လူ့ဘဝအခက်အခဲဆုံး အရာ (၂) ခုရှိတယ်။

အဲဒါကတော့၊ အမှီအခိုကင်းဖို့ နဲ့ လွတ်လပ်သူတစ်ယောက်ဖြစ်ဖို့ အခက်ဆုံးပါပဲ။
လူတိုင်းမှာ အခက်အခဲ ကိုယ်စီရှိကြတယ်။ အခက်အခဲတွေထဲကမှ၊ အခက်ခဲဆုံးလူ့ကိစ္စ တစ်ခုရှိတယ်။ အဲဒါကတော့ အမှီအခိုကင်းဖို့ အခက်ဆုံးဖြစ်ပါတယ်။ လူတိုင်းဟာ တစ်မျိုးမဟုတ် မှီခိုနေကြရတယ်။ လူတွေ ဟာ တနည်းမဟုတ် တနည်း မှီခိုနေကြရတယ်။

• စားဝတ်နေရေးအတွက် မှီခိုရတယ်။
• လုံခြုံရေးအတွက် မှီခိုရတယ်။
• ငွေရေးကြေးရေးအတွက် မှီခိုရတယ်။
• အလုပ်အကိုင်အတွက် မှီခိုရတယ်။
• ကျန်းမာရေးအတွက် မှီခိုရတယ်။
• ခံစားမှုလိုအပ်ချက်အရ မှီခိုရတယ်။
• စိတ်လိုအပ်ချက်အရ မှီခိုရတယ်။
• အသိဉာဏ်လိုအပ်ချက်အရ မှီခိုရတယ်။

အမျိုးမျိုးပါပဲ။ တမျိုးမဟုတ် တစ်မျိုး မှီခိုနေကြတယ်။

ရှင်သန်မှု

လူဟာ အသိုင်းအဝိုင်းနဲ့ နေတတ်တဲ့သတ္တဝါ၊ အုပ်စုဖွဲ့နေတတ်တဲ့သတ္တဝါဖြစ်တာမို့ အပြန်အလှန်အမှီသဟဲ ပြု နေထိုင်ကြတယ်လို့လည်း ပြောလို့ရတယ်။ ဒါဟာ လူသားရှင်သန်မှုကိစ္စ။ ဒါ့ကြောင့်လည်း အမှီအခိုကင်းကင်း နေနိုင်ဖို့ ဆိုတာ အတော်ခက်တယ်။ တတ်နိုင်သရွေ့ လူတွေဟာ ကိုယ့်အားကိုယ်ကိုးကြတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ၊ စားဝတ်နေရေးအရ၊ ငွေရေးကြေးရေးအရ၊ ကျန်းမာရေးအရ အမှီအခိုကင်းကြတတ်ကြ ပေမယ့် စိတ်ပိုင်းဆိုင်ရာအရ အမှီအခိုမကင်းတာတွေ့ရတယ်။

ခံစားချက်အားဖြင့် တစ်ခုခုအပေါ်မှာ မှီခိုနေတယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် တစ်စုံတစ်ယောက်အပေါ်မှာ မှီတွယ်နေတယ်။ မှီခိုတယ်ဆိုတာ မလွတ်လပ်တာပဲ။ မှီတွယ်တယ်ဆိုတာ မလွတ်မြောက်တာပဲ။ တစ်ဖက်က ကြည့်ရင် အချုပ်အနှောင်ခံရတာ။ ချည်တုပ်ခံထားရတာ။

အချုပ်အနှောင်ခံထားရတဲ့သူဟာ မလွတ်လပ်ဘူး။ မလွတ်မြောက်ဘူး။ ချည်တုပ်ခံထားရတဲ့သူဟာ မလွတ်လပ် ဘူး။ မလွတ်မြောက်ဘူး။ စိတ်ပိုင်းဆိုင်ရာအရ အချုပ်အနှောက်ခံထားရတဲ့သူဟာ မလွတ်လပ်တဲ့သူပဲ။ ခံစားမှု အရ ချည်တုပ်ခံထားရသူက မလွတ်လပ်တဲ့သူပဲ။

