စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့ ခဲယဉ်းတယ်။ စာဖတ်ပရိတ်သတ်ဆိုတဲ့သဘောက၊ စရိုက်စုံရှိတတ်တာမို့ တစ်ချက်တည်းနဲ့ အားလုံးမှန်အောင်ပစ်နိုင် ဖို့တော့ ခဲယဉ်းတယ်။ တစ်ဖက်မှာလည်း ပရိတ်သတ်ဆိုတာက အသက်အရွယ်အရ ပေါင်းစုံရှိနေတယ်။ အတွေ့အကြုံအားဖြင့် မတူကွဲပြားတယ်။ ဒေသအားဖြင့် မတူကြဘူး။ စိတ်ဝင်စားမှုအကြောင်းအရာ အလိုက်လဲ ကွဲပြားတယ်။ မတူဘူး။ ဒီတော့ စာရေးဆရာတစ်ယောက်ရေးလိုက်တဲ့စာကို ရာနှုန်းပြည့် ကြိုက်နှစ်သက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ မရှိဘူး။ ခပ်များများကို ထိနိုင်တာနဲ့ လူတစ်စုကိုပဲ ထိနိုင်တာ။ ဒါပဲ ရှိလိမ့်မယ်။

စာရေးတဲ့သူဟာ လူထုအတွက် ရည်ရွယ်ပြီးရေးတာလည်း ရှိတယ်။ လူတစ်စု၊ တစ်ဖွဲ့အတွက် သီးသန့် ရည်ရွယ်ပြီးရေးတာလည်း ရှိတယ်။ ကဏ္ဍနယ်ပယ်တစ်ခုအတွက် သီးသန့်ထားရေးတာလည်း ရှိတယ်။ ခြုံငုံပြီးရေးတာလည်း ရှိတယ်။ အကြောင်းအရာ၊ အဖြစ်အပျက်တစ်ခုကို ဗဟိုပြုပြီးရေးတာလည်း ရှိတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ…. လူထုအတွက် ရည်ရွယ်ပြီး ရေးတဲ့စာတွေဟာ လူထုနားနဲ့ လူထုမျက်စိ နဲ့ ကိုက်တဲ့စာတွေ ဖြစ်ရမယ်။ ဒါမှ ပေါက်ပေါက်မြောက်မြောက်ဖြစ်မယ်။ စာဖတ်သူ လူထုကလည်း နားလည်လွယ်မယ်။ အကြောင်းအရာတိုင်းကိုတော့ ရိုးရှင်းစွာ ရေးဖို့ မလွယ်ပါဘူး။ သို့ပေမယ့် အများကိစ္စ၊ လူထုကိစ္စ၊ လောကလုံးသဘောဆောင်တဲ့ အကြောင်းအခြင်းရာတွေကိုတော့ ရိုးရိုးရှင်းရှင်း နဲ့ နားလည်လွယ်အောင်ရေးလို့ရပါတယ်။ လူထုနားလည်အောင် ရေးတတ်တာ၊ ရေးနိုင်တာကလည်း အတတ်ပညာတစ်ခုဖြစ်ပါတယ်။

ဒီအတတ်ပညာဟာ အလွယ်တကူနဲ့ ရမလာပါဘူး။ လေ့ကျင့်ရည်သားဝတဲ့ စာရေးသူမှသာ ရနိုင်ပါ တယ်။ တစ်ဖက်မှာလည်း လေ့လာမှုအားဖြင့် ချို့တဲ့နေလို့မရဘူး။ စရိုက်ပေါင်းစုံရှိတဲ့ လူထုကို ခပ်များ များ ပစ်မှတ်ထိအောင်ရေးနိုင်ဖို့က အတတ်ပညာလည်း လိုသလို၊ အသိပညာလည်း လိုတယ်။ တစ်ဖက်တည်းမှာ တစ်ခုခုကိုပဲ ဇောက်ချ သိနေလို့ မရဘူး။ စာစုံဖတ်ရတယ်။ စာရေးဆရာ အစုံကို ဖတ်ရတယ်။ လိုအပ်ရင် ပြည်တွင်းက စာရေးဆရာကိုချည်း ဖတ်နေလို့မရဘူး။ ပြည်ပက စာရေးဆရာ တွေရဲ့ စာအုပ်တွေကိုပါ ဖတ်နိုင်ဖို့ ကြိုးစားရတယ်။ ပြည်ပက စာရေးဆရာတွေရဲ့ စာတွေကို ဖတ်လို့၊ သိတာ၊ နားလည်တာ ရှိလာရင် မျှဝေချင်စိတ်ပေါ်လာမယ်။ ဖြန့်ချိချင်စိတ်ပေါ်လာမယ်။ အဲဒီ့အခါ ကိုယ့် ပြည်တွင်းက လူထုအတွက် ပြန်လည်ဖြန့်ချိရေးသားရတယ်။ အဲဒီ့နေရာမှာ၊ ဘာသာပြန်နည်းနာဆိုတာ ပေါ်လာပြီ။

