ကိုယ်ရည်ကိုယ်သွေး ချို့တဲ့ခြင်း

လက်ရှိမြန်မာပြည်မှာ ပြဿနာတွေ တော်တော်များများရှိပါတယ်။ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးပြဿနာ၊ ပြည်တွင်းစစ်ပြဿနာ၊ စားဝတ်နေရေး ကျပ်တည်းခြင်း ပြဿနာဆိုတာတွေကို ပြောနေကြတာများလို့ မပြော တော့ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ ၊ သိသလိုလိုဖြစ်ပြီး ဖာသိဖာသာထားထားတဲ့ ပြဿနာကို ပြောချင်တယ်။ အဲဒါကတော့ ကိုယ်ရည်ကိုယ်သွေး ပြဿနာဖြစ်ပါတယ်။ လူတစ်ဦးချင်းကိစ္စဖြစ်သလို လူ့အဖွဲ့အစည်းကိစ္စ လည်းဖြစ်တယ်။

လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေတာဖြစ်ပါတယ်။ တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေးလို့ ပြောတဲ့ နေရာမှာ လူတစ်ယောက်ရဲ့အကုန်လုံးကို ပြောတာဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးဆိုတာ တစ်ဦးချင်း အတွေးအခေါ်၊ တစ်ဦးချင်းရဲ့အမြင်အယူအဆ၊ တစ်ဦးခြင်းရဲ့စရိုက်၊ တစ်ဦးချင်းရဲ့ အပြုအမူ အပြောအဆို၊ တစ်ဦးချင်းရဲ့အနေအထိုင် နဲ့ တုံ့ပြန်ချက်၊ တစ်ဦးချင်းရဲ့အမူအကျင့် စတာတွေ အားလုံးပါပါတယ်။ လူတစ်ယောက်ဝတ်ပုံစားပုံကအစ နေပုံထိုင်ပုံအလယ် လုပ်ပုံကိုင်ပုံအဆုံး ကိုယ်ရည်ကိုယ်သွေးဆိုတဲ့အထဲမှာ ပါဝင်နေပါတယ်။

ပတ်ဝန်းကျင်ကို ကောင်းကောင်းလုပ်မယ်လို့ ပြောနေတဲ့သူတွေ။ ကိုယ့်ဒေသ ကိုယ့်လူမျိုး ကိုယ့်အဖွဲ့အစည်း ကိုယ့်တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်လို့ ပြောနေတဲ့သူတွေ။ ကိုယ်ဟာ လူ့အဖွဲ့အစည်းကို ဦးဆောင် နေပါတယ်လို့ ပြောနေတဲ့လူတွေ။ ကိုယ်ဟာ ကိုယ့်ဝန်းကျင်မှာ ဦးစီးဦးဆောင် လုပ်နေပါတယ်လို့ ပြောနေတဲ့ လူတွေ ကိုယ်တိုင်မှာတောင် ကိုယ်ရည်ကိုယ်သွေးချို့တဲ့နေတာ တွေ့နေရတယ်။ မြောက်မြားစွာ တွေ့နေရပါ တယ်။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူတစ်ဦးချင်းစီမှာ ကိုယ်ရည်ကိုယ်သွေးချို့တဲ့နေတဲ့ကိစ္စဟာ အတော် ရှက်စရာ ကောင်းတယ်။ အင်မတန်လည်း စိုးရိမ်စရာဖြစ်တယ်။ အကြောင်းကတော့ လူတစ်ဦးချင်းစီဟာ လူ့အဖွဲ့အစည်း ရဲ့ ယူနစ်ဖြစ်တယ်။ လူတစ်ဦးချင်းစီဟာ လူ့အဖွဲ့အစည်းရဲ့အနာဂတ်ကို ပြဌာန်းလို့ဖြစ်ပါတယ်။ တစ်ဦးချင်းစီ ရဲ့ အရည်အသွေးဟာ လူ့အဖွဲ့အစည်းရဲ့အရည်အသွေးကို ပြတဲ့ညွှန်းကိန်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ တွေကို ကြည့်လိုက်ရင် ၊ ပါးစပ်က ဘုရား ဘုရား လက်က ကားယားကားယား ဖြစ်နေတာ တွေ့ရပါတယ်။ အပြောနဲ့ အလုပ်ဟာ တစ်ထပ်တည်း မကျတာတွေ့ရပါတယ်။

