◾ ပြုပြင်ပြောင်းလဲရေးကိစ္စ။

မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲရေးကိစ္စကို အနည်းငယ်ပြောချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလို့ ပြောတဲ့ နေရာမှာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတာ ရှိတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ ရှိတယ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး၊ ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ကာလမှာ ပြုပြင် ပြောင်းလဲရေးကိစ္စကို အပြောများကြတယ်။ နိုင်ငံရေးကိစ္စနဲ့ စီးပွားရေးကိစ္စ။ နိုင်ငံရေးကိစ္စမှာ၊ ဒီမိုကရေစီ ကျင့်ထုံးတွေ အသက်သွင်းတဲ့ကိစ္စပါဝင်တယ်။ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်မှု အပိုင်းပါတယ်။ ပြည်သူ့အခြေပြုမူဝါဒတွေကို ဘယ်လိုချမှတ်မလဲ၊ ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ကိစ္စပါတယ်။

ဒီနေရာမှာ၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိစ္စကို ခဏ ဖယ်ထားပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ အရေးကြီးတဲ့ အချက် (၂) ချက်ကို တင်ပြချင်ပါတယ်။

လူတော်တော်များများဟာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကိစ္စကို အတော်မဲတင်းလွန်းတယ်။ ဒါကလည်း မမှားပါဘူး။ သို့ပေမယ့် အပြည့်အဝ မမှန်ဘူး။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိစ္စဟာ အရေးကြီးတယ်။ ထို နည်းလည်းကောင်းပဲ သူ့နည်းတူ အရေးကြီးတာရှိတယ်။ အထူးသဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တစ်ခုတည်းနဲ့ မရဘူး။ သူ့နောက်မှာ၊ နောက်ထပ် ပြုပြင်ပြောင်းလဲရေး နှစ်ခုနဲ့ယှဉ်မှရတယ်။ တွဲပြီးကပ် လိုက်မှရတယ်။ အဲဒါကတော့ –
• လူမှုပြုပြင်ပြောင်းလဲရေးကိစ္စနဲ့
• ပညာရေးပြုပြင်ပြောင်းလဲမှုကိစ္စတို့ဖြစ်တယ်။

ဒီနေရာမှာ၊ ဒီအချက် နှစ်ချက်ကို ဇောင်းပေးပြောချင်တယ်။

ကျနော့်အယူအဆကကတော့၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဘယ်လောက်လုပ်လုပ်၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုနောက်မှာ၊ လူမှုပြုပြင်ပြောင်းလဲရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ၊ ဒီနှစ်ခုကို ထပ်တိုးယှဉ် ပြီး မလုပ်နိုင်ရင် အာမခံချက်ရှိတဲ့ နိုင်ငံရေးသစ် ဖြစ်မလာဘူး။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် ကလည်း အသားသေမှာ မဟုတ်ဘူး။ ကျစ်လစ်ခိုင်မာတဲ့အဆင့်ကို ရောက်မှာ မဟုတ်ဘူး။ အသွင်ကူး ပြောင်းရေးမှာ၊ ပြည်သူဗဟိုပြုချမှတ်လိုက်တဲ့ ကျင့်ထုံးအသစ်တွေကလည်း ရေရှည်အသက်ဝင်မှာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းကိုလည်း မူဝါဒသစ်နဲ့ ဥပဒေသစ်တွေက အကျိုးပြုမှာ မဟုတ်ဘူး။

နိုင်ငံရေးအပြောင်းအလဲဆိုတာ စနစ်အပြောင်းအလဲဖြစ်ပါတယ်။ ခေတ်အပြောင်းအလဲဖြစ်ပါတယ်။ စနစ် အပြောင်းအလဲရဲ့နောက်မှာ၊ အမူအကျင့်ပြောင်းလဲရေး လိုတယ်။ အမူအကျင့်ပြောင်းလဲဖို့ဆိုရင် အသိဉာဏ်ပြောင်းလဲရေးလိုလာတယ်။ အသိဉာဏ်ပြောင်းလဲရေးဟာ ပညာရေးမှာ ဗဟိုပြုတယ်။ ဒါ့ကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဆိုပြီး၊ သူ့ချည်းသက်သက် ပြီးလို့ မရပါဘူး။ သူ့နောက်မှာ၊ လူမှုပြုပြင်ပြောင်းလဲရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ တပါတည်း လိုက်ကို လိုက်ရတယ်။ ဒါမှာ ခြေခြေမြစ်မြစ်ဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ပါလိမ့်မယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလို့ ပြောရင်၊ အဓိကနိုင်ငံရေး ထိပ်ပိုင်းပလေယာတွေရဲ့ ဦးဆောင်မှုက အရေးကြီးတယ်။ စစ်တပ်၊ ပါတီနဲ့ အစိုးရ။ ပြီးတော့ လူထု။ နိုင်ငံရေးကို အပေါ်ပိုင်း အီလစ်အလွှာကပဲ ပြုပြင်ထိန်းကျောင်းကြတာများတယ်။ နိုင်ငံရေးအပြောင်းအလဲတော်တော်များများဟာ၊ ထိပ်ပိုင်းအလွှာ က စကြတာများပါတယ်။ လူတန်းစားအလွှာရဲ့ ထိပ်ပိုင်းဖြစ်တဲ့ နိုင်ငံရေးသမား၊ ကျောင်းသား၊ ဘုန်းကြီး စတဲ့သူတွေက စတာများတယ်။ ပြီးမှ အောက်ခြေလူထုက လိုက်ပြီး အားဖြည့်ရင်း နိုင်ငံရေးအပြောင်း အလဲက ကြီးကြီးမားမားဖြစ်ကြတာများပါတယ်။

