ကျနော် အမြဲတမ်းလိုလို စဉ်းစားဖြစ်တဲ့အကြောင်းအရာရှိတယ်။ အမှီအခိုကင်းခြင်းဆိုတဲ့ကိစ္စ။ ဘဝမှာ ဆင်းရဲ ဒုက္ခတွေ အမျိုးမျိုးရှိပါလိမ့်မယ်။ အဲသည့်အထဲမှာ သိပ်မွေ့သော ဆင်းရဲခြင်းတွေလည်း ရှိတယ်။ ကိုယ်ကိုယ် တိုင်က သာမန်အားဖြင့် ပြည့်ပြည့်စုံစုံရှင်သန်နေတယ်လို့ ဆိုနိုင်နေပေမယ့်၊ သိမ်မွေ့သော ဆင်းရဲခြင်းကို နေ့စဉ် လိုလို ခံနေရတာတွေ ရှိတယ်။ အဲဒါကတော့ အမှီအခိုမကင်းတဲ့ကိစ္စလို့ ကျနော် ထင်တယ်။

လူဟာ အစုအဖွဲ့နဲ့ နေတတ်တဲ့သတ္တဝါဖြစ်ပါတယ်။ တစ်ကိုယ်တည်း တစ်ထီးတည်းနေဖို့ဆိုတာက၊ လူတစ် ယောက်အတွက် အတော်ခက်တယ်။ လူဟာ လုံခြုံမှုအရ အစုအဖွဲ့နဲ့ နေရတယ်။ လူဟာ စားဝတ်နေရေးအရ အစုအဖွဲ့နဲ့ အတူနေရတယ်။ စားသောက်နေထိုင်နိုင်ဖို့အတွက် အစုအဖွဲ့နဲ့ ဆက်စပ်စုပေါင်းပြီးတော့ အလုပ် လုပ်ကြရတယ်။ တစ်ဖက်မှာလည်း လူဟာ ဆက်ဆံရေးသတ္တဝါဖြစ်နေပြန်တယ်။ ဒီတော့ မိသားစုရှိတယ်။ အပေါင်းအသင်း ရှိတယ်။ မိတ်ဆွေသူငယ်ချင်းတွေ ရှိတယ်။ ဆွေမျိုးအသိုင်းအဝိုင်းရှိတယ်။ လုပ်ဖော်ကိုင်ဖက် တွေ ရှိတယ်။ လူဟာ လူမှုရေးသတ္တဝါလို့ ဆိုတာ ဒါ့ကြောင့်လည်း ဖြစ်မယ်။ ဒီတော့ တစ်ဦးတည်း တစ်ယောက် တည်း မဟုတ်ဘဲ၊ အစုအဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ကိစ္စဟာ လူသားဘဝမှာ ရှိနေတယ်။ ကြုံနေတယ်။ သဘာဝအတိုင်းကို အလိုလိုဖြစ်တည်နေတယ်။ တစ်ဖက်မှာလည်း လူဟာ အသိအမှတ်ပြုမှုကို ခံချင်လာပြန် ရော။ ဝမ်းဝနေရုံ၊ ကောင်းကောင်းနေထိုင်စားသောက်နေရုံနဲ့ အာသာချင်ခြင်းက မပြေသေးဘူး။ ဝါသနာအရ၊ စိတ်အာရုံဝင်စားမှုအရ သူကိုယ်တိုင်ဖန်တီးတဲ့အရာတွေကို လူအများရဲ့အသိအမှတ်ပြုခံချင်သေးတယ်။ လူအများအာရုံစိုက်တာ ခံချင်သေးတယ်။ လက်ခုပ်သံတွေ ရချင်တယ်။ ထောက်ခံမှုတွေ ရချင်တယ်။ ချီးမွှမ်း ထောပနာပြုမှုတွေ လိုချင်တယ်။ ဒါဟာ လူတိုင်းဆီမှာ ရှိနေတဲ့ လူ့အာသာချင်ခြင်းတွေဖြစ်ပါတယ်။

