PDF Free Download Link : http://www.mediafire.com/file/jotpfbshjhj8aiq/Buddhist_Monks_by_Min_Thayt.pdf/file?fbclid=IwAR33dTAUXpvAQVgdw36EKPOSbQlgon1UGxIt6KtK7EDt2PdpOyR1ABgagBQ

ဘုန်းကြီး၊ ရဟန်းသံဃာတွေကို သာသနာ့ဝန်ဆောင်လို့ သုံးနှုန်းကြတာရှိတယ်။ ကျနော့်အနေနဲ့ကတော့၊ သာသနာ့ဝန်ဆောင်ဆိုတဲ့စကားရပ်အပြင်၊ တိုင်းပြည်ဝန်ဆောင်လို့တောင် ထပ်ပြီး သုံးနှုန်းချင်ပါတယ်။ အကြောင်းကတော့၊ တိုင်းပြည်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ် ကောင်းမွန်ခိုင်မာဖို့ ဆိုရင် ဆိုင်ရာဆိုင်ရာ အသိုက်အဝန်းတွေ အားကောင်းဖို့ လိုတယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာ၊ အစိုးရ လုပ်သူဟာ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ပေးတယ်။ စစ်တပ်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး လိုအပ် ချက်ကို ဖြည့်ပေးတယ်။ ကျောင်းဆရာနဲ့ စာရေးဆရာ ပညာတတ်တွေဟာ ပြည်သူတွေရဲ့ ပညာလိုအပ်ချက်ကို ဖြည့်ပေးတယ်။ အနုပညာသမားတွေဟာ ပြည်သူလူထုရဲ့နှလုံးသားလိုအပ်ချက်ကို ဖြည့်ပေးတယ်။ ဘုန်းကြီး၊ ရဟန်းသံဃာတွေကတော့ ပြည်သူတွေရဲ့စိတ်လိုအပ်ချက်ကို ဖြည့်ပေးတယ်။

◾ထပ်ကောက်ရရင်….

အစိုးရဟာ ပြည်သူတွေရဲ့ physical need ကို ဖြည့်ပေးတယ်။ ရဟန်းသံဃာတွေဟာ ပြည်သူတွေရဲ့ spiritual need ကို ဖြည့်ပေးတယ်။ အနုပညာသမားတွေဟာ ပြည်သူရဲ့ emotional need ကို ဖြည့်ပေးတယ်။ ကျောင်းဆရာ၊ ပညာတတ် စာရေးဆရာတွေဟာ ပြည်သူရဲ့ intellectual need ကို ဖြည့်ပေးတယ်။ စစ်တပ်ဟာ ပြည်သူရဲ့ security need ကို ဖြည့်ပေးတယ်။

ဒီတော့ တစ်ခုချင်းစီမှာ၊ တာဝန်အသီးသီးရှိတယ်ဆိုတာ ပေါ်လာပြီ။ တာဝန်အသီးသီးကလည်း ပုံစံတွေတော့ မတူဘူး။ တစ်ခုနဲ့ တစ်ခုဟာ သဘာဝချင်းလည်း မတူဘူး။ မတူတဲ့သဘာဝတွေနဲ့၊ မတူတဲ့ ကြိုးပမ်းဝန်ဆောင်မှု တွေနဲ့ တိုင်းပြည်ကို အသီးသီး ကျေးဇူးပြုကြရတာပါပဲ။ ဒီနေရာမှာ၊ ကိုယ့်တာဝန်ကို ကိုယ်ကျေဖို့အတွက် ကိုယ့် အလုပ်ကို ကိုယ် ပီပီပြင်ပြင် လုပ်ကြရမယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေဖို့အတွက် လိုအပ်တဲ့ တတ်သိကျွမ်းကျင် မှုလည်း ရှိဖို့ လိုတယ်။ တခြားကိစ္စတွေမှာ ယောင်မနေဘဲနဲ့ ကိုယ့်အလုပ်ကို ကိုယ် ပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်း အာရုံစိုက်ထားဖို့လည်းလိုတယ်။

ကိုလိုနီလက်အောက်ရောက်စဉ်တုန်းက၊ တိုင်းပြည်တစ်ခုလုံးမှာ လွတ်လပ်ရေးသာ အခရာ။ သူ့ကျွန်လက် အောက်က လွတ်မြောက်ရေးသာ ပဓာန။ ကိုယ့်မင်းကိုယ်ချင်းနဲ့ ကိုယ့်ကြမ္မာကို ကိုယ်ပြဌာန်းနိုင်ရေးသာ အဓိက ဖြစ်လေတော့၊ အသီးသီးသော အလွှာ၊ လူတန်းစားတွေက လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ ကိုလိုနီစနစ်တော်လှန်ရေး မှာပဲ အားလုံး စုဆုံ ဝိုင်းဝန်းကျေးဇူးပြုကြတာကို လက်ခံပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပေါ် အခြေအနေလည်းဖြစ်ခဲ့တာကြောင့် သဘာဝတွေ မတူပေမယ့်၊ စုဆုံရာတွေ တူခဲ့တယ်။ ဗဟိုပြုချက် တွေ တူခဲ့တယ်။ ဘုံရည်မှန်းချက်တွေ တူညီခဲ့တယ်။ ခံစားကြရတဲ့ ပြဿနာတွေလည်း တူသလို၊ ဖြစ်နေတဲ့ ဒုက္ခတွေကလည်း အားလုံးအတူတူဆိုတော့၊ လွတ်လပ်ရေးသည်သာ ပြည်သူအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ခဲ့ တယ်။ ဒီလိုကြောင့်လည်း လွတ်လပ်ရေးကြိုးပမ်းချက်ဟာ လက်တွေ့အရ အောင်မြင်ခဲ့တယ်။ ဒီလိုကြိုးပမ်းမှုမှာ အချိန်ကိုက်လှုပ်ရှားနိုင်မှု၊ အချိန်ကိုက် စုဖွဲ့နိုင်မှု၊ အချိန်ကိုက် ခေါင်းဆောင်မှုပေးနိုင်မှုတွေလည်း ပါဝင်ခဲ့တယ်။
အတိတ်ကကိစ္စကို ဒီလောက်နဲ့တင် ခဏ အသာထားလိုက်ကြအုံးစို့။ ဒီနေရာမှာ၊ ဒီနေ့ခေတ် ကြုံနေတဲ့ ပြဿနာတွေကို ချင့်တွက်ကြရအောင်။ လက်တွေ့မှာ မြန်မာပြည် ကြုံနေတဲ့ ပြဿနာဟာ ဘာတွေလဲ။ ရုပ်ပိုင်း ဆိုင်ရာ ပြဿနာအများအပြား ရှိနေသလို၊ နာမ်ပိုင်းဆိုင်ရာ ပြဿနာအများအပြားလည်း ရှိနေဆဲဖြစ်တယ်။ နိုင်ငံရေးပြဿနာတို့၊ အခြေခံစားဝတ်နေရေးပြဿနာတို့၊ တရားဥပဒေစိုးမိုးမှု မရှိတာ၊ ရာဇဝတ်မှုထူပြောတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ ပြည်တွင်းစစ်ဖြစ်တာတွေကို လောလောဆယ် အသာထားလိုက်ပါမယ်။ နာမ်ပိုင်းဆိုင် ရာ ပြဿနာဖြစ်တဲ့ ကိုယ်ကျင့်ပြဿနာတွေကို သာသနာ့ဝန်ဆောင် ဘုန်းကြီး၊ သံဃာတွေနဲ့ ဆက်စပ်ပြီး ပြော ချင်ပါတယ်။