လူတွေမှာ အမူအကျင့်ကိုယ်စီရှိကြတယ်။ တည်တည်တံ့တံ့ လုပ်ကိုင်ဆောင်ရွက်တဲ့အချိန်ရှိသလို၊ လူ့သဘာဝ အတိုင်း လွတ်လပ်ပျော်ရွှင်တဲ့အချိန်ဆိုတာလည်း ရှိတယ်။ ဒါပေမယ့် မြန်မာတွေရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းဆို တာဟာ သတိလက်လွှတ်ဖြစ်နေတယ်။ ဘရိတ်ပေါက်နေတယ်။ အကန့်အသတ်ကို ကျော်လွန်နေတယ်။ ဒါဟာ ဆိုးခြင်းလက္ခဏာဖြစ်ပါတယ်။
လူသားမှာ လူသားဗီဇ သဘာဝရှိတာဖြစ်လို့ ကောင်းခြင်းဆိုးခြင်းဟာ ဒွန်တွဲနေတယ်။ လူသားမှာလည်း အဖြူဘက်အခြမ်း ၊ အမည်းဘက်အခြမ်း ရှိတယ်။ သို့ပေမယ့် လူတစ်ဦးချင်းစီရဲ့အပြုအမူဟာ လူ့အဖွဲ့အစည်း ကို ညစ်ညမ်းစေရင် ဒါဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ပျက်ယွင်းတာဖြစ်ပါတယ်။ ကိုယ့်ကြောင့် တစ်ပါးသူ၊ သို့ မဟုတ် လူ့ပတ်ဝန်းကျင် ထိခိုက်ခြင်းဟာ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းသူရဲ့ လုပ်ရပ်ဖြစ်တယ်။ ကိုယ်ရည် ကိုယ်သွေး ညံ့ဖျင်းသူရဲ့ အပြုအမူဖြစ်တယ်။

ကိုယ့်ကြောင့် တပါးသူ ဒုက္ခမဖြစ်စေရဆိုတဲ့ ခံယူချက်

လူတစ်ယောက်ချင်းစီဟာ ကိုယ့်ကြောင့် တစ်ပါးသူ ဒုက္ခမဖြစ်စေရ။ ကိုယ့်ကြောင့် တစ်ပါးသူ အနှောက်အယှက် မဖြစ်စေရ…. ဆိုတဲ့စိတ်ကလေး ထားနိုင်ရင်ကို လူ့အဖွဲ့အစည်းရဲ့အရည်အသွေးဟာ အတော်ကြီး တက်လာ လိမ့်မယ်။ ဒါပေမယ့် မြန်မာတွေ တော်တော်များများဟာ ဖာသိဖာသာပဲ။ ကိုယ်ဖြစ်ချင်တာ ၊ ကိုယ်လုပ်ချင်တာ ပဲ ကိုယ်သိတယ်။ ကိုယ့်ကိုယ်ကိုပဲ ဗဟိုပြုစဉ်းစားတယ်။ အတ္တကို အနားသပ်မထားဘူး။ အတ္တကို ဒီအတိုင်း ပေါက်လွှတ်ပဲစား ပစ်ထားတယ်။ ဒါဟာ လူ့အမူအကျင့်ကောင်း ပျောက်ဆုံးခြင်းဖြစ်တယ်။ ကိုယ်ရည်ကိုယ် သွေး နိမ့်ပါးခြင်း အချက်တစ်ခုဖြစ်ပါတယ်။

