ဒီဘက်ခေတ်မှာ စာပေဝေဖန်ရေးဆိုတာ ပုံပြောင်းလာတယ်။ တချို့ကလည်း ပြောကြတယ်။ စာပေဝေဖန်ရေး မရှိတော့ဘူးလို့။ ဒါပေမယ့် ကျနော့်ယူဆချက်ကတော့ စာပေဝေဖန်ရေး ပျက်သုဉ်းသွားတာ မဟုတ်ပါဘူး။ စာပေဝေဖန်ရေးပုံစံက ပြောင်းသွားတာပါ။
ယခင်တုန်းက စာပေဆိုတာ ပုံနှိပ်စာလုံးနဲ့ပဲ မြင်ရတာ။ အခုတော့ စခရင် (screen) ဆိုတဲ့ ဖန်သားပြင်ပေါ် ရောက်လာတယ်။ ဖန်သားပြင်ပေါ်မှာ စာပေ ရောက်လာတယ်။ စာပေဝေဖန်ရေးဟာလည်း ဖန်သားကွင်းပြင် မှာ ရောက်လာတော့တယ်။ အရင်တုန်းက စာပေဝေဖန်ရေးဆိုတာ စာရေးသူတစ်ယောက်ကို စာရေးသူ တစ်ယောက်က ဝေဖန်တာ။ အဲဒီမှာ နောက်တစ်ယောက်က ထပ်ဆင့်ဝေဖန်တာ ရှိကောင်းရှိမယ်။ အဲဒါကို ကာတွန်းတို့ ၊ ကဗျာတို့က ထပ်ပြီး သရော်ချင် သရော်မယ်။ နောက်ဆုံးမှာ ပညာရပ်ဆန်ဆန် ချည်းကပ်ချင်ရင် စာတမ်းလို ရေးပြီး စာတမ်းဖတ်ပွဲတွေမှာ ဝေဖန်မယ်။ သို့တည်းမဟုတ် မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းအဖြစ် ရေးတင်မယ်။ ဒီသဘောပါပဲ။

ဒီဘက်ခေတ်မှာတော့ အွန်လိုင်းဆိုတာ ခေတ်စားလာတယ်။ အိုင်ဒီပူပေါင်းပေါက်ကွဲလာတယ်။ ဖန်သားပြင် တွေ အမျိုးမျိုးပေါ်လာတယ်။ အဲဒီမှာ စာပေဝေဖန်ရေးပုံစံ စပြောင်းတော့တာပဲ။ ဒီနေရာမှာ စာပေဝေဖန်ရေး ပုံပြောင်းလာတယ်ဆိုတာ စာပေသမားတွေကြောင့် ပြောင်းတာ မဟုတ်ဘူး။ ခေတ်ကြောင့် ပြောင်းတာ။ နည်းပညာကြောင့်ပြောင်းတာ။

စာဖတ်သူတိုင်းဟာ ဝေဖန်ရေးသမားဖြစ်လာနိုင်ကြတယ်။ ယခင်ကတော့ စာရေးတဲ့သူသာ စာပေဝေဖန်ရေး ကို တရားဝင် လူရှေ့သူရှေ့မှာ လုပ်လာနိုင်တာ။ ဒီဘက်ခေတ်မှာကတော့ ဘယ်သူမှ တာဝန်ပေးထားခြင်း မရှိဘဲ စာဖတ်သူဟာ စာရေးသူကို တိုက်ရိုက်ဝေဖန်လို့ရတယ်။ စာပေဝေဖန်ရေးဟာ အများသဘောဖြစ်သွားပြီ။ တစ်ဦးတည်းသဘော မဆောင်တော့ဘူး။ ယခင်ကတော့ အိတ်ဖွင့်ပေးစာသဘော ဝေဖန်တာတွေလည်း ရှိ တယ်။ သို့ပေမယ့် ဒါက နှေးတယ်။ ဝေဖန်ချက်အပေါ်မှာ ထပ်ဆင့် အပွားဝေဖန်မှုတွေ မလာနိုင်ဘူး။ ပုံနှိပ်စက္ကူ ပေါ်မှာက အကန့်အသတ်ရှိတယ်။ နည်းပညာက အဲဒီ့အကန့်အသတ်ဘောင်ကို ဖျက်ပစ်လိုက်တယ်။ ဒီလိုနဲ့ စာပေဝေဖန်ရေး ပုံစံပြောင်းလာတယ်။