လူမှုပြုပြင်ပြောင်းလဲရေးမှာတော့၊ အဲသည်လို မဟုတ်ဘူး။ ထိပ်ပိုင်းအလွှာက ဦးဆောင် ပြောင်းလဲရုံနဲ့ မရဘူး။ နောက်တစ်ခုက နယ်ပယ်တစ်ခု၊ လူတန်းစားအလွှာတစ်ခုတည်းက ပြောင်းလဲလို့ မရဘူး။ လူမှု အလွှာပေါင်းစုံပြောင်းလဲဖို့ လိုတယ်။ နယ်ပယ်တိုင်းမှာ၊ လူမှုပြုပြင်ပြောင်းလဲရေး လိုတယ်။ သာမန် လက်လှုပ်လက်စား၊ ဝန်ထမ်း၊ ကုန်သည်ပွဲစား၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား၊ ဘုန်းကြီးသံဃာ၊ အစိုးရ၊ အနုပညာသမား၊ စာပေသမား၊ စီးပွားရေးသမား၊ လက်မှုပညာသည်၊ လယ်သမား၊ အလုပ်သမား၊ အောက်ခြေ နင်းပြား၊ လူလတ်တန်းစား ဘူဇွာ။ ဒါ့ကြောင့် လူမှုပြုပြင်ပြောင်းလဲရေးဟာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုထက် ပိုခက်တယ်။ ပိုကြာတယ်။ ပို အပြန့်ကျယ်တယ်။ အပြောင်းအလဲရဲ့ သက်ရောက်မှုကလည်း နှေးတယ်။ စရိုက်တစ်ခု၊ အမူအကျင့်တစ်ခု၊ အလေ့အထတစ်ခု၊ ဓလေ့တစ်ခု၊ ယဉ်ကျေးမှုတစ်ခုဟာ အသစ်စွဲမြဲဖို့လည်းကြာတယ်။ အဟောင်းပယ်ဖျက်ဖို့လည်း ခက်တယ်။ ကြာနိုင် တယ်။

လူမှုပြုပြင်ပြောင်းလဲရေးမှာ၊ ပညာရေးပြုပြင်ပြောင်းလဲမှုထပ်လိုက်ရတယ်။ အကြောင်းကတော့၊ အမူအကျင့်နဲ့အတွေးအခေါ် ပြောင်းလဲရေးကို ပညာရေးက စရမှာမို့လို့ ဖြစ်တယ်။ ပညာရေးလို့ ပြောရာ မှာလည်း၊ သာမန်ကျောင်းပညာရေးတစ်ခုတည်းကို မဆိုလိုဘူး။ လူထုပညာရေးကို တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ဖို့ လိုတယ်။ အစိုးရက ဦးဆောင်ပြီး ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်တာ တစ်ခုတည်းကို မှီးနေလို့ မရဘူး။ ခိုနေလို့မရဘူး။ လူထုထဲက လူထုရှေ့ဆောင်ပညာတတ်၊ စာပေသမား၊ အနုပညာသမားတွေက ပိုပြီး လုပ်မှ ထိရောက်မှာဖြစ်ပါတယ်။ အထူးသဖြင့်၊ လူထုကို ဆွဲဆောင်ညှို့ငင်နိုင်တဲ့ အနုပညာရှင်တွေ၊ သဘင်ပညာရှင်တွေနဲ့ ဩဇာရှိတဲ့စာပေသမား၊ ဘုန်းတော် ကြီးနဲ့ ဆရာတော် သံဃာတော်တွေက လူမှုပြုပြင်ပြောင်းလဲရေးအသိရှိရှိနဲ့ လုပ်ရင်၊ ထိရောက်နိုင် တယ်။ အောင်မြင်နိုင်တယ်။ လူထုပညာရေးဆိုတာ လူမှုပြုပြင်ပြောင်းလဲရေးဝါဒီ ပညာတတ်တွေ ဦး ဆောင်မှ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့်…
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထိထိရောက်ရောက် လုပ်ပါ။ သူ့ချည်းမရဆိုတာလည်း ထည့်စဉ်းစားပါ။ လူမှုပြုပြင်ပြောင်းလဲရေး မလုပ်ဘဲ အသွင်ကူးပြောင်းရေးဟာ တစ်ပွဲထိုးသာဖြစ်ပါလိမ့်မယ်။ အသွင်အပြင်အရသာ ပြောင်းလဲပါလိမ့်မယ်။ အနှစ်သာရ မပြောင်းလဲနိုင်ပါ။ အနှစ်သာရ အပြောင်းအလဲကို အာမခံချက်ရှိရှိဖြစ်ဖို့ဆိုရင် လူမှုပြုပြင် ပြောင်းလဲရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုဟာ မရှိမဖြစ် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မင်းသေ့
ညနေ ၆ း ၃၂
၁၁ ၊ မေ ၊ ၂၀၂၀ ။

Previous post ◾ သာသနာ့ဝန်ဆောင်
Next post နိုင်ငံတည်ဆောက်ရေး