သီးဆုပ်ကို ဖြည်ပြီး ကွန်ပြူတာ ကီးဘုတ်ခုံ ပေါ် မှာ လက်ချောင်းတွေကို တင်လိုက်ဖို့ လိုပါတယ်။ လက်ချောင်းတွေနဲ့ တည်ဆောက်ရေးကို သွားလို့ရပါတယ်။ လက်ချောင်းတွေနဲ့ ကွန်ပြူတာကီးဘုတ်ပေါ်က ခလုတ်တွေကို နှိပ်ပြီး ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ကြရ မယ်။ မြန်မာပြည်ကို တည်ဆောက်ကြရမယ်။ ဘဝတွေကို ရွှေ့ရမယ်၊ ပြောင်းရမယ်၊ မြန်မာပြည်ကိုလည်း ရွေ့အောင် တွန်းကြရမယ်။ ဒါကို လက်ချောင်းမျိုးဆက်က လုပ်ရမှာဖြစ်ပါတယ်။ လက်ချောင်းမျိုးဆက်။


အောင်မိုးဝင်း


ကိုအောင်မိုးဝင်းနဲ့ ပတ်သက်ပြီး ကျနော့်မှာ ပြောစရာတွေ ရှိပါတယ်။ ပထမ အချက်ကတော့ ကိုအောင်မိုးဝင်း ဟာ မန္တလေးသားဖြစ်လို့ ကျနော် ကိုယ်စားဂုဏ်ယူတယ်။ ပြီးတော့ စက်မှုတက္ကသိုလ်ကျောင်းဆင်း။ ကျနော် ကိုယ်တိုင်လည်း မန္တလေးသား။ အရင်ခေတ်ကတော့ စက်မှုတက္ကသိုလ်။ အခုခေတ်မှာတော့ နည်းပညာ တက္ကသိုလ်။ ကျနော်က နည်းပညာတက္ကသိုလ်ကျောင်းဆင်း။ ကိုအောင်မိုးဝင်းတို့ မျိုးဆက်က တော်လှန်ရေး မျိုးဆက်ဖြစ်ပါတယ်။ ဒီခေတ်ကတော့ တည်ဆောက်ရေးခေတ်ရောက်နေပြီ။ တော်လှန်ရေးမျိုးဆက်ထဲက လူအနည်းစုပဲ တည်ဆောက်ရေးဘက်မှာ ပါနိုင်တော့တယ်လို့ ကျနော်မြင်တယ်။ ဒီအထဲမှာ ကိုအောင်မိုးဝင်းက ဒီနေ့ တည်ဆောက်ရေးခေတ်မှာ ပြန်ပါလာတဲ့ လူတစ်ယောက်။


တော်လှန်ရေးမျိုးဆက်ဟာ တည်ဆောက်ရေးဘက်မှာ ပြန်မပါလာနိုင်တဲ့ အကြောင်းအရင်းတွေ များစွာ ရှိမယ် လို့ ကျနော် ထင်ပါတယ်။

အဖိအနှိပ်အထုအထောင်းကြားထဲမှာ ရုန်းကန်ပြေးလွှားကြရင်း ကောင်းမွန်တဲ့ ဗီဇ မျိုးစေ့တွေ သင်းသတ်ခံကြရတယ်။ ဒီကြားထဲမှာ ထူူးထူးခြားခြား ကိုယ့်ကိုယ်ကို ပြန်ထူထောင်ပြီး တိုင်းပြည် အတွက် ပြန်အကျိုးပြုနိုင်ခဲ့တဲ့ လူအနည်းစုလည်း ရှိခဲ့ပါတယ်။ ဒီအထဲမှာ ကိုအောင်မိုးဝင်းပါပါတယ်။