စာပေဝေဖန်ရေးပုံစံ ပြောင်းလာသလို၊ စာပေဝေဖန်ရေးနည်းနာလည်း ပြောင်းလဲတယ်။ အရင်တုန်းကတော့ စာပေသီအိုရီတွေ၊ စာပေဂိုဏ်းတွေရဲ့ နှုန်းစံတွေကို ကိုင်ပြီး ဝေဖန်တယ်။ ငြင်းခုန်တယ်။ ထိုနည်းလည်းကောင်း ရှေ့အဆက်ဆက်က စာပေအဘိဓမ္မာတွေကို ပေတံထားပြီး ငြင်းခုန်တယ်။ နိုင်ငံရေးအဘိဓမ္မာတွေနဲ့လည်း စာပေကို ကိုင်ပြီး ဝေဖန်သလို၊ ဒဿနထောင့်ကနေ ကြည့်ပြီး ဝေဖန်ချက်တွေလည်း ပေါ်ခဲ့ကြတယ်။ ခေတ်ပေါ် အစ်ဇင်တွေကို လိုက်ပြီး ဝေဖန်တာတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံနှိပ်စက္ကူပေါ်က စာပေဝေဖန်ရေး ဟာ အကန့်အသတ်နဲ့သာ ရှိခဲ့တယ်။

ပုံပြောင်းလာခြင်း

ရေးသူကလည်း အကန့်အသတ်ရှိတယ်။ ဖတ်သူကလည်း အကန့်အသတ်ဖြစ်နေတယ်။ ဝေဖန်သူကလည်း အကန့်အသတ်နဲ့သာ ဖော်ပြခွင့်ရတယ်။ နည်းပညာက ရေးသူရော၊ ဖတ်သူရော၊ ဝေဖန်ရေးသမားရော ကြုံနေ တဲ့ အကန့်အသတ်ဘောင်ကို ဖျက်ပစ်လိုက်တယ်။ ဒီနည်းနဲ့ စာပေဝေဖန်ရေးဟာ ပုံပြောင်းလာတယ်။

လူတိုင်းဟာ စာပေဝေဖန်ရေးသမားဖြစ်နိုင်တယ်။ စာဖတ်သူတိုင်းဟာ စာပေဝေဖန်ရေးလုပ်လို့ရတယ်။ စာရေး သူကလည်း သူ့အပေါ် ဝေဖန်မှုကို ချက်ချင်း တုံ့ပြန်နိုင်တယ်။ ချက်ချင်း သိနိုင်တယ်။ ဒီဘက်ခေတ်မှာ ပုဂ္ဂိုလ် ရေး မကြည်ညိုလို့ ဝေဖန်တာ ရှိသလို၊ စာပေရေးသားချက်အပေါ် မနှစ်သက်လို့ ဝေဖန်တာလည်းရှိတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ စာပေကို ဝေဖန်တာထက် ပုဂ္ဂိုလ်ကို ဝေဖန်တာများတယ်။
ရေးသူဟာ ကြိုက်တာ ရေးခွင့်ရတယ်။ ဖတ်သူကလည်း ကြိုက်တာ ဖတ်ခွင့်ရှိတယ်။ ဝေဖန်သူကလည်း ကြိုက် တာဝေဖန်လို့ ရတယ်။ အားလုံးမှာ ကိုယ့်ပလက်ဖောင်းနဲ့ ကိုယ်ဖြစ်လာပြီ။ တစ်ဦးချင်းစီမှာ ကိုယ့်ကွင်းနဲ့ကိုယ် ကန်ခွင့်ရလာပြီ။ ဒါပေမယ့် အရင်ကလို အချင်းချင်း စာပေအသိုင်းအဝိုင်းက ထိန်းကျောင်းတာ မဟုတ်တော့ ဘူး။ စာပေဂိုဏ်းသားအချင်းချင်း ထိန်းကျောင်းတာ မဟုတ်တော့ဘူး။ ကိုယ့်ဘာသာကို ထိန်းကျောင်းရတဲ့ ပုံစံ ရောက်လာတယ်။ ဒီနည်းနဲ့ စာပေဝေဖန်ရေးဟာ ပုံပြောင်းလာတယ်။
လူတိုင်းဟာ စာပေဝေဖန်ရေးကို လုပ်နိုင်တယ်။ ဖတ်တဲ့စာကို မကြိုက်ခွင့်ရှိသလို၊ လွတ်လပ်စွာ ဝေဖန်ခွင့် လည်း ရှိတယ်။ ယခင်ကတော့ စာပေဝေဖန်ရေးမှာ သဘောတရားအခြေခံပေမယ့် ဒီဘက်ခေတ်မှာတော့ ကိုယ့်အတ္တနောမတ္တိကို အခြေခံလာတယ်။ ဒါဟာလည်း ပုံပြောင်းလာခြင်း တစ်မျိုးဖြစ်တယ်။

ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ယခင်က စာပေဝေဖန်ရေးဟာ ကိုယ်တိုင် ကျကျနန ရေးသား တုံ့ပြန် ဝေဖန် စောကြောတာဖြစ်တော့ စာပေဝေဖန်ရေးသဘောကို ရောက်တယ်။ ဒီဘက်ခေတ်မှာတော့ လူတိုင်းလိုလို၊ စာဖတ်သူတိုင်းလိုလို စာပေဝေဖန်ရေး လုပ်နိုင်တယ် ဆိုပေမယ့် စာပေအရာကို မရောက်ဘဲ ဝေဖန်တာပဲ ရှိ လာတယ်။ စာပေအရာမြောက်မြောက် ဝေဖန် စောကြောတာ သိပ်မတွေ့ရတော့ဘူး။ ဒါကိုကြည့်ပြီး စာပေ ဝေဖန်ရေး ပျက်သုဉ်းသွားပြီလို့ ပြောကြတာလည်းဖြစ်လိမ့်မယ်။

ခြားနားချက်

စာအပေါ်မှာ ကြိုက် / မကြိုက်ကို ပြောတာနဲ့ ဝေဖန်တာကတော့ မတူဘူး။ ဒီဘက်ခေတ်မှာ ကြိုက် / မကြိုက် ကိုလည်း နားလည်ပြီး စာဖတ်နာတဲ့စာဖတ်သူဟာ စာရေးသူကို တိုက်ရိုက်ဝေဖန်တာတွေ လုပ်လာကြတယ်။ ဒါဟာ ဘာလဲဆိုရင် ပုံပြောင်းလာတဲ့စာပေ ဝေဖန်ရေးကို မြင်ရတာဖြစ်ပါတယ်။ ယခင်ကလို စာတမ်းတစ် စောင်၊ ဆောင်းပါးတစ်စောင်နဲ့ ဝေဖန်ချင်မှ ဝေဖန်တော့မယ်။ စာတိုတစ်ကြောင်း၊ စာပိုဒ်တစ်ခုနဲ့ ပစ်ပစ်နှစ်နှစ် ဝေဖန်တာဖြစ်လာတယ်။ ဒါကိုတော့ စာပေဝေဖန်ရေးလုပ်တယ်လို့ ခေါ်ချင်မှ ခေါ်လို့ရမယ်။ ဒါပေမယ့် ဝေဖန် စောကြောခြင်း အလေ့အထကို တွေ့ရလို့ စာရေးသူအတွက် ယူတတ်ရင် အဲသည်လို ဝေဖန်ရေးဟာ အများကြီး အကျိုးဖြစ်ထွန်းတယ်။

စာရေးသူရဲ့စာချည်းပဲ ဖတ်ပြီး အတွေးပွားရတာထက် စာဖတ်သူမှာလည်း တခြားသူပြောတဲ့ ဝေဖန်ချက်၊ ထောက်ပြချက်ကို ဖတ်ပြီး အတွေးများစရာ ရလာတယ်။ ဒါဟာ စာရေးသူအတွက်ရော ၊ စာဖတ်သူအတွက် ရော ၊ စာပေလောကအတွက်ရော ကောင်းတဲ့အချက်ဖြစ်တယ်။