ဘာသာပြန်မှာလား။ မှီးမှာလား။ ကိုးကားမှာလား။ ကျောရိုးပဲ ယူပြီး မြန်မာမှုပြုမှာလား။ စကားလုံး အသုံးအနှုန်းကိုရော ဘယ်လို ဖလှယ်မှာလဲ။ စကားလုံး ဖလှယ်တယ်၊ ပြန်လည် ဖြန့်ချိရေးသားတယ် ဆိုတာမှာလည်း လူထုစရိုက်ကို ဘယ်လောက်နားလည်သလဲ ဆိုတာ အခရာကျလာတယ်။ ဒီနေရာမှာ၊ လူတွေထဲကို မတိုးဝင်ဖူးရင် စာအရေးအသားမှာချို့တာပဲ။ ဒါကို သတိထားဖို့ လိုတယ်။ သိထားရမယ်။

စာစုံဖတ်ရမယ်လို့ ဆိုတဲ့နေရာမှာ၊ တွေ့ကရာ ပေါက်ကရ ၊ ရရာဖတ်ရမယ်လို့ မဆိုလိုဘူး။ အများ သဘောကို နားလည်အောင် ဖတ်ဖို့ လိုတယ်လို့ ဆိုလိုတာ။ အစုံစုံဖြစ်အောင် ပြည်တွင်းက ထွက်သမျှ စာအုပ်တိုင်းကို ဖတ်စရာ မလိုပါဘူး။ ကိုယ်ရေးမယ့်အကြောင်းအရာ၊ နယ်ပယ်နဲ့ပတ်သက်ရင် ထောင့် ပေါင်းစုံက မြင်နိုင်အောင် လောက်လောက်လားလား ရေးသားပြုစုထားသူတွေရဲ့စာအုပ်တွေကို ခပ်များ များ ရှာဖတ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

• တချို့ စာအုပ်တွေကို ပညာရှင်တွေက ရေးသားတယ်။
• တချို့စာအုပ်တွေကို ဘုန်းကြီးသံဃာတော်တွေ က ရေးသားထားတယ်။
• တချို့စာအုပ်တွေကို စာရေးဆရာတွေက ရေးသားထားတယ်။
• တချို့စာအုပ် တွေကို အနုပညာရှင်တွေက ရေးသားထားတယ်။
• တချို့စာအုပ်တွေကို နိုင်ငံရေးသမားတွေကရေးသား ထားတယ်။
• တချို့စာအုပ်တွေကို သုတေသီတွေက ရေးသားထားတယ်။
• တချို့စာအုပ်တွေကို ဗြူရိုကရက်တွေက ရေးသားထားတယ်။
• တချို့စာအုပ်တွေကို သတင်းစာဆရာတွေက ရေးသားထားတယ်။
• တချို့စာအုပ်တွေကို စစ်သားတွေ၊ စစ်ဗိုလ်တွေက ရေးသားထားတယ်။
• တချို့စာအုပ်တွေကို နိုင်ငံ့ခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေက ရေးသားထားတယ်။
• တချို့စာအုပ်တွေကို သာမန် မထင်မရှား အရပ်သားတစ်ယောက်က ရေးသားထားတယ်။

