(ရဟန်း – သံသရာမှ လွတ်မြောက်စေသူ ၊ဒေါက်တာတိုးလှ ၊ ပဉ္စဂံစာအုပ်တိုက်၊ ရန်ကုန်၊ ၂၀၁၉ ၊ နိုဝင်ဘာ၊ ပထမအကြိမ်)

၂၀၁၉ နိုဝင်ဘာလ၊ မြန်မာသမိုင်းပညာရှင် ဒေါက်တာတိုးလှ ရေးတဲ့ “ရဟန်း” ဆိုတဲ့စာအုပ်ကို ထုတ်ဝေပါ တယ်။ ဒေါက်တာတိုးလှဆိုတာ မြန်မာသမိုင်းအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ဒုဥက္ကဌတာဝန်တွေကိုလည်း ယူခဲ့သူဖြစ် ပါတယ်။ သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတော်တော်များများကို ရေးသားခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်မှာ၊ သမိုင်း လေ့လာသူဟာ ဒေါက်တာသန်းထွန်းတို့၊ ဒေါက်တာတိုးလှတို့စာတွေ မဖတ်မဖြစ် ဖတ်ရပါတယ်။ ဒေါက်တာ တိုးလှကတော့၊ ဒေါက်တာသန်းထွန်း နောက်ပိုင်း သမိုင်းဘက်မှာ အတော်အားထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ ဆိုလို့ ရပါမယ်။ မြန်မာသမိုင်းပညာရှင် ဒေါက်တာတိုးလှဟာ အခုအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါတယ်။ ၁၉၆၃ (တော်လှန်ရေးကောင်စီခေတ်ဦး) ကတည်းက သမိုင်းဆိုင်ရာ ဆောင်းပါး၊ စာတမ်းတွေ ရေးသားပြုစုခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ နိုဝင်ဘာမှာ ဒေါက်တာတိုးလှက အသက် (၈၀) ပြည့်ပါတယ်။

အသက် (၈၀) အရွယ်ဟာ ကလောင်သရမ်းတဲ့အရွယ်လည်း မဟုတ်တော့ပါဘူး။ ပြီးတော့ ဒေါက်တာတိုးလှဟာ ပညာရှင်တစ်ယောက်ဖြစ်လို့၊ ထင်မြင်ချက် (opinion) ဆိုတာထက် တွေ့ရှိချက် (finding) ကို အလေးထားပြီး ရေးတယ်လို့ ယုံကြည်ပါတယ်။ ပညာရှင်တစ်ယောက်၊ သုတေသနလေ့လာချက်နဲ့ အကယ်ဒမစ်အရေးအသား မျိုး ရှိထားပြီးသူဖြစ်လို့၊ ဒေါက်တာတိုးလှရဲ့ “ရဟန်း” ဆိုတဲ့ စာအုပ်ဟာ ထင်ရာမြင်ရာ လိုသလိုစွဲ ရေးသားတာ မျိုး မတွေ့ရပါဘူး။ ကျမ်းစာပိဋကတ်ကို မွှေနှောက်ပြီးတော့၊ အထောက်အထားအကိုးအကားနဲ့ ချင့်ချင့်ချိန်ချိန် နာလွယ်အောင်ရေးသားထားတာတွေ့ရပါတယ်။

ဒေါက်တာတိုးလှဟာ “ရဟန်း” ဆိုတဲ့စာအုပ်မှာ၊ အခန်း ၉ ခန်းခွဲပြီး ရေးပါတယ်။ စာအုပ်ထဲမှာ သံဃာနဲ့ မင်းစိုးရာဇာ အကြား ဆက်ဆံရေးအခြေအနေကို ရေးသားတင်ပြပါတယ်။ ထိုနည်းလည်းကောင်း၊ ရဟန်းသံဃာ ရဲ့ အကျင့်အကြံနဲ့ပတ်သက်ပြီးတော့ ရေးသားတင်ပြတယ်။ ရဟန်းနဲ့ ပရဟိတလုပ်ငန်းအကြောင်း ရေးသား တင်ပြထားပြီး ရဟန်းသံဃာနဲ့ ပညာရေး အကြောင်းကို အခန်း (၄) ခန်းခွဲပြီး ရေးသားထားတာတွေ့ရပါတယ်။