သူ့စာတွေ


ကျနော် ကိုအောင်မိုးဝင်း စာတွေ ဖတ်ဖြစ်ပါတယ်။ အွန်လိုင်းမှာ ရေးတာရော၊ ထုတ်ထားတဲ့ စာအုပ်တွေကို ရော ဖတ်ဖြစ်ပါတယ်။ ကျနော် နိုင်ငံရေးသိပ္ပံကို လေ့လာပါတယ်။ နိုင်ငံရေးသိပ္ပံကို လေ့လာတဲ့နေရာမှာ Case Study လို့ ခေါ်တဲ့ အရာတွေကို သဘောတရားတွေ၊ သီအိုရီတွေနဲ့ တွဲပြီး လေ့လာရတယ်။ ကိုအောင်မိုးဝင်းရဲ့ စာတွေထဲမှာ နိုင်ငံတကာအဖြစ်အပျက်၊ အခင်းအကျင်းကို ရေးထားတဲ့အရာတွေ အများကြီး ရှိပါတယ်။ International Politics လို့ ပြောလို့ ရမယ် ထင်တယ်။ ကျနော်တို့ မျိုးဆက်အတွက် လေ့လာစရာ နိုင်ငံတကာ ဖြစ်ရပ်တွေကို ကိုအောင်မိုးဝင်းက အမေရိကားကနေ လှမ်းလှမ်းပြီး ရေးတာ ဖတ်ရတယ်။ ပြည်ပရောက်နေပေမယ့် မြန်မာပြည်အတွက် ကြိုးပမ်းနေတဲ့အရာပါ့လားလို့ တွေးပြီး ပီတိဖြစ်ရပါတယ်။


အရင်က ကိုအောင်မိုးဝင်းရေးထားခဲ့ဖူးတဲ့ ABSDF နဲ့ပတ်သက်တဲ့စာတွေ ဖတ်ဖူးတယ်။ ကျနော်ကိုယ်တိုင် ဖတ်ရင်း နင့်နင့်သီးသီး ခံစားခဲ့ရတယ်။ ပါဂျောင်၊ မြောက်ပိုင်း လူသတ်ပွဲ။ ဇာတ်တူသားစားခြင်း၊ ဟင်္သာကိုးသောင်း။ ကျောင်းသားအချင်းချင်း သတ်တဲ့ လုပ်ရပ်။ ဖက်ဆစ်ထက်ဆိုးတဲ့ ကျောင်းသားလက်နက် ကိုင်တပ်အကြောင်း။ ဖတ်ရင်းနဲ့ သိပ်ရွံစရာကောင်းတဲ့ ဇာတ်ကောင်တွေ။ အခုလည်း သက်ရှိထင်ရှား ရှိနေပါသေးတယ်။ ထားတော့။


ယခင်ကလည်း ကိုအောင်မိုးဝင်းရေးထားတဲ့ စာအုပ်က အမေရိကန် ပညာရေးနဲ့ ပတ်သက်ပြီးရေးတဲ့စာအုပ်။ နောက် ထွက်လာတဲ့ တစ်အုပ်က၊ လွတ်လပ်ခြင်းကို စီးနင်းလိုက်ပါသူများ ဆိုပြီး နိုင်ငံတကာဖြစ်ရပ်တွေကို ရေးတယ်။ ဟော အခုလည်း ထွက်လာပြန်ပြီ။ နှင်းရည်တစက် အိပ်မက် တသက် တဲ့။ Political Drama လို့ ပါသေး။

နှင်းရည်တစက် အိပ်မက်တသက်ဟာ သမိုင်းနောက်ခံ စာအုပ်ဖြစ်ပါတယ်။ ခေတ်သစ်နိုင်ငံရေးလေ့လာချက် ဖြစ်သလို၊ ကျောင်းသားလှုပ်ရှားမှု သမိုင်း တစိတ်တဒေသ၊ ကိုအောင်မိုးဝင်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းလို့လည်း ပြောလို့ ရပါတယ်။ စာရေးသူ ကိုအောင်မိုးဝင်းရဲ့ နိုင်ငံရေးအမြင်၊ ကောက်ချက်တွေလို့လည်း ဆိုချင် ဆိုနိုင် တယ်။
ကလောင်အနေနဲ့ အမျိုးအစားခွဲကြည့်ရရင်၊ ကိုအောင်မိုးဝင်း ကလောင်က ချွန်တယ်၊ စွာတယ်။ ကလောင်က ချွန်တာကြောင့် အထိုးခံရသူကတော့ အတော် စူးမယ် ထင်တယ်။ ခံရလည်း ခက်လိမ့်မယ်။ စကားလုံး ခပ်ကြမ်း ကြမ်း သုံးတတ်တာ တွေ့ရတယ်။ ကောက်ချက်တွေကို ပီပီပြင်ပြင် ဆွဲခြစ်တတ်သေးတယ်။