နယ်ပယ်၊ အကြောင်းအရာတစ်ခုကိုပဲ လူအမျိုးမျိုး၊ လူတန်းစားအလွှာအသီးသီးမှာ ရှိတဲ့ လူတွေက ရေးသားတဲ့စာအုပ်အစုံစုံ ရှိနိုင်ပါတယ်။ ဒီလိုစာအုပ်မျိုးတွေထဲက စာအုပ်လားမြောက်တဲ့စာအုပ်တွေကို ရှာဖွေပြီး သေချာဂရုတစိုက်ဖတ်ဖို့လိုပါတယ်။ ကိုးကားသင့်ရင် ကိုးကားအတွက် ဖတ်ရမယ်။ မှီးသင့်ရင် မှီးဖို့အတွက် ဖတ်ရမယ်။ ဆန့်ကျင်ဘက် အယူအဆတွေကို နားလည်ဖို့လည်း ဖတ်ရမယ်။ ကိုယ် မကြိုက်ပေမယ့်လည်း ဖတ်ဖို့သင့်ရင် ဖတ်ဖို့ လိုတယ်။ ဒါဟာ စာရေးတဲ့သူတွေ ကျင့်သုံးတဲ့အလေ့အထ တချို့ပါပဲ။

စာစုံဖတ်ရတယ်ဆိုတဲ့ အကြောင်းအရင်းရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို တိုင်းပြည်မျိုးမှာ၊ စာစုံ ဖတ်ဖို့ လိုကိုလိုပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတွေဟာ အစွဲအကြီးဆုံးလူမျိုး၊ ဥပါဒါန်အစွဲအား အကြီးဆုံး လူမျိုးဖြစ်လို့ပါပဲ။ လူဆိုတဲ့ သဘောက အတ္တကိုယ်စီနဲ့ဖြစ်ပါတယ်။ ဘက်အစွဲကိုယ်စီနဲ့ဖြစ်ပါ တယ်။ ဒီတော့ နိုင်ငံရေးစွဲစိတ် အားကြီးတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ လူထုကို အသိပညာပေးနေမယ့် စာရေးသူဟာ စာစုံမဖတ်လို့ ရကို မရပါဘူး။ စာစုံဖတ်ဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေရေးတဲ့စာတွေ ဟာ ဘက်အစွဲနဲ့ ရေးတာတွေ ဖြစ်သလို၊ သတင်းစာဆရာတွေထဲမှာလည်း ဘက်ကိုယ်စီရှိနေပါတယ်။ အဲသည့်အထဲက အနည်းငယ်သော၊ တချို့သော နိုင်ငံရေးသမားနဲ့ သတင်းစာဆရာတွေသာ ဘက်အစွဲ ပါးလျကြတာဖြစ်ပါတယ်။

သုတေသန အလုပ်ဆိုတာ ဘက်အစွဲကင်းကင်းနဲ့ လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ သုတေသနအလုပ်ကို လုပ်နေတဲ့ သုတေသီတွေ၊ ပညာရှင်တွေထဲမှာတောင် ဘက်အစွဲနဲ့ရေးသား အစီရင်ခံတဲ့ အစီရင်ခံစာ တွေ၊ စာတမ်း၊ စာစောင်၊ ဆောင်းပါးတွေကို တွေ့နေရပါတယ်။ ပညာရှင်တွေထဲမှာ၊ သုတေသီတွေထဲ မှာ ဘက်ယိမ်းမှုတွေ ရှိနေပါတယ်။ ပညာရပ်ဆိုင်ရာအလုပ်နဲ့ သုတေသနအလုပ်ဆိုတာ ဆန္ဒစွဲစက်ဝန်း ကနေ ဖောက်ထွက်ပြီး လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးမှာတောင်၊ ဘက်အစွဲတွေနဲ့ တွေ့နေ ရလို၊ သာမန် စာရေးဆရာနဲ့ နိုင်ငံရေးသမား၊ သတင်းစာဆရာတွေက ရေးတဲ့စာအုပ်တွေဆို ရင် ပိုလို့တောင် သတိထားပြီး ဖတ်ရမှာဖြစ်ပါတယ်။ ဒီ့နောက်ပိုင်းမှာလည်း စစ်သားတွေ၊ စစ်ဗိုလ်ချုပ် တွေ ရေးတဲ့စာအုပ်တွေကို ဖတ်ရလာရပါတယ်။ တချို့စာအုပ်တွေကျတော့ စစ်သားတွေတော့ ရေးတာ ဖြစ်ပေမယ့် ကိုယ့်ဆန္ဒနဲ့ကိုယ်ရေးတဲ့ စာအုပ်တွေ မဟုတ်ပါဘူး။ စစ်ရုံးက တာဝန်ပေးလို့ စစ်ဝါဒဖြန့်ချိ ရေးအတွက် ရည်ရွယ်ပြီး ရေးသားထုတ်ဝေဖြန့်ချိတဲ့စာအုပ်တွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်တပ် က လူထုဆက်ဆံရေးကို လုပ်တဲ့အနေနဲ့ ရေးသားထုတ်ဝေတဲ့စာအုပ်တွေဖြစ်ပါတယ်။