◾မြန်မာ့ပြဿနာ

တိုင်းပြည်မှာ၊ သက်ပြင်းချစရာတွေ အများကြီး ရှိနေပါတယ်။ အတွင်းလှိုက်လို့ သိပြီး နားလည်လေလေ၊ မြန်မာ ပြည်အနာဂတ်ဟာ ဒီလိုနဲ့ မိုးကြီးချုပ်တော့မယ်ဆိုတာကို မြင်နေရတယ်။ မြန်မာပြည်အတွင်းမှာ၊ အစဆွဲထုတ် လို့ မလွယ်လောက်အောင် ဖြေရှင်းက ကျပ်တည်းတဲ့ကိစ္စရပ်တွေ ရှိနေတယ်။ ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ကိစ္စ တွေကလည်း တစ်ပုံကြီး။ အဆင်ပြေနေသလိုလိုနဲ့ အတွင်းကြိတ်ပြီးလောင်နေတဲ့မီးတွေကလည်း အများကြီး။ ဖွဲမီးလို ပြဿနာတွေကလည်း အပုံအပင်။ ဒီလိုပြဿနာတွေဟာ အကင်းပြတ်အောင်ဖြတ်ဖို့ ခက်သလို၊ တစ်စချင်းစီ တိုင်တိုင်ပင်ပင် ရှင်းထုတ်လို့လည်း မပြေလည်နိုင်တဲ့ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ကိုယ်ပြုသောကံ၊ ကိုယ်အားထုတ်ခဲ့သော အလုပ်သည်ပင် လက်ရှိ ကျနော်တို့ တိုင်းပြည်ကို ပြန်ပြီး ကျေးဇူးပြု နေပါတယ်။ ကောင်းသော ကျေးဇူးပြုခြင်းတော့ မဟုတ်ဘူး။ ဖြစ်လာတဲ့အကြောင်းရပ်တွေမှာ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးဟာ အသွင်အပြင် သားနားနေတယ်လို့ ထင်နေသလောက်၊ ယိုယွင်းပျက်စီးနေတဲ့ လူ့အဆောက် အအုံကြီးတစ်ခုလုံးကို တကယ်မြင်အောင်ကြည့်တဲ့သူသာ မြင်နေရပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဆိုးဆိုးရွားရွားတွေ ဖြစ်လာမယ်နဲ့တူတယ်။

◾ကိုယ်ကျင့်တရားကိစ္စ

တစ်ဦးချင်းမှာ အခြေခံကိုယ်ကျင့်တွေ ပျက်စီးနေတယ်။ အကျင့်ပျက်ခြင်းဆိုတာ ခိုးတာ၊ ဝှက်တာကိုချည်း ပြော တယ်လို့ မထင်စေချင်ဘူး။ ကောင်းသော အကျင့်တွေ ပျက်နေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အထွေထွေ ကိုယ်ကျင့်တရားပျက်သုဉ်းခြင်းလို့ ပြောလို့ ရတယ်။ ကိုယ်ကျင့်တရားဟာ အခြေခံတန်ဖိုးတွေနဲ့ ဆိုင်ပါတယ်။ အခြေခံတန်ဖိုးတွေ ယိုယွင်းလာခြင်းကနေ တန်းဖိုးတွေဟာ နေရာရွေ့လာတယ်။ တန်ဖိုးတွေကို ပြောင်းလဲ သတ်မှတ်ကုန်ကြတယ်။ ကိုယ်ကျင့်တန်ဖိုးဟာ ရုပ်ပိုင်းတန်ဖိုးကို မယှဉ်နိုင်တော့ဘူး။ ရုပ်ပိုင်းဆိုင်ရာတန်ဖိုးတွေ ဟာ လူ့အဖွဲ့အစည်းမှာ ပိုနေရာရလာတယ်။ လူ့အဖွဲ့အစည်းကလည်း ရုပ်ပိုင်းတန်ဖိုးကိုပဲ ဦးစားပေး အလေး ထားလာတယ်။ လူတွေဟာ ခေတ်က တိုးတက်လာလို့၊ ကုန်သွယ်ကူးလူးမှုတွေ တွင်ကျယ်လွယ်ကူလာလို့ ဝတ် ကောင်းစားလှတွေ ပိုဝတ်နိုင်လာကြတယ်၊ ခမ်းခမ်းနားနား အိမ်ကြီးကနားကြီးနဲ့ နေနိုင်ကြတယ်။ နောက်ဆုံး ပေါ် မော်တော်ကားတွေ စီးနိုင်ကြတယ်။ ဘဝနေထိုင်မှုဟာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် သားသား နားနားဖြစ်လာပေ မယ့် ကိုယ့်ကျင့်အရ ခေါင်းပါးလာတာကို နေရာတော်တော်များများမှာ တွေ့နေရတယ်။ ကြုံနေရတယ်။ မြင်နေ ရတယ်။

တိုင်းပြည်ရဲ့ ကိုယ်ကျင့်ကို ထိန်းသိမ်းတည့်မတ်ဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်မကျေတာလဲ။ ပြည်သူတွေရဲ့ ကိုယ်ကျင့် ထိန်းသိမ်းတည့်မတ်ဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဘယ်သူတွေ တာဝန်လစ်ဟင်းနေတာလဲ။ ဘယ်သူတွေ တာဝန် မကျေတာလဲ။ ခေါင်က စပြီး မလုံမှတော့ အားလုံး ယိုယွင်းပျက်စီးကုန်ကြတော့တာပါပဲ။ မြန်မာပြည်ရဲ့ဖြစ်စဉ်ဟာ ရှင်းရှင်းလေးပါ။ ရိုးရိုးလေး ပါ။