ကျနော်ကတော့ ဒီစာအုပ်ကို မြည်းရင်း ဒရမ်မာတွေကို ဂရုစိုက်ကြည့်မိတယ်။


ကျောပိုးအိတ်ထဲ ကွန်ပြူတာထည့်ထား


ဒီစာအုပ်ဟာ အတိတ်က နိုင်ငံရေးဒရမ်မာတွေလို့ ပြောလို့ရပေမယ့် အနာဂတ်ကို ရည်ရွယ်ထားတဲ့ စာအုပ် လို့ မြင်တယ်။ ကိုအောင်မိုးဝင်းက ကျနော့်ကို ပြောဖူးတယ်။ ကျနော်တို့ နိုင်ငံရေးသမားတွေဟာ ပညာတတ်ရမယ်၊ ပိုက်ဆံ ရှိရမယ်…တဲ့။ ဟုတ်တယ်။ ကျနော် ယုံကြည်တယ်။ ကျနော်လက်ခံတယ်။ ကျနော်တို့ မျိုးဆက်က လက်သီးမျိုးဆက် မဟုတ်တော့ဘူး။ လက်ချောင်းမျိုးဆက်။ ကျနော့်တို့ လွယ်အိတ်၊ ကျနော်တို့ ကျောပိုးအိတ် ထဲမှာ ကွန်ပြူတာထည့်ပြီး နိုင်ငံရေးလုပ်ရမယ့်ခေတ်ကို ရောက်နေပြီလို့ ကျနော်မြင်တယ်။ ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ လက်ချောင်းလေးတွေနဲ့ သိပ်မွေ့တဲ့ နိုင်ငံရေးကို လုပ်ရမယ်။ ဒါ့ကြောင့် ကျနော်တို့ မျိုးဆက်ဟာ ပညာတတ်ရမယ်။ နိုင်ငံရေးလုပ်မယ့်သူဟာ ပညာပိုပြီးတတ်ဖို့ လိုတယ်။


ဒုတိယပိုင်း


စာအုပ်ဒုတိယပိုင်းမှာ ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် ကျင်လည်ခဲ့တဲ့ နိုင်ငံရေးဘဝ။ လူ့စရိုက်တွေကို တွေ့ရ တယ်။ အကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေးကို တွေ့ရတယ်။ တစ်ကိုယ်တော်လွတ်မြောက်ရေးအတွက် ရုန်းကန်ခဲ့ ရတာတွေ၊ အချင်းချင်း တင်စီးခံရတာတွေ။ စလို့ စုံလို့။ ဒိုနာမောင်းတဲ့နိုင်ငံရေး၊ ဒေါ်လာမောင်းတဲ့နိုင်ငံရေး အကြောင်းတွေကိုလည်း တွေ့ရတယ်။ မြင်ရတယ်။ လူတွေဟာ ကိုယ်ကျိုးစီးပွားနဲ့ပတ်သက်ရင် ဘယ်သို့၊ ဘယ်လို ဆိုတာတွေ မြင်ရဖတ်ရလို့ သက်ပြင်းချမိတယ်။


ဒုက္ခသည် စာရင်းဝင်တို့အကြောင်း၊ ဒိုနာအကြောင်း၊ ပရောဂျက် တင်စားတာတွေအကြောင်း၊ အင်ဂျီအိုတွေ အကြောင်း၊ သူ့လူကိုယ့်လူ အုပ်စုဖွဲ့တာတွေအကြောင်း…၊ အချင်းချင်း ဖျံကျတာတွေ အကြောင်း… စသည်ဖြင့် စုံလို့ စီလို့။