ဆရာမြ ယူဆချက်

မြသန်းတင့်က စာပေလောကရဲ့ အခြေအနေအပေါ် သူ့အမြင်ကို ပြောခဲ့ဖူးတယ်။ ၁၉၇၄ ခုနှစ် တုန်းက ဖြစ်ပါ တယ်။ ရေးသူ ဖတ်သူနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပြုဖူးတယ်။
“စာကောင်းပေကောင်းကို ပြည်သူတွေ မဖတ်မှာ စိုးရိမ်စရာ မလိုပါဘူး။ စာဖတ်ပရိတ်သတ် အချို့ဟာ အခိုက်အတန့်မှာ မကောင်းတဲ့စာကို ဖတ်ကောင်းဖတ်နေကြမယ်ပေမယ့် ရေရှည်မှာ စာကောင်းကို ဖတ်သွားမှာ ပါ။ အခုဟာက ပြည်သူကို စာကောင်းပေကောင်း ဖတ်အောင် စာရေးဆရာက စည်းရုံးရမှာ မဟုတ်ဘူး။ စာရေးဆရာကို စာကောင်းပေကောင်း ရေးအောင် ပြည်သူက စည်းရုံးရမလို ဖြစ်နေတယ်…”

ဒါက ဆရာမြသန်းတင့်ရဲ့ မှတ်ချက်ဖြစ်ပါတယ်။

ဒီအထဲမှာ “ပြည်သူကို စာကောင်းပေကောင်းဖတ်အောင် စာရေးဆရာက စည်းရုံးရမှာ မဟုတ်ဘူး။ စာရေး ဆရာကို စာကောင်းပေကောင်းရေးအောင် ပြည်သူက စည်းရုံးရမလိုဖြစ်နေတယ်” ဆိုတဲ့ မှတ်ချက်ဟာ သိပ်မှန် တယ်။ အခုခေတ်အထိ မှန်နေတယ်။ ဒီဘက်ခေတ်မှာ နေ့စဉ်လိုလို စာအုပ်စာစောင်တွေ ထုတ်နေကြတယ်။ စာရေးတာကိုလည်း အဆင်တန်ဆာလို့ သတ်မှတ်ကြတဲ့လူတွေ တော်တော်များများ ရှိလာတယ်။ စာရေးရင် ငွေမရပေမယ့် ဂုဏ်ရှိတယ်လို့ ထင်နေတဲ့ လူတန်းစားလည်း ရှိလာတယ်။ ဒါ့ကြောင့် လက်ရှိမြန်မာပြည်မှာ ရေးတဲ့သူများပေမယ့် ဖတ်စရာရှားနေတယ်။ ဒါကတော့ လက်တွေ့ အခင်းအကျင်း။

စာဖတ်သူတွေဟာ စာရေးသူတွေကို စာကောင်းပေမွန်တွေ ရေးဖို့ စည်းရုံးရမှာဖြစ်တယ်။ ဒါကို လက်ခံတယ်။ ဒီဘက်ခေတ်မှာ သူ့အဝန်းအဝိုင်းနဲ့သူ၊ ကိုယ့်အဝန်းအဝိုင်းနဲ့ ကိုယ်ဖြစ်လာကြတယ်။ ဒါ့ကြောင့် ကိုယ့်နေရာနဲ့ ကိုယ်။ ကိုယ့်ပရိတ်သတ်နဲ့ကိုယ် ဖြစ်လာတယ်။ စာရေးဆရာတွေမှာ အရင်ကလို နယ်ပယ် တစ်ခုခုမှာ စာပေဧကရာဇ်လို လွှမ်းမိုးနိုင်တဲ့သူ ပျောက်လာတယ်။ ကိုယ့်နယ်နဲ့ကိုယ် အုပ်စိုးနေတဲ့ စာပေစစ်ဘုရင်တွေ အလျှိုလျှိုပေါ်ပေါက်နေသလိုဖြစ်နေတယ်။ ဒီဘက်ခေတ် စာရေးသူတွေကတော့ အကင်းပါးလာကြပြီ။ အချင်းချင်း အမုန်းပွားစေမယ့် အရာတွေ သိပ်မလုပ်ကြတော့ဘူး။ ပရိတ်သတ်ဟာ အခရာဆိုတာ နားလည် လာကြတယ်။ ဒါ့ကြောင့် ပရိတ်သတ်ပွားများရေးအတွက်ပဲ အာရုံစိုက်တော့တယ်။ အချင်းချင်း စာပေအဘိဇ္ဇာ ပွားတာကို မလုပ်ကြတော့ပါ။