မြန်မာပြည်ရဲ့ ပညာရေးဟာ လူထုရဲ့ ကိုယ်ကျင့်ကို တည့်မတ်နိုင်လောက်အောင် လေ့ကျင့်သင်ကြား မပေးနိုင် တော့ဘူး။ မြန်မာပြည်ရဲ့ သာသနာဟာ လူထုရဲ့ ကိုယ်ကျင့်ကို တည့်မတ်နိုင်လောက်အောင် ဟောပြောဆုံးမ မပေးနိုင်တော့ဘူး။ မြန်မာပြည်ရဲ့ စာပေ၊ အနုပညာဟာ လူထုရဲ့ ကိုယ်ကျင့်ကို တည့်မတ်နိုင်လောက်အောင် လမ်းပြရှေ့ဆောင် မလုပ်နိုင်တော့ဘူး။ အခု ကျနော် ပြောတဲ့ အချက်ကို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါ တယ်။ မြန်မာပြည်ဟာ သန့်ရှင်းသလိုလို၊ သန့်စင်သလိုလိုနဲ့ ဖျာအောက်မှာ ထိုးထည့်ထားတဲ့ အမှိုက်တွေဟာ တစ်ပုံကြီးပါ။ ဒါကို မြင်အောင်ကြည့်ရင် သိပါတယ်။ ဖျာအောက်ထိုးထည့်ထားတဲ့ အမှိုက်တွေဟာ အစတစ်စ ဆွဲထုတ်မိတာနဲ့ အုံလိုက်ကျင်းလိုက်ပါလာပါတယ်။

◾ ဆရာ – ဒကာ

ကိုယ်ကျင့်ပြဿနာမှာ၊ ဆရာရော ဒကာရော အားနည်းချက်တွေ ရှိနေတာတွေ့ရပါတယ်။ ကိုးကွယ်သူ ဒကာ တွေဘက်မှာလည်း ကိုယ်ကျင့်တရားပျက်ယွင်းမှုတွေ များစွာ ရှိနေတယ်။ အကိုးကွယ်ခံ ဆရာတွေဘက်မှာ လည်း ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့ အကျင့်အကြံတွေ၊ အနေအထိုင်တွေ၊ အပြုအမူလုပ်ရပ်တွေ ရှိနေတာကို တွေ့နေရပါတယ်။ ဆရာ – ဒကာပျက်တဲ့ကိစ္စကတော့ သူ့အပြစ် ကိုယ့်အပြစ်ရယ်လို့ လက်ညှိုးထိုး အပြစ်ဖို့နေ ရမယ့်ကိစ္စ မဟုတ်ပါ။ ကိုယ်စီကိုယ်စီ ထိန်းကြတည့်ကြရမယ့်ကိစ္စဖြစ်ပါတယ်။ တစ်ဖက်က ဒကာတွေဟာ တစ်စတစ်စနဲ့ ပျက်လာတာဟာ ကြာခဲ့ပါပြီ။ နိုင်ငံရေးပျက်စီးခြင်းနဲ့အတူ၊ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ပျက်စီးလာ တယ်။ အုပ်ချုပ်ရေးနဲ့အတူ တရားရေးမဏ္ဍိုင်လည်း ပျက်စီးခဲ့ပြီးပြီ။ လက်နက်ကိုင်အုပ်စုဟာ နိုင်ငံရေးအလုပ်ကို လုပ်ခဲ့ပြီး၊ အုပ်ချုပ်ရေးအလုပ်ကိုပါ ဦးဆောင်ခဲ့တယ်။ တာဝန်ယူမှုပျက်တဲ့အခါမှာ၊ တာဝန်ကျေမှုပါ ပျက်လာ တယ်။ တာဝန်ဟာ အခွင့်ထူးခံလိုဖြစ်လာပြီး၊ ခိုးတာ၊ ဝှက်တာ၊ ဂွင်ဖန်တာ၊ ဖြောင်တာ၊ ခြစားတာ၊ အဂတိလိုက် တာ၊ အကျင့်ပျက်တာ၊ လိင်မှုဖောက်ပြားတာ….. စတဲ့ကိစ္စတွေဟာ တစ်သီးတစ်တန်းကြီး ပေါ်လာတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအာဏာနဲ့ ရာဇပုလ္လင်မြဲမြံရေးအတွက် စနစ်တကျ ဖျက်ဆီးတာ၊ စနစ်တကျ ပုံဖျက် တာတွေ ရှိခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ၊ နိုင်ငံရေးအာဏာတည်မြဲဖို့အတွက်၊ စစ်ခေါင်းဆောင်တွေဟာ ဘုန်းကြီးနဲ့ သံဃာတွေကို သတိထားခဲ့ရတယ်။ တော်လှန်သော ရဟန်း၊ တော်လှန်သော ဘုန်းကြီးကို ဖိနှိပ်ခဲ့ပြီး ဩဇာကြီးတဲ့ ဘုန်းကြီးတွေကို ဘွဲ့တံဆိပ်တွေ ဆက်ကပ်၊ အထူးအခွင့်အရေးတွေ ပေး၊ အဆောင်အယောင် တွေနဲ့ ချီးမြှောက်လှူဒါန်း၊ ကျောင်းကြီးကျောင်းကန်တွေ ပြောင်ပြောင်ယောင်ယောင်ဖြစ်စေဖို့ အကြောင်း ပြချက်နဲ့ သစ်ထုတ်လုပ်ရေးပါမစ်တွေတောင် ပေးခဲ့ကြတယ်။ ဒီလိုအထူးအခွင့်အရေးတွေအတွက် ဆရာကို မှီးပြီး ဆရာကိုယ်စား လုပ်ပေးတဲ့ ဒကာတွေလည်း ပေါ်လာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဆရာ – ဒကာ ပေါင်းပျက်လာတာတွေလည်း ရှိတယ်။