အချီး

ဘုရားရှင်ဟာ ဓမ္မစက်ကို လည်အောင်လှည့်ဖို့၊ သံဃာ့အဖွဲ့အစည်းကို ပဉ္စဝဂ္ဂီငါးပါးအစုနဲ့ စခဲ့တယ်။ ဓမ္မရဲ့ ကျေးဇူးကို သုံးဆောင်ခံစားနိုင်ခြင်းဟာ သံဃာရဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာ၊ ရဟန်းဆိုတဲ့ အသုံး အနှုန်းနဲ့ သံဃာရဲ့ အသုံးအနှုန်းကို ခွဲခြားနားလည်ဖို့ လိုပါတယ်။ ရဟန်းဆိုတာဟာ တစ်ဦးချင်း၊ တစ်ပါးချင်းကို ညွှန်းဆိုတာဖြစ်ပြီး၊ သံဃာဆိုတာကတော့ ရဟန်းအစုအပေါင်း (ရဟန်းအစု) ကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ တစ်ဦးချင်းသဘောနဲ့ အများ (စုပေါင်ခြင်းသဘော) ကွာခြားချက်ကို နားလည်ဖို့ လိုပါတယ်။ ဒီနေရာမှာ၊ ဒေါက်တာတိုးလှဟာ ရဟန်းဆိုတာကို နာမည်တပ်ရေးပေမယ့်၊ တစ်ဖက်မှာလည်း သံဃာကို ညွှန်းတယ်လို့ နားလည်ရပါတယ်။ တစ်ဦးချင်း အကျင့်အကြံနဲ့ ကျေးဇူးပြုမှုအပါအဝင် စုပေါင်းအကျင့်အကြံနဲ့ ကျေးဇူးပြုမှုဆို တာကို ရံဖန်ရံခါ ပူးတွဲပြီး ယူရမယ်၊ ရံဖန်ရံခါ တစ်ပေါင်းတည်း ပေါင်းပြီး ယူရမယ်လို့ ယူဆပါတယ်။

ဒေါက်တာ တိုးလှဟာ မြန်မာပြည်ရဲ့ သာသနာတော်ကို သမိုင်းကြောင်းအရ ကောက်ချပြုထားပါတယ်။ မြန်မာ ပြည်ကို သာသနာတော်ဟာ ပျူတွေ နေထိုင်တဲ့ မြို့တော် သရေခေတ္တရာမှာ မျိုးစေ့ကျလာပြီး၊ ပုဂံခေတ်မှာ ဖွံ့ဖြိုးကြီး ထွားလာတယ်လို့ ဆိုပါတယ်။ ပုဂံခေတ်မှာ၊ သာသနိက အဆောက်အအုံနဲ့၊ ပိဋပတ်စာပေတွေ အပြင် ရဟန်း သံဃာတော်တွေ၊ ဥပသကာတွေ၊ စာသင်သားတွေနဲ့ ဖွံ့ဖြိုးစည်ပင်လာတယ်လို့ ဆိုပါတယ်။ ပျူခေတ် မှာ၊ သာသနာတော်ဟာ ခက်မ အင်္ဂါ မစုံလင်သေးဘဲနဲ့ အမြုတေ အနေနဲ့၊ မျိုးစေ့အနေနဲ့ ရှိနေပြီး ပုဂံခေတ် ရောက်မှ လူလားမြောက်လာတယ်လို့ ယူဆလို့ ရပါတယ်။

ပုဂံခေတ်က အစပြုခဲ့တဲ့ သာသနာတော်ဟာ ခေတ်အဆက်ဆက် အပြတ်အလပ်မရှိ စဉ်ဆက်မပြတ် ဖြစ်ထွန်းခဲ့ တယ်။ ရဟန်းဆိုတာ ဘုရားရှင်ရဲ့ တပည့်သားရဟန်းဖြစ်ပါတယ်။ မြတ်သောအကျင့်ကို ကျင့်သည်လို့ အဓိပ္ပာယ်ဆောင်တယ်။ ရဟန်းဆိုတာ လူလိုနေ့စဉ် အမှုကိစ္စများသော အကြောင်း မရှိ။ အမှုကိစ္စနည်းနည်းနဲ့ တရားအလုပ်ကို ဆောင်သောသူလို့ အဓိပ္ပာယ်ရတယ်။ ရဟန်းသံဃာအစုအဖွဲ့ကို ထိန်းတဲ့ဥပဒေရှိပါတယ်။ ဝိနည်းဖြစ်ပါတယ်။ ဒေါက်တာတိုးလှက အခုလို ရေးပါတယ်။

