မြန်မာပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတယ်။ မြန်မာပြည်ဟာ အသွေးအရောင်စုံလို့၊ အပေါက်အစပ်များနိုင်ပါတယ်။ နိုင်ငံရေးကိစ္စဆိုတာ အများကိစ္စဖြစ်တယ်။ အများနဲ့လုပ်ရတဲ့ကိစ္စဖြစ်လို့၊ အလုပ် မတွင်တာတွေ၊ အလုပ်မဖြစ်တာတွေ၊ ရုပ်ပြသဘောဖြစ်သွားတာတွေ ဖြစ်လေ့ရှိတယ်။ အထင်တွေ၊ အမြင်တွေ၊ အယူအဆတွေက အရမ်းကာရောပြောတာတွေ၊ ရမ်းတုပ် မှန်းတုပ်တာတွေ၊ နားစွန်နားဖျားကြားတာတွေ၊ ကောလဟလတွေအပေါ် အခြေပြုတာတွေ များလာရင် ဒီမိုကရေစီသွားရာလမ်းဟာ မဖြောင့်ဘူး။ မဖြူးဘူး။ ကွေ့နေမယ်။ ဝေ့နေမယ်။ နောက်ပြန်ဝိုက်သွားနိုင်တယ်။


အချက်အလက်ပေါ် အခြေခံ


ဒါ့ကြောင့် သုတေသနအပေါ်အခြေပြုတဲ့ လေ့လာဆန်းစစ်ချက်တွေ ဖြစ်ဖို့လိုတယ်။ အချက်အလက်နဲ့ တွေ့ရှိ ချက်တွေအပေါ်မှာ အခြေခံတဲ့ ယူဆချက်၊ အမြင်တွေ ဖြစ်ဖို့ လိုတယ်။ ဒီ့အတွက် သုတေသန လုပ်ငန်းဖြစ်ထွန်း ရမယ်။ ထွန်းကားရမယ်။ တက္ကသိုလ်ကျောင်းတွေကလည်း သုတေသနစိတ်ဓာတ်၊ သုတေသနဓာတ်ခံကို မြှင့် တင်ပေးနိုင်တဲ့ အသိုင်းအဝန်းဖြစ်ဖို့ လိုတယ်။ မြန်မာပြည်ရဲ့ အဆင့်မြင့်ပညာရေးဟာ သုတေသနနဲ့ ဝေးနေရာ ကြာပြီ။ သုတေသန၊ သုတေသန လို့ ပြောကြပေမယ့် တကယ့် သုတေသန မဟုတ်ဘူး။ စုပေါင်းစပ်ပေါင်း ဇာတ်ပေါင်းထုတ်ထားတဲ့ ဟင်းပေါင်းအိုးလိုဖြစ်နေတယ်။ အချက်အလက်တွေကို စဉ်ပေးထားတဲ့ အဆင့်မှာတင် ရှိနေတယ်။ ဖြစ်ရပ်တွေကို ဟိုတစ်ကွက် ၊ ဒီတစ်ကွက် စပ်ပေးထားတဲ့ စပ်ထဘီလိုဖြစ်နေတယ်။ တကယ့်သုတေသနဆိုတဲ့ အနှစ်သာရကို တက္ကသိုလ်ကျောင်းသားအဆင့်မှာတင် သိမှတ်လက်ခံလာအောင် ကြိုးစားသင့်တယ်။


ကျနော်တို့ နိုင်ငံက ထင်ရာလုပ်ကြတာများတယ်။ ကောင်းနိုးရာရာ ထင်တာကို လုပ်ကြတယ်။ ဒီလိုလူမျိုးတွေ၊ ဒီလိုစရိုက်တွေ ရှိတဲ့ လူဟာ တစ်ချိန်ကျ ခေါင်းဆောင်နေရာ၊ ဦးဆောင်သူနေရာ ရောက်သွားကြတဲ့အခါ နိုင်ငံ ဟာ စေတနာအမှားတွေများလာသလိုဖြစ်လာတယ်။ တစ်ဖက်က ခံရတဲ့သူကပဲ စေတနာအမှားမို့ ခွင့်လွှတ်နား လည် မပေးရင် မရတော့သလို အခြေအနေမျိုးမှာကို ရောက်လာတယ်။ လူ့အဖွဲ့အစည်းဟာ စေတနာအမှား တွေ၊ ယုတ္တိအမှားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်လား။

လွတ်လပ်ခွင့်ကိစ္စ


လွတ်လပ်စွာ ပြောဆိုခွင့်ရှိလာလို့၊ လွတ်လွတ်လပ်လပ် ပြောကြတာ ကောင်းပါတယ်။ ဒါဟာ လွတ်လပ်မှုကို သုံးနေတဲ့ကိစ္စဖြစ်လို့ အားပေးရမယ့်ကိစ္စပဲ။ ဒီမိုကရေစီရဲ့နှုန်းစံကိုက လွတ်လပ်ခွင့်နဲ့ တွဲနေတာ။ လွတ်လပ် တယ်ဆိုတာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တွဲနေတာဖြစ်နေပြန်တယ်။ ဒါပေမယ့် လူတော်တော်များများက ဒီမိုကရေစီကိစ္စကို ပြောတယ်။ လွတ်လပ်ခွင့်ကိစ္စကို ပြောတယ်။ လွတ်လပ်ခွင့်နောက်မှာ တာဝန်ယူမှု၊ တာဝန်ခံ မှု အကြောင်းကိုထည့်မပြောကြဘူး။ တာဝန်ယူမှု တာဝန်ခံမှုနဲ့ တွဲမနေတဲ့ လွတ်လပ်ခွင့်ဟာ ဒီမိုကရေစီလမ်းကို အထောက်အကူ မပြုနိုင်ဘူး။