• လူ ၊ ရဟန်းလို ကျင့်တော့ မြတ်တယ်။
• ရဟန်း ၊ လူလို ကျင့်တော့ ပျက်တယ်။

အုပ်ချုပ်မင်းလုပ်သူဟာလည်း ကိုယ်ကျိုးစီးပွားချဲ့ထွင်ရင်း ပျက်စီးလာလို၊ အကျင့်ပျက် ဒကာက ကိုးကွယ်တဲ့ ဆရာလည်း ပျက်လာတော့တယ်။ လက်ရှိ မြန်မာပြည်မှာ ဘုန်းကြီးသံဃာအရေအတွက်ဟာ သုံးသိန်းကျော်၊ လေးသိန်းနီးပါးလောက်ရှိတယ်လို့ ခန့်မှန်းရတယ်။ လက်ရှိ မြန်မာပြည်ရဲ့ သာသနာကို ထမ်းနေတာက၊ သံဃာ အုပ်စုကြီး မဟုတ်ပါဘူး။ သံဃာ့အဖွဲ့အစည်းကြီး မဟုတ်ပါဘူး။ တစ်ဦးကောင်း တစ်ပါးကောင်း သံဃာတွေက ထိန်းနေခြင်းဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။ အုပ်စုရဲ့ စွမ်းအားထက်၊ တစ်ဦးချင်းရဲ့ စွမ်းအားက ပိုကြောင်း ကို ပြောချင်တာဖြစ်ပါတယ်။ အကြောင်းကတော့၊ သံဃာ့အဖွဲ့အစည်းတစ်ခုလုံးကို ခြုံကြည့်ရင် ရွှေကျောင်း ပြောင်ပြောင်၊ ပုထိုးရွှေရောင်တွေ မြင်နေရပေမယ့် ဘုန်းကြီး သံဃာတစ်ပါးချင်းစီရဲ့ ကိုယ်ကျင့် နဲ့ သိက္ခာ၊ အကျင့်တရားကို ဆန်းစစ်ကြည့်လိုက်ရင် ရာခိုင်နှုန်းတော်တော်များများဟာ ပျက်စီးယိုယွင်းနေတာ တွေ့ရပါ လိမ့်မယ်။ ဘုန်းကြီး၊ သံဃာတစ်ပါးဟာ ပရိယတ္တိကို လေ့လာသင်ကြားနေသလား၊ ပဋိပတ္တိကို ကျင့်ကြံ အားထုတ်နေသလား၊ လူမှုရေးပရဟိတ (ministry) လုပ်ငန်းတွေကို လုပ်နေသလား၊ တရားဓမ္မတွေကို ဟော ပြောပို့ချ၊ ရေးသားဖြန့်ချိနေသလား…. စတဲ့ အလုပ်တွေထဲက တစ်ခု မဟုတ် တစ်ခုကို လုပ်နေသလားဆိုတာ ကြည့်ရပါမယ်။ ကြည့်ဖို့ လိုပါတယ်။ စားပြီးအိပ်နေ ဘိက္ခဝေတွေ များတဲ့ သာသနာဟာ မကြီးပွားပါ။ မစည်ပင်ပါ။ သာသနာလည်း မထွန်းကားပါ။ သာသနာလည်း မသန့်စင်ပါ။ မသန့်ရှင်းပါ။ သာသနာဟာလည်း ကြည်ညိုဖွယ် မဖြစ်ပါ။

ဘုန်းကြီးဟာ လူလိုကြီးပွားချင်တယ်။ လူလို ပြောင်ယောင်ချင်တယ်။ လူလို ထင်ပေါ်ချင်တယ်။ လူလို သုံးဆောင်ချင်တယ်။ လူလို သွားလာချင်တယ်။ လူလိုနေထိုင်ချင်တယ်။ လူလို ပြုမူချင်တယ်။ လူလို အဆောင်အယောင်မျိုး ရှိချင်တယ်။ ဘုန်ကြီးနဲ့ လူဟာ တူလာပြီ။ အိမ်နဲ့ ကျောင်းဟာ တူလာပြီ။ ယောက်ျား မိန်းမ တူလာပြီ။ မတူသင့်တာတွေ တူလာပြီး၊ တူသင့်တာတွေ မတူတာကြုံလာနေတယ်။

◾ သံဃာ့ဩဇာ

ခေတ်ရဲ့ အခြေအနေဟာ ပြောင်းလာတယ်။ ရုပ်ဝတ္ထုတွေဟာ ထင်မှတ်မထားလောက်အောင် ပြောင်းလဲတိုး တက်လာတယ်။ နည်းပညာတွေလည်း မြင့်လာတယ်။ ကူးလူးဆက်သွယ်မှုတွေလည်း များလာတယ်။ ရှုပ်ထွေး လာတယ်။ ယှက်နွှယ်မှုတွေကလည်း ထိန်းမနိုင်သိမ်းမရဖြစ်လာတယ်။ ဒီတော့ ခေတ်နဲ့အတူ လူထုဟာ ပြောင်းလဲ လာတယ်။ ဖြစ်ထွန်းလာတဲ့ လူမှုအမူအကျင့်အသစ်တွေလည်း ပေါ်လာတယ်။ လူ့အပြုအမူအသစ်နဲ့ အယူအဆအမြင်အသစ်တွေ၊ နည်းနာအသစ်တွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲလာကြတယ်။ ဒီလိုပြောင်းလဲမှု ဟာလည်း ၂၁ ရာစုအဝင်ကတည်းက ယခင်ကထက် ပိုမြန်လာတယ်။ နယ်ခြားမျဉ်းတွေဟာ ပွင့်ထွက်လာပြီး၊ ကူးလူးဆက်နွှယ်မှုတွေဟာ ဒွေးရောယှက်တင်ဖြစ်လာတယ်။ ဒီလိုခေတ်ရဲ့ ပြောင်းလဲလာတဲ့ အခင်းအကျင်း တွေ ကြောင့် လူ့အဖွဲ့အစည်းအပေါ်မှာ သာသနာရဲ့ လွှမ်းမိုးသက်ရောက်မှု ပြောင်းလဲလာတာလည်း ရှိတယ်။ အသစ်ဖြစ်ထွန်းလာတဲ့ လူမှုအပြောင်းအလဲကြောင်း သံဃာ့အဖွဲ့အစည်းကိုလည်း ရိုက်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါတွေကို လိုက်ပါပြောင်းလဲပြီး သာသနာရေးကြိုးပမ်းချက်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့တဲ့ ဆရာတော် တွေ၊ ဘုန်းကြီးသံဃာတချို့လည်း ရှိနေပါတယ်။ ဒီလိုရှိနေခြင်းကြောင့်လည်း မြန်မာပြည်မှာ၊ သာသနာဟာ အပျက်များပေမယ့် အကောင်းကျန်နေသေးတယ်လို့ ဆိုနိုင်တယ်။ ဒါ့ကြောင့် မြန်မာပြည်အတွက် မျှော်လင့်ချက် တော့ ရှိသေးတယ်။ သို့မဟုတ်ရင် “အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့” ဖြစ်သွားနိုင်ချေရှိတယ်။

