ကြီးပွားရာကြီးပွားကြောင်း နိဿရည်းတွေကို
တက်ကျမ်းတွေကလည်း မြောက်မြားစွာရေးတယ်။
ကိုးကွယ်ရာ ဘာသာတရားတွေထဲမှာလည်း ညွှန်ပြလမ်းညွှန်ကြတယ်။
ဗုဒ္ဓ အဟောထဲက တချို့ကို ကျနော် သဘောကျတယ်။

ကျနော် နားလည်လက်ခံထားတဲ့ အချက် (၂) ချက်ကို ပြောချင်ပါတယ်။
• သင့်တင့်လျောက်ပတ်တဲ့အရပ်ဒေသမှာ နေထိုင်ခြင်းနဲ့
• အမှုကိစ္စနည်းပါးခြင်းကိစ္စဖြစ်ပါတယ်။

နားမရှုပ်စေချင်လို့၊ ပါဠိအသုံးကို မသုံးပါ။

ဒီယူဆချက် နှစ်ချက်ကို ကျနော် ကောင်းကောင်းလက်ခံတယ်။ အမြဲတမ်းလိုလို ကျင့်သုံးဖြစ်ဖို့ ကြိုးစား အားထုတ်တယ်။ ပထမတစ်ချက်ကို အရင်ပြောချင်ပါတယ်။ သင့်တင့်လျောက်ပတ်တဲ့အရပ်ဒေသမှာ နေထိုင်ခြင်း။ မြန်မာစကားပုံမှာတော့၊ သေချင်တဲ့ကျားတောပြောင်း….၊ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ ဆိုရိုးတွေ ရှိနေပါတယ်။ ဒီနေရာမှာ၊ ပြောချင်တာကတော့ ကိုယ်ဟာ ကိုယ့်ဘဝရည်မှန်းချက်နဲ့ ပတ်သက်ပြီး ကိုယ့်ရည်မှန်းချက်ကို အထောက်အကူပြုနိုင်မယ့် နေရာဒေသကို ရွေးချယ်ပြီးနေထိုင်ဖို့လို ပါတယ်။

စာရေးဆရာ မြင့်သန်းရဲ့ အမှာစာတစ်ခုမှာ၊ သူ့အယူအဆကို ဖတ်ရတယ်။ မြင့်သန်းယူဆချက်က၊ လူတစ်ယောက်ကြီးပွားဖို့ဆိုရင် သူကိုယ်တိုင်ကြိုးစားအားထုတ်မှုတစ်ခုတည်းနဲ့ မရဘူး။ ကာလ၊ ဒေသ၊ ပယောဂနဲ့ ကိုက်ညီဖို့လည်း လိုသေးတယ်…. လို့ ဆိုပါတယ်။ ကျနော် ယခင်က ဒီအယူအဆကိုလက် မခံပါဘူး။ သို့ပေမယ့် အခု လက်ခံပါတယ်။ ယခင်က ကျနော်ကိုယ်တိုင်က လူတစ်ယောက်အောင်မြင် ပေါက်မြောက်ဖို့အတွက် သူ့ရဲ့ကြိုးစားအားထုတ်မှုက အခရာကျတယ်လို့ ယူဆခဲ့တယ်။ ဒီ့နောက်ပိုင်း၊ ကျနော် တွေ့ရှိချက်တစ်ခုက ကြိုးစားအားထုတ်တိုင်းလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင်သာ သင့်တင့် လျောက်ပတ်တဲ့ ဝန်းကျင် မဖြစ်ရင်၊ အဲသည့်လူ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဘူး။ မပေါက်မြောက်နိုင်ဘူး။ ဒါ့ကြောင့် ဉာဏ်နဲ့ ဝီရိယကို တွဲလို့ ပြောတာဖြစ်လိမ့်မယ်။