ဒီသဘောတွေကို နားလည်ထားပြီး၊ စာတွေကို အစုံဖတ်ဖို့ လိုတယ်။ စာရေးသူ အစုံ၊ စာရေးဆရာ အစုံ ရေးထားတဲ့ စာအုပ်တွေကို ရှာကြံဖတ်ဖို့ လိုတယ်။ ဖတ်နေရင်းလည်း သတိကပ်ပြီး ဖတ်နေဖို့လိုတယ်။ တခါတရံ ဖတ်သူကိုယ်တိုင်က ဘယ်လောက်ပဲ ပညာဦးစီးဦးစီး၊ ဆင်ခြင်တုံတရားဦးစီးပြီး ဖတ်နေ ဖတ်နေ မျောသွားတယ်ဆိုတာတောင် ရှိတတ်ပါသေးတယ်။ ဒီတော့ သာမန် စာဖတ်သူတစ်ယောက် အနေနဲ့ စာအုပ်ဖတ်ရင်း မျောသွားတယ်ဆိုတာ အဆင်ပြေပေမယ့်၊ လူထုကို ပညာပေးနေ၊ အလင်းပြ နေတဲ့ စာရေးသူတစ်ယောက်အဖို့ ဒီလို သတိလက်လွတ်မျောသွားတဲ့စာဖတ်နည်းနဲ့ မဖတ်သင့်ပါဘူး။ အထူးသဖြင့် သမိုင်းဆိုင်ရာတွေကို ဖတ်ရင် တတ်နိုင်သမျှ သတိကပ်ပြီး ဖတ်နိုင်မှ၊ စာရေးသူက စာဖတ်သူကို ဘက်အစွဲအပါးလျဆုံးနဲ့၊ ဓမ္မဓိဌာန်အကျဆုံး ပြန်လည်ဝေငှ ဖြန့်ချိနိုင်မှာဖြစ်ပါတယ်။

စာရေးသူဆိုတာ၊ လူထုကို သွယ်ဝိုက်၍သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း အသိပညာ ပေးဝေ ဖြန့်ချိနေသူတွေ ဖြစ်ပါတယ်။ (ဖျော်ဖြေရေးသမားတွေကို မရည်ရွယ်) ဒါ့ကြောင့် အသိပညာကို ဖြန့်ချိတဲ့နေရာမှာ၊ အတတ်နိုင်ဆုံး အစွဲကင်းကင်းဖြစ်ဖို့ အားထုတ်ရပါမယ်။ စာဖတ်တယ်ဆိုတာ input ဖြစ်ပါတယ်။ စာရေးတယ်ဆိုတာ output ဖြစ်ပါတယ်။ ရလဒ်ကောင်းဖို့၊ ထုတ်ကုန်ကောင်းဟာ သန့်သန့်စင်စင်နဲ့ထွက်နိုင်ဖို့ဆိုရင် ဆင်ခြင်တုံတရားနဲ့ သတိနဲ့ယှဉ်တဲ့ စာဖတ်နည်းဖြစ်ဖို့ လိုပါတယ်။ ဖတ်ပုံမှာ အညစ်အညမ်း၊ အပုတ်အခတ်တွေကြားထဲက အနှစ်သာရကို စစ်မထုတ်နိုင်ဘဲ လူထုကို စာပြန်ရေးသားဖြန့်ချိရင် လူထုကို ကျွေးတဲ့အထဲ အဆိပ်အတောက်တွေ ပါသွားနိုင်ပါတယ်။ ဒါကို သတိထားဆင်ခြင်ပြီး ရေးသားသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ ဒီစာကို ဖတ်မိတဲ့ လူထုစာဖတ် ပရိတ်သတ်ဟာလည်း စာအုပ်တွေကို ရေးတဲ့ စာရေးသူတွေရဲ့ အားထုတ်ပုံကို ချင့်ချိန် ဆန်းစစ်နိုင်စေ ဖို့ ရည်ရွယ်ပါတယ်။

မင်းသေ့
နေ့လယ် ၁ း ၁၄
၅ ၊ မေ ၊ ၂၀၂၀။
မန္တလေးမြို့။

Previous post ပတိရူပ ဒေသဝါသောစ
Next post Audio Article Collections