သမိုင်းအစဉ်အဆက်ကို ကြည့်ပြီး နိုင်ငံအသီးသီးရဲ့ အတိတ်ကြောင်းကို လေ့လာကြည့်ရင်၊ ကျောင်းတော်နဲ့ နန်းတော်ရဲ့ ဩဇာဟာ အမြဲတမ်း ပြိုင်နေတယ်။ တစ်ဖက်နဲ့ တစ်ဖက်လွှမ်းမိုးဖို့ ကြိုးစားသလို၊ အပြန်အလှန် အမှီသဟဲပြုပြီး ရပ်ခံနေကြတာလည်း တွေ့ရတယ်။ များသောအားဖြင့် နန်းတော်ရဲ့ ဩဇာဟာ ကျောင်းတော် ကို လွှမ်းမိုးတာ များတာပါပဲ။ မြန်မာပြည်မှာတော့၊ ကျောင်းတော်နဲ့ နန်းတော်ဟာ ရှည့်လည်းလျှောက်သာ၊ ပျားလဲစွဲသာ အနေအထားမျိုးနဲ့ ကျင်လည်ခဲ့တာများတယ်။ စစ်အစိုးရခေတ်မှာတော့၊ နန်းတော်ရဲ့ ဩဇာဟာ ကျောင်းတော်ကို လွှမ်းမိုးခဲ့တယ်။ လွှမ်းမိုးခဲ့ရုံမက၊ နန်းတော်ရဲ့ ဩဇာ မညောင်းနိုင်တဲ့ ကျောင်းတော်ကို ပုံဖျက် သင်းသတ်ဖို့ ကြိုးစားခဲ့တာတွေလည်း တွေ့ရတယ်။ များသောအားဖြင့် လမ်းပေါ်ထွက်ပြီး ဦးဆောင်ရင် ဖိနှိပ် တယ်။ မြေအောက်တော်လှန်ရေးလုပ်တယ်လို့ ယူဆရင် ဖမ်းဆီးတယ်။ ထောင်ချတယ်။ အစိုးရဆန့်ကျင်ရေး ဟောပြောတယ်ဆိုရင် ကန့်သတ်တယ်၊ ချုပ်ချယ်တယ်၊ တားမြစ်တယ်၊ အနှောက်အယှက်ပေးတယ်။ ဒီလိုနည်း နဲ့ အမာနည်း အပျော့နည်း အစုံသုံးပြီး ကျောင်းတော်ရဲ့ဩဇာကို နိုင်ငံရေးအာဏာအတွက် အသုံးချတယ်။

သာသနာပျက်ယွင်းလာတာဟာ အစိုးရအုပ်ချုပ်ပုံစံနဲ့လည်း သက်ဆိုင်တယ်။ တိုက်ရိုက်သက်ဆိုင်မှုတွေ ရှိသလို၊ သွယ်ဝိုက်သော အားဖြင့် သက်ဆိုင်မှုတွေလည်း ရှိနေတယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်ကတော့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ ကိုယ်ခံအားမကောင်းတဲ့ ဘုန်းကြီးသံဃာတွေ ထိပ်တိုက်တွေ့တဲ့အခါမှာ သာသနာဟာ လိုသည်ထက် ပို၍ ပျက်လာတယ်။ လူ့အဖွဲ့အစည်းအပေါ်မှာရော၊ လူတစ်ဦးချင်းစီ အပေါ်မှာပါ သံဃာရဲ့ ဩဇာဟာ ကျလာတယ်။ ဒီနေ့ခေတ် လူကြီး လူငယ်တွေအပေါ်မှာ၊ သံဃာဘုန်းကြီးတွေရဲ့ ဩဇာ လွှမ်းမိုးမှု အကွာအခြားကို နှိုင်းယှဉ်လေ့လာဖို့ ကောင်းတယ်။

တစ်ဦးကောင်း တစ်ပါးကောင်း ဆရာတော်၊ သံဃာတော် တချို့ရဲ့ ကြိုးပမ်းမှုကြောင့် မြန်မာပြည်သူတွေထဲမှာ ယခင်ကထက် ပိုပြီး ကိုးကွယ်ယုံကြည်မှုအရည်အသွေးမြင့်လာတဲ့ လူငယ်၊ လူကြီး ပြည်သူလူထုအနည်းစုရှိလာ တယ်။ အထူးသဖြင့် ဘဝရဲ့ အရည်အသွေးမြင့်မားဖို့၊ ကိုယ်ကျင့်တရားမြင့်မားဖို့၊ အသိဉာဏ်မြင့်မားဖို့၊ စိတ်ပိုင်း ဆိုင်ရာ လွတ်မြောက်ဖို့အတွက် ဘာသာရေးကို စနစ်တကျ လေ့လာလိုက်စားပြီး ကျင့်သုံးနေတဲ့ လူနည်းစုတော့ ရှိလာတယ်။ ဒီလိုလူနည်းစုဟာ ဟိုးယခင် ဆယ်စုနှစ် သုံးလေးခုကျော်က မဆိုစလောက်သော ပမာဏသာ ရှိတဲ့ အနေအထား။ ဒီလို ကိုးကွယ်ယုံကြည်မှုအရည်အသွေး တက်လာတဲ့ လူနည်းစုရှိလာတာဟာ ဝမ်းသာ စရာဖြစ်တယ်။ ဒါဟာလည်း တစ်ပါးကောင်း သံဃာတော်တွေရဲ့ စွမ်းဆောင်ချက်တွေ ကြောင့်သာ များတယ်။ သံဃာ့အစုအဖွဲ့ကြီးတစ်ခုလုံး အရည်အသွေး ကောင်းလာလို့ ဖြစ်လာတာ မဟုတ်ဘူး။ ဒါကိုတော့ ခွဲခွဲခြားခြား နားလည်ဖို့ ကောင်းတယ်။