နှစ်လိုဖွယ်ရာ အပြုအမူ ရှိထားခြင်း

ယဉ်ကျေးဖွယ်ရာဖြစ်တယ်။ နှစ်လိုဖွယ်ရာဖြစ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးမှာ အင်မတန် လိုအပ်တယ်။ ကျနော်တို့ဟာ ဗုဒ္ဓဘာသာအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ လူတွေဖြစ်တယ်လို့ “ဂျင်း” အထည့်ခံ ကြရတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ကျနော်တို့ နိုင်ငံသားတွေဟာ ယဉ်ကျေးဖွယ်ရာဖြစ်မနေကြဘူး။ နှစ်လိုဖွယ်ရာ ဖြစ်မနေကြဘူး။ အထူးသဖြင့် မြို့ပြမှာ နေထိုင်တဲ့ နိုင်ငံသားတွေက ပိုလို့ဆိုးရွားတယ်။ မြန်မာ ပြည်ရဲ့ အညာဒေသနဲ့ တောင်ပေါ်ဒေသတွေဟာ အင်မတန် ချစ်စရာကောင်းသလောက်၊ မြန်မာပြည်ရဲ့မြို့ကြီး ပြကြီးတွေဟာ နှစ်လိုဖွယ် မရှိဆုံးဖြစ်နေတယ်။ မြို့ကြီးပြကြီးလို နေရာမျိုးမှာ ပညာတတ်ပါတယ်၊ ငွေကြေး ချမ်းသာပါတယ်လို့ ဆိုတဲ့ လူ့အထက်တန်းလွှာလို့ ယူဆကြတဲ့ လူတွေကိုယ်တိုင်က နှစ်လိုဖွယ် မရှိဆုံး၊ ယဉ်ကျေးဖွယ်ရာ မရှိဆုံး လူတွေဖြစ်တာတွေ့ကြရတယ်။

အခြေခံသီလပျက်သုဉ်းခြင်း

ပိုပြီးဆိုးတာက အဖွဲ့အစည်းတစ်ခုခု၊ ပရဟိတလို့ ခေါ်တဲ့ အသင်းအဖွဲ့တွေမှာ ဦးဆောင်နေပါတယ်လို့ ဆိုသူတွေ ကိုယ်တိုင်က နှစ်လိုဖွယ်မဖြစ်တဲ့ အပြုအမူတွေ မြောက်မြားစွာ ရှိနေတာကို တွေ့ရတယ်။ ယုတ်စွအဆုံး… ပြည်သူကို ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမနေ ပါတယ်လို့ ဆိုတဲ့ ဘုန်းကြီးတွေ ကိုယ်တိုင်မှာ သီလကျိုးပေါက်တာ၊ ကိုယ်ကျင့်တရားပျက်ယွင်းတာ၊ အခြေခံ ဝိနည်းမှာကို အလွန်အကျွံ ချိုးဖောက်နေကြတာ တွေ့နေရပါတယ်။ အခြေခံသီလဆိုတာ အမြင့်စားသီလထက်စာရင် အပုံကြီးကွာဟပါ တယ်။ သို့သော်လည်း ဒီလိုအခြေခံတန်ဖိုးတွေမှာတောင် ပျက်ယွင်းနေကြတာများလို့ ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေကို ချစ်ဖို့တောင် တွန့်သွားတယ်။ တိုင်းပြည်ချစ်စိတ်ရှိဖို့ ဆိုရင် ကိုယ့်တိုင်းပြည် က ချစ်စရာကောင်းရမှာပေါ့။ အမျိုးချစ်စိတ်ဖြစ်ဖို့ ဆိုရင် ကိုယ့်လူမျိုးဟာ ချစ်စရာကောင်းရမှာပေါ့။ နှစ်လိုဖွယ် ရာကောင်းရမှာပေါ့။ တန်ဖိုးထားစရာကောင်းရမှာပေါ့။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားနဲ့ ကိုယ့် ဘာသာယဉ်ကျေးမှုမှာ တန်ဖိုးထားစရာ၊ ချစ်စရာ၊ နှစ်လိုဖွယ်ရာ မရှိဘဲနဲ့ ဘယ်လိုလုပ် မျိုးချစ်စိတ်ဖြစ်မလဲ။ တိုင်းပြည်ချစ်စိတ်ဖြစ်မလဲ။ နိုင်ငံချစ်စိတ်ဖြစ်ပါ့မလဲ။