ဒီလိုမျိုး ဖြစ်စဉ်တွေကြောင့် လူဟာ လူ့အဖွဲ့အစည်းရဲ့ တုပ်နှောင်ခြင်းကို တနည်းမဟုတ် တနည်းခံနေရတယ်။ အစုအဖွဲ့ရဲ့ပြဌာန်းစီရင်ပုံသွင်းမှုအောက်ကို ရောက်မှန်းမသိ ရောက်နေခဲ့တယ်။ အဲသည့်မှာစပြီး လွတ်လပ်မှု ပျောက်ဆုံးတော့တာပဲ။ ကိုယ့်ရဲ့ အာသာချင်ခြင်း ပြေပျောက်ဖို့အတွက်၊ လူ့အစုအဖွဲ့ရဲ့ တုံ့ပြန်မှုနဲ့ သဘော ထားကို လူဟာ လိုအပ်နေတယ်။ ဒါဟာ မှီခိုနေတာပဲ။ ဒါဟာ အမှီသဟဲပြုနေတာပဲ။ လူတွေရဲ့ လက်ခုပ်သံတွေ ရဖို့အတွက် လူတွေ အသိအမှတ်ပြုခံရအောင် ကြိုးစားအားထုတ်ရင်း၊ လူတွေရဲ့ အပြဌာန်းခံဘဝကို တဖြည်း ဖြည်းနဲ့ ရောက်မှန်းမသိ ရောက်သွားကြတယ်။ လူသိများတယ်၊ ထင်ပေါ်တယ်၊ ကျော်ကြားတယ်ဆိုတာ တကယ်တော့ ကိုယ်ရလိုက်တာ မဟုတ်ပါဘူး။ ကိုယ့်ဘဝကို ပေးလိုက်ရတာ။ ကိုယ့်ရဲ့ တန်ဖိုးတွေကို ပေးလိုက် ရတာ။ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေကို ပေးလိုက်ရတာ။ ကိုယ်က လူတွေရဲ့ အသိအမှတ်ပြုမှု၊ အာရုံစိုက်မှုကို လိုချင်နေတော့ လူတွေရဲ့ အသိအမှတ်အပြုခံရဖို့ တနည်းမဟုတ် တနည်း တမျိုးမဟုတ် တမျိုး ကြိုးစားနေရင်း လူတွေရဲ့ ကျေးကျွန်လိုဖြစ်လာနေတယ်။ လူတွေရဲ့ အာသာချင်ခြင်းအတွက် ဖြေဖျော်ပေးနေတဲ့ အသုံးတော်ခံ လိုဖြစ်လာတယ်။ ဒါကိုလည်း လူဟာ မသိဘူး။ သတိမမူမိဘူး။ အဲသည်လို လုပ်နေရတာကို ပျော်နေတယ်။ ကျေနပ်နေတယ်။ လူတွေ သူ့ကို တမျိုးမဟုတ် တစ်မျိုး ချီးမွှမ်းပြောဆိုတုံ့ပြန်နေမှ နေသာထိုင်သာရှိတယ်။ နေပျော်တယ်။ ကျေနပ်တယ်။ အဲဒါတွေမှ မရရင် နေ့စဉ်ဘဝဟာ တစ်ခုခုလိုနေသလိုပဲ။ ဒီတော့ လူဟာ လူတွေ ရဲ့ အပြဌာန်းခံအောက်မှာ ကိုယ့်ရဲ့ ဘဝကို ပေးလိုက်ကြရတာများတယ်။ အဲသည်မှာစပြီး လွတ်လပ်မှု ပျောက်ဆုံးတော့တာပဲ။

လူတွေရဲ့ အသိအမှတ်ပြုခံရမှုကို လိုချင်နေတာနဲ့ တပြိုင်နက် လူတွေကို မှီခိုလိုက်ရတာပဲ။ လူတွေရဲ့ သဘော ထားတွေကို မှီခိုရတယ်။ လူတွေရဲ့အကြိုက်ကို မှီခိုရတယ်။ လူတွေရဲ့ နှစ်ခြိုက်၊ လိုလားမှုအပေါ်မှာ မှီခိုရတယ်။ လူတွေက ကြိုက်မှ၊ နှစ်သက်မှ၊ ချီးမွှမ်းမှ၊ လူတွေဆီက လက်ခုပ်သံကို ရမှာကိုး။ လူတွေရဲ့ အသိအမှတ်ပြုကို ခံရမှာကိုး။ ဒါမှလည်း ကိုယ့်စိတ်က ကျေနပ်မှာကိုး။ နေသာထိုင်သာ ရှိမှာကိုး။ တကယ်တော့ ထင်ပေါ်ကျော် ကြားမှုဆိုတာဟာ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများကို သူများစီရင်ပြဌာန်းခံရဖို့ ပေးလိုက်ရတာနဲ့ အတူတူပဲ။ တနည်းအားဖြင့် ကိုယ့်ဘဝရဲ့အစိတ်အပိုင်းတွေကို သူများတကာလက်ထဲကို ထည့်ပေးလိုက်ရတာ ပဲ။ သူများတကာရဲ့စိတ်နဲ့ ကိုယ့်ဘဝကို ရှင်သန်အောင် လုပ်လိုက်တာပဲ။ သူများတွေရဲ့စိတ်နေအခြေကို မှီခိုပြီး ရှင်သန်နေရတဲ့ ဘဝကို ရယူလိုက်တာပဲ။ အဲဒီမှာစပြီးတော့ လွတ်လပ်မှုပျောက်ဆုံးသွားတယ်။ အမှီအခိုမကင်းမှု စတင်လာတယ်။