◾ ဘုန်းကြီး သံဃာ့ အလုပ်

ဘုန်းကြီးသံဃာတွေရဲ့ အလုပ်ဟာ ပြည်သူတွေရဲ့စိတ်လိုအပ်ချက် (spiritual need) ကို ဖြည့်ပေးဖို့ ဖြစ်ပါ တယ်။ ဒါဟာ တိုင်းပြည်ရဲ့ နာမ်ပိုင်းဆိုင်ရာ လိုအပ်ချက်ဖြစ်ပါတယ်။ နာမ်ပိုင်းလို့ ပြောရင် ကိုယ်ကျင့်တရား ကိစ္စ ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကိစ္စပါတယ်။ စာရိတ္တမဏ္ဍိုင် ပါလာတယ်။ သီလကိစ္စပါလာတယ်။ ကိုယ့်ကိုယ်ကို စောင့်ထိန်းမှုဆိုတာတွေ ပါလာတယ်။ ကိုယ့်ကြောင့် တစ်ပါးသူ အနှောက်အယှက်မဖြစ်စေရ၊ ဒုက္ခမဖြစ်စေရ ဆိုတာ အခြေခံ နှုန်းစံဖြစ်တယ်။ လူ့အဖွဲ့အစည်းက အခြေခံ သတ်မှတ်ထားတဲ့ လူမှုနှုန်းစံတွေမှာ၊ ပုံဖျက်ခံ ထားရတဲ့ စည်းမျဉ်းတွေ ရှိတယ်။ ပုံပျက်နေတဲ့ ရှေးရိုးစွဲ ပြဌာန်းချက်တွေလည်း ရှိတယ်။ အကြောင်းအကျိုး ခွဲခြားနားလည်ပြီး၊ ကိုယ်ကျင့်တည်ကြည်ခြင်းကိစ္စကို အားလုံးဝိုင်းလုပ်ကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကိုယ်ကျင့်ကိစ္စကို အားလုံးလို့ သိမ်းကျုံးပြောလိုက်ရင် တာဝန်ယူမှု မပြတ်မသားဖြစ်နိုင်တယ်။ တာဝန်ယူမှုတွေ ဝေဝါးထွေပြားသွားနိုင်တယ်။ diffusion of responsibility လို့ ပြောလို့ ရမယ်။ တာဝန်ကို ဘယ်သူ ယူရမလဲ ဆိုတာ သတ်သတ်မှတ်မှတ် မဖြစ်သွားဘဲနေမယ်။ ဒီတော့ ပြည်သူတွေရဲ့ စိတ်လိုအပ်ချက် (တနည်း) နာမ်ပိုင်း ဆိုင်ရာ လိုအပ်ချက်မှာ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ထိပ်တန်းက တာဝန်ရှိတာကတော့ ဘုန်းကြီး သံဃာတွေပဲဖြစ်ပါတယ်။ ဒီတော့ ထိပ်ပိုင်းက တာဝန်ရှိတာဖြစ်ခြင်းကြောင့် ခေါင်က စပြီး လုံသင့်ပြီ။ လုံသင့်တယ်။ လုံရမယ်။ ဒီလိုပြောလို့၊ လူဟာ ရဟန်းသံဃာကို ဆရာလုပ်တယ်၊ လူတတ်ကြီး လုပ်တယ်၊ မိကျောင်းမင်း ရေကင်းပြတယ်… လို့ မယူဆစေလို။ လူ့အဖွဲ့အစည်းမှာ လူနဲ့ ရဟန်း၊ ကျောင်းတော်နဲ့ နန်းတော်၊ ဆရာ – ဒကာ ဟာ အပြန်အလှန် တည့်မတ် ထိန်းကျောင်းရင်း တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို ပိုကောင်းအောင် တည်ဆောက်ကြရမှာ မဟုတ်လား။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသကလည်း၊ ဝိနည်းသိက္ခာပုဒ်တွေဟာ ဘုန်းကြီးရဟန်းသံဃာတွေသာ သိဖို့ နားလည်ဖို့ မဟုတ်ဘူး။ လူတွေလည်း သိရမယ်။ ဒကာတွေလည်း သိရမယ်။ သိသင့်တယ်။ သိထားဖို့ လိုတယ်လို့ ဟောဖူးတယ်။ ဒါမှလည်း ဒကာရဲ့ လှူဒါန်းမှုဟာ စစ်မှန်သော သာသနာရဲ့ အထောက်အပံ့ကောင်းဖြစ်မယ်။ သို့မှမဟုတ်ရင် အဆိပ်ပင်ရေလောင်း သလို ဖြစ်သွားမယ်။

◾ ကိုယ့်အလုပ် ကိုယ်ပီပီပြင်ပြင်လုပ်

လူက လူအလုပ်လုပ်မယ်။ ရဟန်းက ရဟန်းအလုပ်လုပ်မယ်။ အစိုးရက အစိုးရအလုပ်ကို လုပ်မယ်။ စစ်တပ်က စစ်တပ်အလုပ်ကို လုပ်မယ်။ ကျောင်းဆရာက ကျောင်းဆရာ အလုပ်ကို လုပ်မယ်။ ကုန်သည်က ကုန်သည် အလုပ်ကို လုပ်မယ်။ အနုပညာသမားက အနုပညာအလုပ်လုပ်မယ်။ သဘင်သည်က သဘင်သည် အလုပ်လုပ် မယ်။ စာရေးဆရာက စာရေးဆရာ အလုပ်လုပ်မယ်။ လယ်သမားက လယ်သမားအလုပ်လုပ်မယ်။ မိဘက မိဘ အလုပ်လုပ်မယ်။ သားသမီးက သားသမီးအလုပ်လုပ်မယ်။ ဝန်ကြီးက ဝန်ကြီးအလုပ်လုပ်မယ်။ ရဲက ရဲအလုပ်ကို ကောင်းကောင်းလုပ်မယ်။ နိုင်ငံရေးသမားက နိုင်ငံရေးသမား အလုပ်လုပ်မယ်။ သတင်းသမားက သတင်းသမား အလုပ်ကို လုပ်မယ်။ ပညာရှင်က ပညာရှင်အလုပ် လုပ်မယ်။ ဒီလိုဆိုရင်တော့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမယ်လို့ ယုံကြည်တယ်။

◾ အပြင်ထိန်း / အတွင်းထိန်း

တစ်ဖက်မှာလည်း ကိုယ့်အလုပ်ကို ကိုယ် ပရော်ဖက်ရှင်နယ်ကျစွာ လုပ်ရင်း၊ ကိုယ်ကျင့်အရ ထိန်းသိမ်းမှုတွေကို အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပဲ့ပြင်တာတွေ လုပ်ဖို့လိုတယ်။ ဥပမာအားဖြင့် – ဒီမိုကရေစီစနစ်မှာ ကျင့်သုံးတဲ့ အာဏာခွဲဝေကျင့်သုံးပြီး ထိန်းကျောင်းသလိုပေါ့။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ၊ တရားရေးမဏ္ဍိုင်က လည်း ထိန်းမယ်။ လွှတ်တော်ကလည်း ထိန်းမယ်။ တရားရေးကို လွှတ်တော်ကလည်း ထိန်းမယ်။ အုပ်ချုပ်ရေး ကလည်း ထိန်းမယ်။ အချင်းချင်း ထိန်းကျောင်းမယ်။ အာဏာအဝန်းအဝိုင်းအတွင်းမှာ အချင်းချင်း ထိန်းဖို့ မလုံလောက်ရင် ပြင်ပကနေ ထိန်းဖို့ စတုတ္ထမဏ္ဍိုင်ဆိုတာ ရှိတယ်။ အဲဒါက မီဒီယာ။ စာနယ်ဇင်း။ မီဒီယာ၊ စာနယ်ဇင်း၊ သတင်းသမားတွေက အစိုးရကို အာဏာပလက်ဖောင်း ပြင်ပကနေ ထိန်းကျောင်းမယ်။ ပဲ့ပြင်မယ်။ ဒါဆိုရင် ပိုကောင်းတဲ့ အုပ်ချုပ်မှုဖြစ်လာမှာ။ ဒီသဘောပါပဲ။