ပြဿနာတွေဟာ ဖျာအောက်ထဲမှာ

လူ့အဖွဲ့အစည်းဟာ ဖွဲမီးလို တဖြည်းဖြည်းနဲ့ အတွင်းလှိုက်လို့ လောင်နေပါတယ်။ ပြဿနာတွေဟာ တဟုန်း ဟုန်း ထတောက်မှ ဘူးပေါ်သလို ပေါ်တော့တယ်။ ဒါပေမယ့် သာမန်အချိန်မှာ ပြဿနာတွေဟာ မရှိသလို၊ ပုန်းလျှိုးကွယ်လျှိုးနဲ့ ရှင်သန်မင်းမူနေကြတယ်။ လူ့အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ခေါင်းဆောင်တွေကလည်း ပြဿနာတွေကို ဖျာအောက်ထဲ ထိုးထည့်ထားကြတယ်။ ဒီအတိုင်းကြည့်လိုက်ရင်တော့ အမှိုက်တွေ သန့်ရှင်း နေသလို။ တကယ့်ဖြစ်ရပ်တွေနဲ့လည်း ကြုံရော မြန်မာ့စရိုက်တွေဟာ လူလုံးမလှ၊ ဝက်ဝက်ကွဲအရှက်ရကုန်ကြ ရတယ်။ အဲသည်လိုဖြစ်စဉ်တွေကို နေ့စဉ်လိုလို ကြားနေရပါတယ်။

လူမှုတော်လှန်ရေး

မြန်မာပြည်မှာ လိုအပ်နေတဲ့ ကိစ္စရပ်တွေ ရှိနေတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလည်း လိုတယ်။ ဒါက လူသားတန်ဖိုးတွေကို မြှင့်တင်ဖို့အတွက် လိုအပ်တာဖြစ်တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုလည်း လိုတယ်။ ဒါကတော့ နေ့စဉ် လူမှုစီးပွားဘဝမှာ စားဝတ်နေရေးချောင်လည်ရေးအတွက်ဖြစ်ပြီး လူချင်းတူတူ သူချင်းမျှမျှ နေနိုင်ဖို့ ဖြစ်တယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုလည်း လိုတယ်။ ဒါကတော့ ဆင်ခြင်တုံတရားစက်ဝန်းကို ချဲ့ထွင်ရေးနဲ့ ဂုဏ်သိက္ခာရှိရှိနေထိုင်ရပ်တည်နိုင်တဲ့ လူတန်းစားကြီးထွားဖို့ ဖြစ်တယ်။ လူမှုပြုပြင်ပြောင်းလဲရေး ဟာ အရေးတကြီးလိုအပ်နေတယ်။ ဒီနေရာမှာ လူမှုပြုပြင်ပြောင်းလဲရေး (Social Reform) လို့တောင် မပြော ချင်ပါဘူး။ လူမှုတော်လှန်ရေး (Social Revolution) လို့ ပြောချင်တယ်။ ပြုပြင်ပြောင်းလဲရေးလို့ ပြောရင် ကြာလွန်းလို့။ တော်လှန်ရေးလို့ ပြောမှ မြန်ဆန်မယ်လို့ ယူဆလို့ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်ရဲ့ လူမှုတော် လှန်ရေးနဲ့ လူမှုပြုပြင်ပြောင်းလဲရေးကို ဘယ်သူတွေ လုပ်ကြမှာလဲ။ ဘယ်သူတွေ လုပ်နိုင်ကြပါသလဲ။

တကယ့်ပညာတတ်တွေ လိုတယ်

ဒီတာဝန်ကို စပြီး ထမ်းရမယ့်သူတွေကတော့ တကယ့်လူထုပညာတတ် လူတန်းစား (Public Intellectual) တွေကပဲ စတင်ရမယ်လို့ ယုံကြည်ပါတယ်။ အခု စကားလုံးထဲမှာ တကယ့် ပညာတတ်ဆိုတာ ပါတယ်။ လူထု ပညာတတ်ဆိုတာ ပါတယ်။ ပညာတတ် လူတန်းစား ဆိုတဲ့ စကားလုံးလည်း ပါဝင်နေတယ်။

ဆိုလိုတာကတော့ လူမှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို တာဝန်ယူမယ့်သူတွေဟာ တကယ့်ပညာတတ် တွေဖြစ်ရမယ်။ ဒီလူတွေဟာ တတ်ယောင်ကားဖြစ်လို့ မရဘူး။ ပြီးတော့ လူထုအတွက် အကျိုးပြုနိုင်မယ့် ပညာတတ်တွေ ဖြစ်ရမယ်။ ကိုယ့်ဘာသာ ပညာတတ်နေပြီး အများကို အကျိုးမပြုရင် အသုံးမကျဘူး။ တန်ဖိုး မရှိဘူး။ ဒါ့ကြောင့် လူထုအတွက် အလုပ်လုပ်မယ့် ပညာတတ်တွေ လိုတယ်။ နောက်တစ်ခုကတော့ လူတန်းစား။ ဆိုလိုချင်တာကတော့ …. ပညာတတ်လို့ ပြောရင် တစ်ဦးတည်းနဲ့ မရဘူး။ တစ်ယောက်တည်း နဲ့ မရဘူး။ နယ်ပယ်အသီးသီး အဆင့်အတန်းအလွှာအသီးသီးမှာ ပညာတတ်တွေ ကိုယ်စီကိုယ်စီ ဖြစ်ထွန်းပေါ် ထွက်လာဖို့ လိုတယ်။