လောကဟာ သူ့သဘောသူဆောင်ပါတယ်။ သူရှိမှ ဘဝဟာ နေပျော်မယ်၊ သူရှိမှ ဘဝဟာ နေသာမယ်ဆိုတာ ကိုယ့်ဘဝဟာ သူ့ကို မှီခိုပြီး ရှင်သန်နေရတာနဲ့အတူတူပဲ။ လူတစ်ယောက်ရဲ့ လက်ထဲကို ထည့်ထားပြီး ရှင်သန် နေရတဲ့ ဘဝလောက် မလွတ်လပ်တာ မရှိပါဘူး။ ဒါပေမယ့် လူတွေဟာ အစွဲတရားနဲ့ ယှဉ်တွဲနေထိုင်မှ နေသာ ထိုင်သာသလို ရှိနေတယ်။ အစွဲတရားကင်းကင်းနဲ့ နေထိုင်ဖို့ သိပ်ခက်တယ်။ ဒီပစ္စည်းကို သုံးလိုက်ရမှ၊ ဒီလူနဲ့ တွေ့လိုက်ရမှ၊ ဒီအသံလေး ကြားလိုက်ရမှ၊ ဒီအစာကို စားလိုက်ရမှ၊ ဒီအဝတ်ကို ဝတ်လိုက်ရမှ၊ ဒီနေရာကို နေလိုက်ရမှ၊ ဒီအလုပ်ကို လုပ်လိုက်ရမှ၊ ဒီနေရာကို သွားလိုက်ရမှ၊ ဒီလိုဟာမျိုး သုံးလိုက်ရမှ…. ဆိုတဲ့စိတ်တွေ ပြည့်နှက်နေတယ်။ ဒီတော့ မဖြစ်မနေလုပ်လိုက်ရမှ နေသာထိုင်သာရှိတယ်၊ ကျေနပ်သွားတယ်ဆိုတာ မှီခိုနေ ခြင်း တစ်မျိုးပဲ။

မှီခိုနေရတဲ့ဘဝလောက် မလွတ်လပ်တာ မရှိဘူး။ “မင်း မရှိလို့ မဖြစ်ဘူး” ဆိုတာတွေဟာ ကောင်းသလိုလိုနဲ့ မကောင်းဘူး။ တွယ်ထားခြင်း၊ ချိတ်ထားခြင်း၊ ကပ်ထားခြင်း၊ ချုပ်ထားခြင်း တစ်မျိုးပဲ။ ဒါပေမယ့် လူဟာ ဒီလို စကားမျိုး ကြားလိုက်ရမှ ပျော်တယ်။ ကျေနပ်တယ်။ ရွှင်ပျတယ်။ ချေးတွင်းထဲက လောက်ဟာ ချေးတွင်းထဲမှာ ပျော်တယ်။ ဒါဟာ မဆန်းပါဘူး။ မထူးဆန်းပါဘူး။ ကိလေသာ၊ တဏှာရဲ့ ထုတ်ကုန်ဖြစ်တဲ့လူဟာ ကိလေသာ၊ တဏှာမှာ ပျော်မွှေ့တာ ထုံးစံပါပဲ။ သဘာဝပါပဲ။
လူဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် အမှီအခိုပြုနေရတယ်။ စားဝတ်နေရေးအတွက် ဝင်ငွေရဖို့ လိုတယ်။ ဒီအတွက် အလုပ်လုပ်ရတယ်။ အလုပ်ကို မှီခိုနေရပြန်တယ်။ မိသားစု၊ အစုအဖွဲ့နဲ့ အတူပေါင်းသင်းနေထိုင်ရတယ်။ တစ်ကိုယ်တည်း တစ်ထီးတည်း သိုးမည်းလုပ်နေလို့ မရဘူး။ ဒါဆိုရင် စိတ်မလုံခြုံဘူး။ ဒီတော့ အစုအဖွဲ့နဲ့ တည့်အောင်ပေါင်း၊ လိုက်လျောညီထွေနေ။ ဒီလိုနဲ့ ဘဝကို စခန်းသွားရတယ်။ မှန်တာပြောရင် ရွာ့ပြင်ထုတ်ခံရ လို့၊ အများမိုးခါးရေသောက်ရင် လိုက်သောက်။ အများမူးရင် ကိုယ်လည်း လိုက်မူး။ အများနဲ့ ကိုယ်ဟာ တူနေမှ။ မတူဘူးဆိုရင် စိတ်မလုံဘူး။ အများရဲ့ ထိုးနှက်ခြင်း၊ ဝေဖန်ခြင်း၊ လျစ်လျူရှုခြင်းကို ခံရတယ်။ ဒါကို လူဟာ မကြိုက်ဘူး။ အချင်းချင်း ကြည်ဖြူနေစေချင်တယ်။ ကိုယ့်ကို လိုလားနေစေချင်တယ်။ ကိုယ့်ကို အသိအမှတ်ပြု နေစေချင်တယ်။ ဒါ့ကြောင့် လူအများသဘောကို မလိုက်ချင်လည်း လိုက်နေရတယ်။ ဒါဟာ ခံစားမှုပိုင်းဆိုင်ရာ အရ၊ စိတ်ပိုင်းဆိုင်ရာအရာ လူအများအပေါ်မှာ မှီခိုနေတာပဲ။ လူ့အသိုင်းအဝိုင်းအပေါ်မှာ မှီခိုနေတာပဲ။ အမှီအခိုဟာ မကင်းလွတ်ဘူး။ ငြိမ်းချမ်းစွာနဲ့ ကင်းလွတ် မနေဘူး။