သာသနာရေးမှာလည်း သံဃာ့အဖွဲ့အစည်းတွေ ရှိတယ်။ ဆရာတော် ၊ သံဃာတော်၊ ဘုန်းကြီး ရှင်ရဟန်း စသဖြင့် အသီးသီး သာသနာရေးအဝန်းအဝိုင်းမှာ ရှိနေတဲ့ အင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်းတွေ၊ သံဃာ့ မဟာနယကလို ပုံစံတွေ ရှိတယ်။ အချင်းချင်းလည်း ထိန်းမယ်။ အချင်းချင်း ထိန်းလို့ မလုံလောက်ရင်၊ ပြင်ပက သာသနာရေးကို ကျွမ်းကျင်နားလည်တဲ့ ပညာတတ်တွေ၊ ဒကာတွေက ထိန်းကျောင်းရမယ်။ ထိန်းကျောင်းတဲ့ အခါမှာလည်း ဥပေဒကြောင်းအရ ထိန်းကျောင်းရမယ့် အရာတွေ ရှိသလို၊ စာပေ အနုပညာ အားဖြင့် သွယ်ဝိုက် သော ထိန်းကျောင်းမှုတွေလည်း ရှိတယ်။ အထောက်အပံ့ပေးခြင်း၊ လှူဒါန်းခြင်းဆိုတာတွေမှာ ဉာဏ်ရှေ့သွား ရှိသော၊ ဆင်ခြင်တုံတရားရှေ့သွားရှိသော လှူဒါန်းထောက်ပံ့ခြင်းတွေ ပြုရမယ်။ သဒ္ဓါရှေ့သွားရှိပေမယ့် ဉာဏ်နဲ့ ယှဉ်တဲ့ ထောက်ပံ့လှူဒါန်းမှု မဟုတ်ဘူးဆိုရင် သာသနာအတွက်လည်း ကျေးဇူးမများဘူး။ သာသနာပြုမဖြစ်တဲ့ အပြင် သာသနာကို ဖျက်သလိုပါဖြစ်နိုင်တယ်။ အသိဉာဏ်မဲ့တဲ့ ဒကာတွေရဲ့ ထောက်ပံ့လှူဒါန်းမှုတော်တော် များများဟာ သာသနာကြီးပွားကြောင်း အစစ်အမှန်မဖြစ်ဘဲ၊ သာသနာဖျက်ကြောင်း အထောက်အပံ့အတွေ ဖြစ် နေတယ်ဆိုတာလည်း သတိထားကြည့်စေချင်တယ်။

သပိတ်မှောက်ဆိုတဲ့ စကားလုံးဟာ သံဃာ့ရပ်ဝန်းကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ မကျေနပ်ရင်၊ အလို မရှိရင် သပိတ်မှောက် ကန့်ကွက်ဆန္ဒပြကြပါတယ်။ သံဃာဟာ၊ ဒကာရဲ့ လှူဖွယ်ပစ္စည်းဟာ မသန့်စင်ဘူးဆိုရင် အလှူမခံခွင့်ရှိတယ်။ သပိတ်မှောက်ထားခွင့် ရှိတယ်။ အလှူခံပစ္စည်းကို ငြင်းပယ်ခြင်းအားဖြင့် ဒကာရဲ့ ကိုယ်ကျင့်တရားနဲ့ လုပ်ရပ်ကို ထိန်းကျောင်းပဲ့ပြင်လို့ ရတယ်။ တစ်ဖက်မှာလည်း ဒကာဟာ သာသနာကို ရည်မှန်းပြီးတော့ စစ်မှန်သော ရဟန်းသံဃာကိုသာ အထောက်အပံ့၊ အလုပ်အကျွေးပြုသင့်တယ်။ ပြုရမယ်။ အလဇ္ဇီသံဃာကို ငြင်းပယ်သင့်တယ်။ ရှုတ်ချသင့်တယ်။ မလှူဒါန်းခြင်း၊ မထောက်ပံ့ခြင်းအားဖြင့်ကျေးဇူးပြုသင့် တယ်။

◾ အလဇ္ဇီတွေ

ဘုန်းကြီးသံဃာတော်တွေထဲမှာ သာသနာကို အမှိုက်ကြဲနေတဲ့သူတွေ အများကြီး ရှိနေပါတယ်။ ဒကာတွေ မလုပ်သင့်တာ၊ မပြုမူသင့်တာကို၊ မကျင့်သုံးသင့်တာကို တွေ့နေ့ မြင်နေပါလျက်နဲ့ ရေငုံနှုတ်ပိတ်ပြီး မသိသလို နေနေတာတွေ ရှိပါတယ်။ ဒကာတပည့်မွေးပြီး ဒကာတပည့်ရဲ့ အလုပ်အကျွေးမရတော့မှာ ကြောက်ပြီး၊ ပြော သင့်တာ မပြော၊ ဟောသင့်တာ မဟော၊ မိန့်မှာသင့်တာ မမိန့်မှာ၊ ဆုံးမသင့်တာကို မဆုံးမဘဲ ကြောင့်ကြမဲ့ နေနေကြပါတယ်။ ဒါဟာ သာသနာကို အမှိုက်ကြဲတာနဲ့ တူပါတယ်။ ချီးမြှောက်ထိုက်ရင် ချီးမြှောက်ရမယ်။ ဆုံးမထိုက်ရင် ဆုံးမရမယ်။ လာဘ်လာဘနဲ့ အဆောင်အယောင် အကြည်ညိုခံမှုကို လိုလားပြင်းပြတာနဲ့ အလဇ္ဇီ တပည့်တွေကို မွေးထုတ်သလို ဖြစ်ပါလိမ့်မယ်။ ဖြစ်လည်းဖြစ်နေပါတယ်။