အကြောင်းကတော့ ကြိုးစားတယ်ဆိုတာ ဝီရိယစိုက်တာ။ လုံ့လစိုက်တာ။ ဝီရိယမှာ ဉာဏ်ပေါင်းထည့်ရ မယ်။ ဆင်ခြင်တုံတရား ပေါင်းထည့်ရမယ်။ အသားကုန်ကြိုးစားနေပြီး တကုပ်ကုပ် တလှုပ်လှုပ်လုပ် ကိုင်နေတာဟာ ကြီးပွားခြင်း အကြောင်းပါ။ သို့ပေမယ့် သူ့ချည်းသက်သက် မရဘူး။ နေရာလိုတယ်။ ဒေသလိုတယ်။ နေရာ၊ ဒေသ၊ ကာလ အားဖြင့် ကိုက်ညီဖို့ လိုတယ်။ တချို့က ကြိုးစားတဲ့ပုံစံကို မပြောင်းဘူး။ တစ်နေရာတည်းမှာပဲ တစ်သက်လုံး ကျောက်ချနေလိုက်ကြတယ်။

ကျနော့်သဘောကတော့၊ လက်ရှိနေရာမှာ ကြိုးစားကြည့်ပါ။ သာမန်ထက် လွန်ပြီး ကြိုးစားကြည့်ပါ။ အချိန်အတိုင်းအတာ တစ်ခုထိ ကြိုးစားကြည့်ပါ။ ကြိုးစားရင်းနဲ့ အကဲခတ်ပါ။ လေ့လာပါ။ ကိုယ့်ကိုယ် ကိုလည်း လေ့လာသုံးသပ်သလို၊ ဝန်းကျင်ကိုလည်း လေ့လာပါ။ သုံးသပ်ပါ။ ကိုယ့်နဘေးက လူတွေက ဘယ်လို လူမျိုးတွေလဲ။ ကိုယ်နေထိုင်ရာ အရပ်ဒေသဌာနဟာ ကိုယ်လုပ်နေတဲ့အလုပ်အတွက် ကြီးပွား ရာ ကြီးပွားကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ဖို့ အထောက်အပံ့ကောင်းဖြစ်ရဲ့လား။ ရေခံမြေခံကောင်းဖြစ်ရဲ့လား။ ဒါကို ရွေးရပါလိမ့်မယ်။ ဒါကို ကြည့်ရပါလိမ့်မယ်။

အကြောင်းကတော့၊ ဝန်းကျင်ရဲ့သက်ရောက်မှုဟာ တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေတဲ့လူ အတွက် အရေးကြီးပါတယ်။ ဘယ်နေရာမှ ဖင်မမြဲဘဲ ဟိုရွှေ့ ဒီရွှေ့၊ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုတို့တိတို့တိ ဒီတို့တိ တို့တိ လုပ်ဖို့ ပြောတာ မဟုတ်ပါဘူး။ တစ်ခုခုကို စွဲစွဲမြဲမြဲ ကြိုးစားနေပါလျက်နဲ့ ရေရောရာရာ ပေါက်မြောက်အောင်မြင်မှု မရှိသေးတဲ့လူတွေအတွက် လက်တို့လိုက်ရခြင်းဖြစ်ပါတယ်။

သင့်တင်လျောက်ပတ်တဲ့နေရာဒေသဌာနမှာ နေရမယ်ဆိုတာ စာဆန်နေပါလိမ့်မယ်။ ရိုးရိုးပြောရရင်၊ ခင်ဗျား ဘာလိုချင်သလဲ။ ပညာလိုချင်သလား။ ပညာရနိုင်မယ့်နေရာကိုသွား။ ပညာရနိုင်မယ့်ဝန်းကျင် မှာနေ။ ပညာပေးနိုင်မယ့်လူတွေကို ရှာ။ သူတို့နဲ့ပေါင်း။ သူတို့နဲ့ တွဲပြီး အလုပ်။ အခု ခင်ဗျား နေနေတဲ့ နေရာထက် ပိုပြီး ပညာရနိုင်တဲ့ နေရာကို ရှာ။ ခင်ဗျားဟာ ကန်မှသည် ချောင်းသို့။ ချောင်းမှသည် မြစ်သို့။ မြစ်မှသည် ပင်လယ် သို့။ ပင်လယ်မှသည် သမုဒ္ဒရာသို့ အဆင့်ဆင့် တိုးတက်ကျယ်ပြန့် ကူးခတ်ဖို့ လိုတယ်။ ချောင်းလေးထဲ မှာ၊ ကန်လေးထဲမှာပဲ တစ်သက်လုံး ကျောက်ချရှင်သန်ဖို့ မဟုတ်ဘူး။