မြန်မာပြည်ဆင်းရဲနေတာ၊ ပဋိပက္ခတွေနဲ့ချည်း ပြည့်နေတာ သိပ်အဆန်း မဟုတ်။ ထို့ကြောင့်…. ဤသို့ ဆိုတာ တွေကို နားလည်ခဲ့ရတယ်။


ထိုင်းနယ်စပ် အဖြစ်အပျက်တွေမှာ ကျင်လည်ခဲ့တဲ့လူတွေကို ကိုအောင်မိုးဝင်းက ဆားအိုးထဲ လက်နှိုက်ခိုင်း လိုက်တယ်။ ဆားအိုးကြီး ချပေးလိုက်တယ်။ အနာရှိတဲ့လူ စပ်ကြပေါ့။ ကိုယ့်ဘာသာအနာရှိမှန်းသိသူကတော့ ဆားအိုးကို ဝေးဝေးက ရှောင်ကြမယ်ထင်တယ်။


ဒိုနာမောင်းတဲ့နိုင်ငံရေးအကြောင်း၊ ဒေါ်လာမောင်းတဲ့နိုင်ငံရေးအကြောင်း ခပ်များများပြော၊ ခပ်များများရေး၊ စာအုပ်ထဲမှာ ထည့်ပြီး ပုံနှိပ်တာဆိုလို့ ကိုအောင်မိုးဝင်းက ပထမဆုံးဖြစ်လိမ့်မယ် ထင်တယ်။ ကျနော်ကတော့ ဒီဘက်ခေတ်စာရေးသူတွေမှာ ဒေါ်လာမောင်းတဲ့နိုင်ငံရေးအကြောင်း စာအုပ်တွေထဲမှာ ဂဃဏန မဖတ်ဖူးသေး ဘူး။ Dead Aid ကို ဘာသာပြန်ထားတဲ့စာအုပ် တစ်အုပ်တော့ ရှိတယ်။ ဒါပေမယ့် မြန်မာပြည်ကိစ္စတွေကို ရေးတာကတော့ ကိုအောင်မိုးဝင်း စာအုပ်ထဲမှာပဲတွေ့ဖူးသေးတယ်။

အမေရိကားနှစ်များ

အခု ကိုအောင်မိုးဝင်း စာအုပ်ရဲ့ တတိယပိုင်းဟာ အမေရိကားရောက် နှစ်ကာလများ လို့ ပြောလို့ရပါတယ်။ ဒီနေရာမှာ ကျနော်တို့အတွက် လေ့လာစရာ၊ သင်ယူစရာ ကိစ္စရပ်တွေ အများကြီး တွေ့နေရပါပြီ။ ကျနော်တို့ဟာ ကိုယ့်ဥခွံထဲမှာ ကိုယ်ကျောက်ချနေလို့ မရတော့ဘူးလို့ ကျနော် ခံစားလိုက်ရတယ်။ အပြင်ကို ဖွင့်ပြီး လေ့လာမှ ကောင်းမယ်။ မျက်လုံးကို ပြူးပြူးကြည့်နိုင်မှ တော်ကာကျမယ်။ မှန်ပြောင်းရှည်ရှည်နဲ့ ကြည့်မှ တည်ဆောက်ရေးကိစ္စဟာ ကောင်းနိုင်မယ်လို့ ကျနော် မြင်မိတယ်။


ယခင် တော်လှန်ရေးမျိုးဆက်ဟာ ဘယ်လို ကြီးပြင်းရှင်သန်လာခဲ့ရသလဲ၊ ဘယ်လို ရုန်းကန်လှုပ်ရှားခဲ့ရသလဲ။ ကျနော်တို့ ရှေ့မျိုးဆက်ဟာ ကျနော်တို့အတွက် ဥပမာကောင်းပဲဖြစ်ပါတယ်။ သူတိုတွေ မှားခဲ့တာတွေကို ကျနော်တို့ သင်ခန်းစာယူရမယ်။ သူတို့တွေ လုပ်နိုင်ခဲ့တာတွေကို အားကျ အတုယူရမယ်။ သူတို့တွေ မလုပ်နိုင် သေးတာတွေကို ကျနော်တို့ ဆက်လုပ်ရမယ်လို့ ကျနော် ထင်တယ်။