လက်ရှိမှာတော့ သာသနာဟာ အသွင်အပြင်ပိုင်းမှာ တိုးတက်စည်ပင်သယောက်ဖြစ်ပေမယ့်၊ အတွင်း အနှစ် သာရပိုင်းမှာတော့ ဆုတ်ယုတ်ပျက်စီးနေတာ တွေ့ရပါတယ်။ ဗဟိဒ္ဓသာသနာဟာ အသွင်အပြင်သာဖြစ်ပါ တယ်။ အဇ္ဈတသာသနာက ကိုယ်ကျင့်သီလ ပရိယတ် ပဋိပတ်ဖြစ်ပါတယ်။ ရဟန်းဟာ ရဟန်းအကျင့်ကို မြဲမြဲမြံမြံကျင့်ပြီး တိုင်းပြည်တွင်းက ပြည်သူတွေရဲ့ ကိုယ်ကျင့်ကို ထိန်းကျောင်းရမှာဖြစ်တယ်။ ပြည်သူတွေရဲ့ စိတ်လိုအပ်ချက်ကို ဖြည့်ပေးရမှာဖြစ်တယ်။ ခေတ်ကာလမှာ၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ အပြင် ၊ တစ်ဦး ချင်းမှာ စိတ်ကျရောဂါတွေ ရနေတာ များလာတာတွေ့ရတယ်။ သာသနာဘက်ကနေ ဖြည့်ပေးနိုင်တဲ့ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေဟာ ခေတ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေ၊ နည်းနာတွေကို သုံးပြီး တိုင်းပြည်ကို ကျေးဇူး ပြုဖို့ လိုနေပါတယ်။ ပညာတတ် ရဟန်းသံဃာတွေ အမြောက်အမြားလိုတယ်။ လောကီ၊ လောကုတ္တ နားလည် နှံ့စပ်တဲ့ ရဟန်းသံဃာတွေ လိုတယ်။ ခေတ်အမြင်ကို နားလည်ပြီး ကိုယ်ကျင့်တည်မြဲတဲ့ ဆရာတော်၊ သံဃာ တော်တွေ လိုအပ်တယ်။

◾ကိုယ်ကျင့် စာရိတ္တ

မြန်မာပြည်သမိုင်းကို ပြန်ကြည့်ရင်၊ ပညာရေးကို စခဲ့တာ ဘုန်းကြီးတွေဖြစ်တယ်။ သံဃာတွေဖြစ်တယ်။ ကျောင်းတော်က စတာဖြစ်တယ်။ ဒါကြောင့်လည်း school ဆိုတဲ့စကားလုံးကို ကျောင်းလို့ ဘာသာပြန်တာ ကြည့်ရင် သိနိုင်တယ်။ မြန်မာပြည်ပညာရေးရဲ့ အစဟာ ဘုန်းကြီးကျောင်းတွေက စတာဖြစ်ပါတယ်။ ကိုလိုနီ ခေတ်ကနေစပြီး ဘုန်ကြီးကျောင်းတွေဟာ ပညာရေးကို တစ်စတစ်စဦးဆောင်မှု မပြုနိုင်ကြတော့ဘူး။ ခေတ်လို အပ်ချက်ကြောင့်လည်း ပြောင်းလဲလာသလို၊ ဘုန်းကြီးကျောင်းတွေရဲ့ စွမ်းဆောင်ရည်ကလည်း ကျလာတယ်။ ဘုန်းကြီးကျောင်းပညာရေးဟာ လွတ်လပ်ပြီးခေတ်နောက်ပိုင်းမှာ အနည်းငယ် တက်ဟန်ပြပေမယ့်၊ တဖြည်း ဖြည်းချင်းသာ နိမ့်လျောသွားတယ်။ စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်မှုကို အစိုးရကျောင်းတွေကလည်း မလုပ်နိုင်ဘူး။ ဘုန်းကြီးကျောင်းသင် ပညာရေးကလည်း ခေတ်နဲ့ အံဝင်ခွင်ကျ မဖြစ်ဘဲ ဩဇာကျဆင်းသွားတယ်။ တစ်ဖက်မှာ လည်း ခေတ်အပြောင်းအလဲတွေဟာ ဦးဆောင်သူ အစိုးရမင်းတွေရဲ့ ညံ့ဖျင်းမှုနဲ့ လူ့အဖွဲ့အစည်းရဲ့ စရိုက်ဆိုး၊ အကျင့်ဆိုးတွေကြောင့် ယိုယွင်းလာတယ်။ ကိုယ်ခံအားမကောင်းတဲ့ လူ့အဖွဲ့အစည်းဟာ ကင်ဆာရောဂါရ သလို တဖြည်းဖြည်း ချိနဲ့ ပျက်စီးလာတယ်။ အတွင်းလှိုက်လို့ ပျက်စီးလာပြီး၊ ခေါင်တွေ စပျက်လာတယ်။ နောက်ပိုင်း လူ့အဖွဲ့အစည်းအတွင်းက အလွှာအသီးသီး၊ နယ်ပယ်အသီးသီးမှာ၊ အကောင်းဟာ နည်းပြီး အပျက်ဟာ များလာတယ်။ ဒါဟာ မြန်မာပြည်ရဲ့ နာမ်ပိုင်းဆိုင်ရာ ပျက်စီးမှု (တနည်း) ကိုယ်ကျင့်ပိုင်းပျက်စီးမှု ရဲ့ ဖြစ်စဉ်ဇယားဖြစ်တယ်လို့ ဆိုနိုင်တယ်။ ဒီလိုကိုယ်ကျင့်ပျက်ပြားမှုမှာ တစ်ဦးချင်းနဲ့လည်း ဆိုင်သလို၊ ခေတ် အခြေအနေနဲ့လည်းဆိုင်နေပြန်တယ်။ လူ့အဖွဲ့အစည်းအတွင်းက ဆိုင်ရာဆိုင်ရာ အသိုင်းအဝန်းတွေရဲ့ အားနည်းချက်တွေကြောင့်လည်းဖြစ်တယ်။ ကိုယ်စီကိုယ်စီပျက်စီးကြရင်၊ အားလုံး ပျက်နေတဲ့သဘောလည်း ဖြစ်တယ်။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်။ ပေါက်တဲ့နှဖူးမထူးပါဘူးဆိုပြီး အားလုံး ရောကြိတ်ပြီး မျောလိုက်သွားကြတာလည်း ပါတယ်။ အားလုံးကတော့ ပတ်သက်ဆက်နွှယ်နေကြတာ ချည်းပါပဲ။ ဒါပေမယ့် ဒီမှာတော့ တိုင်းပြည်ရဲ့ ကိုယ်ကျင့်ကို ထိန်းကျောင်းတည့်မတ်တဲ့နေရာမှာ ထိပ်ပိုင်းက တာဝန်ရှိတဲ့ ဘုန်းကြီးသံဃာတော်တွေကို ဦးတည်ပြီး ရေးသားလိုက်ခြင်းကြောင့် နားလည်ပေးစေလိုပါ ကြောင်း….

မင်းသေ့
ညနေ ၅ း ၄၂
၂၅ ၊ ဇွန် ၊ ၂၀၂၀ ။

Previous post ယောင်ဝါးလူ့အဖွဲ့အစည်း (အသံထွက်ဆောင်းပါး)
Next post ◾ ပြုပြင်ပြောင်းလဲရေးကိစ္စ။