ဂဃနဏ သိအောင်လုပ်


ကိစ္စ၊ အကြောင်းခြင်းရာတစ်ခုခုကို ပြောကြရင် အရင်ဦးဆုံး ဂဃနဏ သိအောင် အရင်လုပ်ရမယ်။ နားစွန်နား ဖျားကြားပြီး၊ ရမ်းတုတ်နေလို့တော့ ကောင်းနိုင်မယ် မထင်ဘူး။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးနဲ့ ရေချိန်ကို ဒီလိုနေ့စဉ် ပြောဆို၊ နေထိုင်မှုတွေကပဲ စပြီး မြှင့်ကြမှ ကောင်းလိမ့်မယ်။ ဒါဟာ တကယ်လုပ်ရင် မခက်ဘူး။ လက်တွေ့ကျတယ်။ ဒါပေမယ့် တော်တော်များများက ဖာသိဖာသာပဲ။


နိုင်ငံ့ခေါင်းဆောင်တွေကလည်း ယေဘုယျလောက်ပြောပြီး နိုင်ငံကို အုပ်ချုပ်နေကြတယ်။ လူတော်တော်များ များကလည်း ထင်ရာ မြင်ရာ စွတ်ပြောတယ်။ မျက်စိနဲ့ နားမှာ ဇကာ မတပ်ထားဘူး။ မစိစစ်ဘူး။ မဆန်းစစ်ဘူး။ မြန်မာတွေဟာ အယုံလည်း လွယ်တယ်။ တခြားမှာလည်း တစ်ဖက်ပိတ်ဖြစ်နေပြန်ရော။ မြန်မာတွေ ဟာ အစွန်းနှစ်ပါးမှာ နေထိုင်တဲ့ လူမျိုးတွေ ဖြစ်နေတာ တွေ့ရတယ်။

မြန်မာတွေဟာ အယုံလည်း လွယ်တယ်။ တခြားမှာလည်း တစ်ဖက်ပိတ်ဖြစ်နေပြန်ရော။ မြန်မာတွေ ဟာ အစွန်းနှစ်ပါးမှာ နေထိုင်တဲ့ လူမျိုးတွေ ဖြစ်နေတာ တွေ့ရတယ်။


@@@


လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး အရည်အသွေးမြင့်လာဖို့ ဆိုရင် ၊ တစ်ဦးချင်းရဲ့ နေထိုင်ပြုမူ ပြောဆိုလုပ်ကိုင်ပုံ တွေကို မြှင့်နိုင်မှ ကောင်းမယ်။ တစ်ဦးချင်းက စရမယ်။ တစ်ဦးချင်းက စ,လုပ်ရမယ်။ နှမ်းတစ်လုံးတည်းနဲ့ ဆီ မဖြစ်ဘူး ဆိုတာ ငပျင်းတွေရဲ့ ဆင်ခြေသာ ဖြစ်တယ်။ ဒီလိုလူမျိုးတွေနဲ့တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ထူးပြီး ကောင်းလာနိုင်စရာ မရှိဘူး။ ဒီလိုလူမျိုးတွေရှိနေတဲ့ ပတ်ဝန်းကျင်၊ ဒီလိုလူတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကို ထူးပြီး မျှော်လင့်စရာလည်း မရှိဘူး။


ဘုန်းကြီးတွေလည်း ဟောရင်းသာ ပျံလွန်တော်မူမယ်…. ဒီလိုလူ့အဖွဲ့အစည်းဟာ ထူးပြီး ကောင်းလာနိုင်စရာ မရှိဘူး။ ပြောတဲ့သူကလည်း လေသာကုန်ပြီး၊ အာပေါက်သွားမယ် ထူးပြီးဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒါပေမယ့် လူသာ လူ့အသိုင်းအဝိုင်းထဲမှာနေထိုင်တဲ့သတ္တဝါဖြစ်လေတော့၊ ဒီအတိုင်းထိုင်မနေချင်မှတော့ တစ်ခုခုကို ပြောနေရေးနေရတာပဲလို့ ယူဆပါတယ်။


မင်းသေ့
နေ့လယ် ၁၁ း ၀၃
၂၂ ၊ ဇူလိုင် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post နိုင်ငံရေးသမားလို့ ခံယူသူများအတွက်၊ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးလိုက်ခြင်း….
Next post လက်သီးမျိုးဆက်မှ လက်ချောင်းမျိုးဆက်သို့