တရုတ်နိုင်ငံက အခု တရုတ်ပြည်ဖြစ်နေတာ အကြောင်းမဲ့ မဟုတ်ဘူး။ အမေရိကန်ကလည်း အခု အမေရိကန် ဖြစ်နေတာ အကြောင်းမဲ့ မဟုတ်ဘူး။ သူတို့မှာ ဘယ်လို ဖြတ်သန်းမှုမျိုး ရှိခဲ့လို့ ဒီလိုအဆင့်ကို ရောက်လာတာ လည်းဆိုတာ ထင်ထင်ရှားရှားရေးထားတယ်။ ဖတ်ရတာ ကွင်းကွင်းကွက်ကွက်။ ရှင်းရှင်းလင်းလင်း။ ဒီလိုတွေ ဖတ်ရင်း ကွန်မြူနစ်နိုင်ငံကြီးရဲ့လားရာကိုပါ သိရလို့ ေဩာ်…ဆိုပြီး ပင့်သက်ရှိုက်မိသေးတယ်။
အရင်းရှင်တဲ့။ ကွန်မြူနစ်တဲ့။ အရင်းရှင်ကို အရင်ရှင်းလို့ ကြားဖူးတယ်။ ကိုအောင်မိုးဝင်းကတော့ အရင်းကို ရှင်အောင်လုပ်နိုင်ကြတဲ့ လူတွေတဲ့။ လူတန်းစားမဲ့ အော်ခဲ့တဲ့ လူတွေကိုယ်တိုင်က လူတန်းစား တစ်ရပ်ကြီးကို ဖြစ်လို့။ ဒါဟာ နိုင်ငံရေးဘဝပါ့လားဆိုတာ နားလည်လိုက်ရတယ်။ အကျိုးစီးပွားနဲ့ မောင်းနှင်နေကြတဲ့ နိုင်ငံရေး မဟုတ်လား။


ထာဝရ ရန်သူ မရှိ၊ ထာဝရ မိတ်ဆွေ မရှိ။ ထာဝရ အကျိုးစီးပွားသာ ရှိ။
အမေရိကန်ပညာရေးအကြောင်း ပြောရင်း၊ စောဒကတက်ဖို့၊ ငြင်းဖို့၊ ဝေဖန်ဖို့ ဆော်ဩတယ်။ ပြောသမျှ ခေါင်း ငုံ့နားထောင်နေတာ လစ်ဘရယ်ပညာရေးမဟုတ်ဘူး။ ဝေဖန်မှ ဆန်းစစ်မှ၊ ငြင်းခုန်နိုင်မှ တကယ့်ပညာရေး။


ကိုအောင်မိုးဝင်း စာတွေ ဖတ်ရရင်း ကျနော် ကောက်ချက် တချို့ချမိတယ်။


• တွေးရမယ်
• မေးရမယ်
• စောဒက တက်ရမယ်
• ငြင်းခုန်ရမယ်
• ခလုတ်တွေ နှိပ်ရမယ်
• ပညာတတ်ရမယ်
• ပိုက်ဆံရှိရမယ်
• တို့တိုင်းပြည်ကို ချမ်းသာအောင် လုပ်ရမယ်
• စုတ်တီးစုတ်ပြတ်၊ အနုပ်စုတ် ဂုတ်စုတ်နဲ့ နိုင်ငံရေးမလုပ်ရဘူး….။


မင်းသေ့
နံနက် ၉ း ၃၀
၂၅ ၊ မေ ၊ ၂၀၁၉ ။

Previous post မြန်မာလူ
Next post Burma Version Buddhism အကြောင်း ရှင်းချက်။