“ရဟန်းသည် မြတ်သောအကျင့်ကို ကျင့်၏။ ဆွမ်းခံဝတ်ဖြင့် အမှုကိစ္စနည်းပါးစေခဲ့၏။ ဝိနည်းဖြင့် မွှေ့လျော်နေ ၏။” ဒီအရေးအသားမှာ၊ မြတ်သောအကျင့်ဆိုတဲ့ စကားလုံးပါတယ်။ အမှုကိစ္စနည်းခြင်းဆိုတဲ့ စကားလုံးပါ တယ်။ ဝိနည်ဖြင့် မွှေ့လျော်တယ်ဆိုတဲ့ စကားလုံးပါတယ်။ ဒီစကားလုံးသုံးလုံးဟာ ရဟန်းသံဃာအတွက် အခြေခံကျတဲ့ စကားလုံးဖြစ်တယ်လို့ ယူဆပါတယ်။ မြတ်သောအကျင့်ဆိုတာ ဘာလဲ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံနားလည်ချက်အရ၊ မဂ္ဂင် (၈) ပါးဟာ အကျင့်အကြံအားလုံးရဲ့ အချုပ်ဖြစ်တယ်လို့ ယူဆပါတယ်။ လောကီအရ၊ လောကုတ္တရာအရ မြတ်သောအကျင့်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ ဖြစ်ပါတယ်။ ရဟန်းအကျင့်နဲ့ လူအကျင့်ဟာ တူဖွယ်ရာ မရှိပါ။ လူကျင့်သော လိင်မှုကိစ္စ၊ သံဝါသပြုမှုဟာ ရဟန်းသံဃာကျင့်တဲ့အကျင့် မဖြစ်နိုင်ပါ။ လူ၊ ရဟန်းလို ကျင့်ရင် မြတ်တယ်။ ရဟန်း၊ လူလိုကျင့်ရင် ပျက်ပါတယ်။ အခြေခံသီလပျက်သုဉ်း ခြင်းဆိုတာဟာ ပျက်စီးခြင်းရဲ့ အဦးအစဖြစ်ပါတယ်။ အခြေခံသီလပျက်သုဉ်းခြင်းဆိုတာ သာသနာတော်ပျက်စီး ခြင်းရဲ့ မျိုးစေ့ဖြစ်ပါတယ်။ ရဟန်းသံဃာကို ပစ္စည်းလေးပါးထက် ပိုပြီး ခွင့်ပြုမထားပါ။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး…. ဟာ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ အိမ်နဲ့ ကျောင်းနဲ့ တူလာတယ်၊ ဘုန်းကြီးနဲ့ လူ တူလာတယ်။ ရဟန်းသံဃာမှာ ပစ္စည်းလေးပါးမက လိုအပ်လာပါတယ်။ ဝိနည်းတို့ မခိုင်မြဲတော့ခြင်း စပြီးဖြစ်လာပါတော့ တယ်။ ဝိနည်းဟာ သာသနာတော်ရဲ့အသက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း “ဝိနယော သာသန အာယု” လို့ ဆို လိုတာဖြစ်ပါတယ်။ ရဟန်းလိုအပ်ဟာ လူ့လိုအင်ထက် များလာတယ်။ ဒါ့ကြောင့် လူလိုပဲ အမှုကိစ္စများလာ တယ်။ အမှုကိစ္စများလာမှတော့၊ ဓမ္မအတွက် အချိန်နည်းသွားတယ်။ ဓမ္မအလုပ်ကို ကျင့်ကြံဖို့၊ ဖြန့်ချိဖို့၊ သင်ကြား၊ သင်ယူဖို့ အချိန်မရှိတော့ဘူး။ ရဟန်းသံဃာအရည်အသွေး ကျဆင်းခြင်းဟာ အမှုကိစ္စများမြောင်ခြင်း ဒုက္ခထဲ ရောက်သွားတာလည်း ပါလိမ့်မယ်လို့ ယူဆပါတယ်။ ဝိနည်းကို မလုံခြုံမှတော့၊ မြတ်သောအကျင့်ကို ကျင့်ကြံစောင့်ထိန်းဖို့၊ အခွင့်မရတော့ပါ။ ဝိနည်းမလုံမှတော့၊ သာသနာ့အသက်လည်း အဓွန့်မရှည်တော့ပါ။ သဘောတရားဟာ ဒီလိုဆက်စပ်ပြီးတော့ဖြစ်တည်တယ်လို့ မြင်ပါတယ်။