အမှီအခို ကင်းဖို့ ဆိုတာ လွယ်သလိုလိုနဲ့ ခက်လိုက်တာ။ ငွေကြေးအားဖြင့် အမှီအခိုကင်းဖို့ ခက်တယ်။ စိတ်ပိုင်း ဆိုင်ရာအားဖြင့် အမှီအခိုကင်းဖို့ခက်တယ်။ အလုပ်အကိုင်အားဖြင့် အမှီအခိုကင်းဖို့ ခက်တယ်။ အသိဉာဏ် အား ဖြင့် အမှီအခိုကင်းဖို့ ခက်တယ်။ စားဝတ်နေရေးအရ အမှီအခိုကင်းဖို့ ခက်တယ်။ ကျန်းမာရေးအရ အမှီအခို ကင်းဖို့ခက်တယ်။ လူဟာ တစ်ခုမဟုတ် တစ်ခုကို မှီခိုနေရတယ်။ တစ်ခုမဟုတ် တစ်ခုကို မှီတည်နေမှရတယ်။ တစ်ဖက်မှာလည်း အာဏာလိုချင်တာ၊ ရာထူးလိုချင်တာ၊ လုပ်ပိုင်ခွင့်လိုချင်တာ။ ဒီလိုလိုချင်မှုတွေကြောင့် လူအုပ်စုကြီးတွေကို ဖွဲ့။ အစုအဖွဲ့တွေမှာ ပါဝင်ပြီး အစုအဖွဲ့ရဲ့ အလိုကျ လုပ်ကိုင်ပြုမူပြပြီး၊ ကိုယ်လိုချင်တဲ့ အာသာချင်ခြင်းအတွက် အားထုတ်နေရတာကိုက ဒုက္ခကြီးတစ်ခု။ ဒါပေမယ့်လည်း လူဟာ ဒီလိုလုပ်နေရတာ ကိုပဲ ပျော်နေတယ်။ ကျေနပ်နေတယ်။ ပိုးဖလံမျိုး မီးကို တိုး။ ချေးတွင်းထဲက လောက်၊ ချေးတွင်းမှာပဲ ပျော်။ ခွေးမကြီးက ခွေးသားလေးကို ချစ်ပြီး နောက်ဘဝမှာ ခွေးပဲ ပြန်ဖြစ်ချင်တယ်။ ဒီသဘောတွေနဲ့ပဲ သံသရာဟာ လည်နေတယ်။ လောကဟာလည်း သူ့သဘောသူဆောင်နေတယ်။ ကမ္ဘာကြီးဟာ အာသာချင်ခြင်းတွေရဲ့ မောင်းနှင်ခြင်းကို ခံနေရတယ်။ အလိုရမ္မက်တွေကို လောင်စာလုပ်ပြီး ကမ္ဘာကြီးဟာ လည်နေတယ်။

မင်းသေ့
နံနက် ဝ း ၄၅
၂၈ ၊ ဇွန်၊ ၂၀၂၀။

Previous post ရဟန်း ၊ စာအုပ်ဝေဖန်ခန်း (၁)
Next post ရာဇပုလ္လင် ၊ စက္ကူဘုရင် စခရင် ဘုရင်မ