ဒီဘက်ခေတ်

ဒီဘက်ခေတ် စာရေးသူတွေမှာ ရေးသမျှ ကောင်းတယ်ဆိုတာထက် ၊ တစ်အုပ်စ နှစ်အုပ်စ၊ တစ်ပုဒ်စ နှစ်ပုဒ် စ ကောင်းတာတွေမျိုးသာ ပေါ်လာတာ များတယ်။ အုပ်တိုင်းလိုလို အုံလိုက်ကျင်းလိုက် အရည်အသွေးမြင့်မြင့် တွေ ထွက်လာတာတော့ အတော်ရှားလာတယ်။ ကိုယ်ထင်ရာ ကိုယ် စုပေါင်းစပ်ပေါင်းရေးကြတာတွေလည်း များလာတယ်။ အားလုံးမှာ ကိုယ့်ပလက်ဖောင်းနဲ့ကိုယ်၊ ကိုယ့်ကွင်းနဲ့ကိုယ်၊ ကိုယ့်ပရိတ်သတ်နဲ့ ကိုယ်၊ ကိုယ့် လမ်းကြောင်းနဲ့ ကိုယ်…. ဆိုတော့ စာပေဟာ ငသိုင်းများပြီး ဟင်းဟုံနေသလိုလည်းဖြစ်တာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာတော့ ရေးသူ ဖတ်သူ အချိုးဟာ ယခင်ကလောက် အကွာအဟ မကြီးတော့ဘူး။ ရေးသူများလာသလို ဖတ်သူလည်း များလာပေမယ့် ရေးသူနဲ့ ဖတ်သူအကြား ကိန်းဂဏန်းအချိုးဟာ အပြတ် အသတ်ကြီး မကွာတော့ဘူး။ လူတိုင်းလိုလို ရေးလာကြလို့လည်းဖြစ်တယ်။ အဲဒီ့အထဲမှာ အုတ်ရောရော ကျောက်ရောရောနဲ့ မြုပ်ချည်ပေါ်ချည် စာရေးသူတွေလည်း တွေ့နေရတယ်။ တကယ်တော့ စာရေးဆရာ ဆိုတာ ငွေရှိလို့စာအုပ်ထုတ်ပြီး စာရေးဆရာ အမည်ခံတာထက် ၊ ပရိတ်သတ်က လိုလိုချင်ချင် သတ်မှတ်တဲ့ စာရေးဆရာတွေက ပိုလို့ ရှားပါတယ်။

တကယ်တော့ စာရေးဆရာဆိုတာကို ကိုယ့်ဘာသာကိုယ် သတ်မှတ်တာထက် ပရိတ်သတ်က သတ်မှတ်ပေး တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စာပေဝေဖန်ရေးဟာ ပုံပြောင်းလာပြီလို့ ပြောတာဖြစ်ပါ တယ်။ စာပေအချုပ်အခြာအာဏာဟာ စာပေဂိုဏ်းခေါင်းဆောင်ကြီးတွေဆီမှာ မရှိတော့ပါဘူး။ လူထုဆီမှာ ရှိလာ တယ်။ စာဖတ်သူ၊ စာဖတ်ပရိတ်သတ်ဟာ စာပေအချုပ်အခြာအာဏာကို ပိုင်စိုးတဲ့သူဖြစ်လာတယ်။
ဒါ့ကြောင့် စာရေးဆရာတွေဟာ ပရိတ်သတ်က ချီးမြှောက်ရွေးကောက်ရင် စာပေဧကရာဇ်ဖြစ်နိုင်ပြီး ပရိတ်သတ်က နန်းချရင်လည်း ချက်ချင်း လက်ငင်း လမ်းဘေးရောက်သွားနိုင်ကြောင်း…. ရေးသားတင်ပြ လိုက်ရပါတယ်။

မင်းသေ့
ည ၇ း ၂၆
၂၄ ၊ ဇန်နဝါရီ ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post လွတ်လပ်မှု အင်ပါယာ
Next post လူမှုတော်လှန်ရေး အရွေ့