ဒေါက်တာတိုးလှဟာ သမိုင်းမှာ “ဝိနည်း မလိမ္မာသော အလဇ္ဇီရဟန်းတွေ တွေ့ခဲ့ရတယ်” လို့ တင်ပြပါတယ်။ တစ်ဖက်မှာလည်း မင်းနဲ့ ရဟန်းသံဃာအကြားက ဆက်ဆံရေးကို တင်ပြပါတယ်။ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းတည်ဆောက်ရာမှာ၊ မင်းနဲ့ ရဟန်းဟာ ဘယ်လောက်အရေးကြီးကြောင်း တင်ပြပါတယ်။ အာဏာ စက်နဲ့ ဓမ္မစက်ပေါင်းပြီး လူ့အဖွဲ့အစည်းကို ကောင်းမွန်အောင် တည်ဆောက်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါ တယ်။ ရဟန်းသံဃာ ဆရာတော်ကြီးတွေဟာ အနာဂတ်သာသနာအတွက် စာပေကျမ်းဂန်တွေကို ပို့ချတယ်၊ ပြုစုရေးသားတယ်။ တစ်ဖက်မှာလည်း ကိုယ်ကျင့်ကောင်းမွန်အောင် မင်းနဲ့ ပြည်သူကို ဆုံးမတတ်တယ်လို့ ဆိုပါ တယ်။ ရဟန်းသံဃာကို မြန်မာပြည်မှာ ခေတ်တိုင်းခေတ်တိုင်း အလေးအပြုပြု အားကိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာတိုးလှတင်ပြတဲ့ အချက်တွေကို မငြင်းပါဘူး။ ထောက်ခံပါတယ်။ သို့ပေမယ့် သမိုင်းမှာ၊ ရဟန်းသံဃာ တွေရဲ့ ဩဇာဟာ လူ့အဖွဲ့အစည်းမှာ ကျဆင်းလာတာကို တွေ့ရပါတယ်။ ဘယ်လိုအကြောင်းအချက်တွေက သံဃာ့အစုအဖွဲ့ကို ပုံပျက်စေသလဲ၊ ပြုပြင်စီရင်ခဲ့သလဲဆိုတာကို ဒီစာအုပ်မှာ လေ့လာချင်ပါတယ်။ တိုင်းပြည် ထူထောင်ရေးမှာဖြစ်ဖြစ်၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာဖြစ်ဖြစ် ရဟန်းသံဃာဟာ မင်းနဲ့ ပြည်သူကို အလင်း လမ်းပြတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူခဲ့ပါတယ်။ မြန်မာပြည်ကို ကြည့်ရင်၊ ရဟန်းသံဃာကြောင့် မြန်မာ့လူ့အဖွဲ့ အစည်းဟာ ကျေးဇူးများခဲ့ပါတယ်။ ဆက်လက်ပြီး ကျေးဇူးများစေလိုပါသေးတယ်။ သို့ပေမယ့် သံဃာ့အဖွဲ့ အစည်းရဲ့ ပြောင်းလဲလာတဲ့ ပုံစံနဲ့ အကျင့်အကြံတွေကြောင့် လူ့အဖွဲ့အစည်းကို ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ ချင့်တွက်နိုင်ဖို့၊ ဒီစာအုပ်ဝေဖန်ခန်းကို ရေးသားပါတယ်။

မင်းသေ့
နံနက် ဝ း ၃၁
၂၉ ၊ ဇွန် ၊ ၂၀၂၀။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ◾ ကလောင်၏ ဩဇာ
Next post မလွတ်လပ်မှု သံသရာ