ကွန်ဖြူးရှပ်က အဆိုအမိန့်တစ်ခု ဟောဖူးတယ်။ “လူတစ်ယောက်ဟာ စိတ်ထားကောင်းမြတ်တဲ့သူ တွေရှိတဲ့နေရာမှာ ရွေးချယ်ပြီး မနေဘူးဆိုရင် အဲဒီလူကို ဘယ်လိုလုပ်ပြီး ပညာရှိများစာရင်းမှာ သွင်းနိုင်မှာလဲ…” တဲ့။

ခင်ဗျားက ဥစ္စာလိုချင်တယ်၊ စီးပွားရှာချင်တယ်၊ ငွေလိုချင်တယ်၊ ရာထူးလိုချင်တယ်၊ အာဏာလိုချင် တယ်။ ကြိုက်တာ လိုချင်လို့ရတယ်။ ဒါပေမယ့် ရနိုင်မယ့်နေရာကိုသွား။ ရှိနိုင်မယ့်နေရာမှာနေ။ ငွေလိုချင်တယ်၊ စီးပွားရှာချင်တယ်၊ ဥစ္စာဓနပိုင်ဆိုင်ချင်တယ်ဆိုရင် စီးပွားရေးလုပ်လို့ရမယ့်နေရာ၊ ကုန်သွယ်ကူးလူး ရောင်းဝယ်ဖောက်ကားလို့ရမယ့် နေရာဌာနမှာနေ။ အာဏာလိုချင်ရင် အာဏာရှိနိုင် ရာ အဝန်းအဝိုင်းကို သွား။ အဲသည်ကို ရောက်ရင်လည်း အခွင့်အရေးရှာပြီး ရေသာခိုနေလို့မရဘူး။ ကျွဲလိုနွားလို့ ကြိုးစားရုန်းကန်သင့်ရင် ရုန်းကန်ကြိုးစားရမယ်။ ဒီအတိုင်း ထိုင်ပြီးစောင့်နေလို့မရဘူး။ အရိပ်လာ နေပူကစောင့်ရမယ်လို့ ပြောတယ်။ စောင့်မနေနဲ့။ သွားလိုက်စမ်းပါ မြန်မြန်။ အရိပ်ရှိနေတာ အဲသည့်နေရာမှာ မဟုတ်ဘူးလား။

ထိုနည်းလည်းကောင်းပဲ။ ခင်ဗျားဟာ တရားဓမ္မအားထုတ်ချင်သလား။ အရိယာဉာဏ်အလင်းကို လိုချင် သလား။ တရားပြနိုင်မယ့်နေရာ၊ လမ်းညွှန်ပြသပေးမယ့် ဆရာကောင်း၊ အားထုတ်နိုင်မယ့် နေရာကောင်းကို ရှာဖွေရမယ်။ အဲသည်လိုနေရာကို ရောက်အောင် သွားရလိမ့်မယ်။ အဲသည်လိုမှ မဟုတ်ရင် ဘာမှ ရမှာ မဟုတ်ဘူး။