ဒီလိုလူတွေ လိုတယ်

လူ့အဖွဲ့အစည်းရဲ့ ကြမ္မာကို လူ့အဖွဲ့အစည်းကပဲ ပြဌာန်းစီရင်တာဖြစ်တယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းထဲက လူတန်းစားအလွှာ အသီးသီးမှာ တကယ့်လူထုပညာတတ်လူတန်းစားအလွှာ ဖြစ်ထွန်းပေါ်ပေါက်ဖို့လိုတယ်။ ဒီလိုလူတွေက အသိရှိရှိ၊ သတိရှိရှိ၊ တာဝန်သိသိနဲ့ မြန်မာပြည်ရဲ့ လူမှုတော်လှန်ရေးကို ဦးဆောင်ရမှာ ဖြစ်တယ်။ မြန်မာပြည်ရဲ့လူမှုပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရမှာဖြစ်တယ်။
ဒီလိုဦးဆောင်မယ့် လူတွေဟာ …

• ငယ်ရွယ်ရမယ်၊
• ပညာတတ်ရမယ်၊
• အမြော်အမြင်ရှိရမယ်၊
• သဘောထားကြီးရမယ်၊
• ကိုယ်ကျိုးအတ္တနည်းရမယ်၊
• အောင့်အီးရမယ်၊
• သည်းခံနိုင်စွမ်းမြင့်ရမယ်၊
• ဇွဲရှိရမယ်၊
• အလုပ်လုပ်ရမယ်၊
• အပင်ပန်းခံနိုင်ရမယ်၊
• အချိတ်အဆက်ကောင်းရမယ်၊
• ကျန်းမာရမယ်၊
• ခေတ်နဲ့ ရင်ဘောင်တန်းနိုင်ရမယ်၊
• စဉ်ဆက်မပြတ်လေ့လာမှု ရှိရမယ်၊
• ရိုးသားရမယ်၊
• သိုသိပ်ရမယ်၊
• ဟောင်ဖွာဟောင်ဖွာ မလုပ်ရဘူး၊
• အုတ်ရော ရော ကျောက်ရောရော မဖြစ်ရဘူး၊
• တိကျပြတ်သား ရှင်းလင်းတဲ့ ဦးတည်ချက်ရှိရမယ်၊
• ဗျာမများရဘူး၊
• ရောယိမ်း လိုက် ဘသားယိမ်းလိုက်နဲ့ မဖြစ်ရဘူး၊
• ကိုယ်ခံအားကောင်းရမယ်….

လိုအပ်ချက်တွေကတော့ များတယ်။ သို့ပေမယ့် ဒါက တကယ်လုပ်ရင် မခက်ဘူး။ ဖြစ်အောင် လုပ်လို့ရတယ်။

အထူးသဖြင့် နိုင်ငံရေးနယ်၊ စာပေနယ်၊ အနုပညာနယ်၊ လူမှုရေးနယ်၊ ဘာသာရေးနယ်၊ ပညာရေးနယ်တွေ ကနေ ဒီလို လူထုပညာတတ်လူတန်းစားတွေ အုံလိုက်ကျင်းလိုက် ပေါ်ထွက်ပြီး အလုပ်လုပ်နေကြဖို့ လိုတယ်။ အလုပ်လုပ်ရင်လည်း တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင်၊ ပိုထိရောက်အောင် လုပ်နေကြဖို့ လိုတယ်။ အဲသည်လိုမှ မဟုတ်ရင်တော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ နှစ် (၅၀) မခံဘူး။ ပျောက်မှာ အသေအချာပါပဲ။

မင်းသေ့
နံနက် ၁ း ၂၆
၂၄ ၊ ဇန်နဝါရီ ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post စာပေဝေဖန်ရေး ခေတ်ပြောင်း
Next post Interview with Academic Weekly Journal