ခင်ဗျား ဘာလိုချင်သလဲဆိုတာ သေသေချာချာသိဖို့ အရေးကြီးတယ်။ ခင်ဗျား ဘယ်နေရာမှာ ဘယ်လို ကြိုးစားနေတယ်ဆိုတာ အရေးကြီးတယ်။ ခင်ဗျား ဘယ်လိုနေရာဌာနကို ရောက်နေတယ်ဆိုတာ သိဖို့ အရေးကြီးတယ်။ ခင်ဗျားရောက်နေတဲ့ နေရာ၊ ဌာနရဲ့ သဘောထားနဲ့ အခြေအနေကို အကဲခတ်ဖို့ လို တယ်။ မျက်စိပိတ်နားပိတ်နဲ့ မျက်ကန်း ကြိုးစားအားထုတ်မှုမျိုး လုပ်နေဖို့ မလိုဘူး။

ဆင်သေတွေ့ရင် မျောပြီး လိုက်ပါလို့ရပါတယ်။ ဒါပေမယ့် ပင်လယ်ဝရောက်ရင်တော့ ထပျံ။ အဲသည် လိုမှ မဟုတ်ရင်တော့ ကျီးမိုက်အဖြစ်လို ဇာတ်သိမ်းရမှာပဲ။ ကိုယ့်အကန့်အသတ်ကို ကိုယ်သိရမယ်။ ကိုယ့် ကဏ္ဍကို ကိုယ်နားလည်ရမယ်။ ကိုယ့်အတိုင်းအတာကို ကိုယ်နားလည်ရမယ်။ ဘယ်အချိန်မှာ ပြောင်းရမယ်၊ ဘယ်အချိန်မှာ ထပျံသင့်တယ်ဆိုတာကို သုံးသပ်နိုင်တာက ပညာ။

တစ်ခုခုကို လုပ်နေပြီး စရိတ်ထောင်းမှန်းသိပါလျက်နဲ့ ကိုယ့်ကိုယ်ကို ဆင်ခြင်မှု မပြုဘဲ ဆက်မိုက်မနေ သင့်ဘူး။

• ကိုယ့်နေရာကွက်ကွက်လေးမှာပဲ မနေပါနဲ့။
• ကိုယ့်နေရာ ကျဉ်းကျဉ်းလေးမှာပဲ မနေပါနဲ့။
• ဥခွံထဲက ထွက်လိုက်စမ်းပါ။
• ဝါးလုံးခေါင်းထဲက ထွက်လိုက်စမ်းပါ။
• နွားခြေရာခွက်ထဲက ခုန်ထွက်လိုက်စမ်းပါ။
• ဇီးရွက်လောက် ဝန်းကျင်လေးမှာ ပျော်မနေနဲ့။
• ခရီးထွက်ပါ။
• ဖြစ်နိုင်ရင် နိုင်ငံတစ်ခုလုံး ပတ်ပါ။
• လူမျိုးစုံနဲ့ပေါင်းပါ။
• လူ့အကြောင်းလေ့လာပါ။
• လူ့မနော၊ လူ့စရိုက်တွေကို စူးစမ်းပါ။
• ကိုယ်ဘာလိုချင်သလဲဆိုတာ ဂဃနဏသိအောင် လုပ်ပါ။
• ရှင်းရှင်းလင်းလင်းသိနေပါစေ။
• အောင်မြင်ပေါက်မြောက်ဖို့ဆိုရင် ကိုယ်တိုင် ကြိုးစားအားထုတ်ရုန်းကန်ခြင်းလည်း မရှိမဖြစ် လိုအပ်တယ်။ သင့်တင်လျောက်ပတ်တဲ့နေရာ၊ ဒေသ၊ ဌာန မှာ ရွေးချယ်နေထိုင်ဖို့လည်း လိုအပ်တယ်။

နောက်ကျန်တဲ့တစ်ချက်ကို ထပ်ရေးပါအုံးမယ်။

မင်းသေ့
နံနက် ၁၀ း ၃၉
၁၃ ၊ မေ ၊ ၂၀၂၀ ။
ရန်ကုန်မြို့၊ ဘားလမ်းတိုက်ခန်း။

Previous post ◾ စာပေစံ
Next post ◾ စာစုံဖတ်