မလွတ်လပ်သူဆိုတာ ဘာလဲ။

အချုပ်အနှောင်ခံရရင်လည်း မလွတ်လပ်ဘူး။ ချုပ်နှောင်ထားချင်ရင်လည်း မလွတ်လပ်ဘူး။ ဒီစကားလုံးနှစ်ခုက မတူဘူး။ တစ်ခုက ပြုသူ။ တစ်ခုက အပြုခံရသူ။ တစ်ခုက subject ။ တစ်ခုက object ။

ဒီတော့ လွတ်လပ်မှုဆိုတာကို တစ်ဖက်တည်းတွေးလို့ မရနိုင်ဘူး။ ကိုယ်ကိုယ်တိုင်က အမှီအခိုပြုနေရင်လည်း မလွတ်လပ်ဘူး။ ကိုယ်ကိုယ်တိုင်က အမှီအခိုခံနေရတဲ့သူဖြစ်နေရင်လည်း မလွတ်လပ်ဘူး။ လူတစ်ယောက်မှာ ဒီနှစ်ခုစလုံးကနေ လွတ်မြောက်ဖို့ခက်ခဲ့တယ်။ ဒါ့ကြောင့်လည်း လူတွေဟာ လူ့အသိုင်းအဝိုင်းထဲကနေ အထုတ်ခံရမှာ ကြောက်တယ်။ အကြဉ်ခံရမှာကြောက်တယ်။ လူ့အသိုင်းအဝိုင်းရဲ့ပညတ်ချက်တွေကို မလွန် ဆန်နိုင်ဘူး။ လူ့အသိုင်းအဝိုင်းရဲ့ ပြဌာန်းချက်တွေကို မငြင်းဆန်နိုင်ဘူး။ လူ့အသိုင်းအဝိုင်းရဲ့လူမှုစည်းမျဉ်း တွေကနေ လွတ်မြောက်အောင် မလုပ်နိုင်ကြဘူး။

လွှမ်းမိုးမှုတွေ

ဘာသာရေးတွေက လူတွေကို ချုပ်နှောင်ထားတယ်။ ဘာသာရေးအပေါ် အမှီအခိုပြုနေအောင် လူသားတွေ အပေါ် လုပ်ထားတယ်။ နိုင်ငံရေးကလည်း လူတွေကို ချုပ်နှောင်ထားတယ်။ နိုင်ငံရေးအပေါ် လူတွေ အမှီသဟဲ ပြုနေအောင် လုပ်ထားတယ်။ စီးပွားရေးကလည်း လူတွေကို ချုပ်နှောင်ထားတယ်။ လူတွေက သူ့အပေါ်မှီခို နေအောင် လုပ်ထားတယ်။ အခုခေတ် ခေတ်ပေါ် အီလက်ထရောနစ်ပစ္စည်းတွေလည်း ထိုနည်းလည်းကောင်း ပဲ။ တီဗွီချယ်နယ်လ်တွေက သူတို့ဆီက လူတွေ ရုန်းမထွက်နိုင်အောင် ဆွဲဆောင်ထားတယ်။ ပစ္စည်းလှလှလေး တွေက လူ့စိတ်ကို ဆွဲဆောင်စည်းရုံးထားတယ်။

ကိုယ့်လက်ထဲက ဖုန်း။ ကိုယ့်ဖုန်းထဲက ဖေ့ဘုတ်ခ်…. ဒီအရာတွေက ကိုယ့်စိတ်ကို ချုပ်နှောင်ထားတယ်။ တုပ်နှောင်ထားတယ်။ ကိုယ့်စိတ်ကို သူတို့ဆီကနေ မခွာအောင် လုပ်ထားတယ်။ ဒီနည်းနဲ့ လူတွေဟာ ဒီလို အရာ၊ ဒီလိုပစ္စည်းတွေအပေါ်မှာ အမှီအခိုပြုနေကြရတယ်။ သူတို့မရှိရင် မနေတတ်တော့ဘူး။ သူတို့ မရှိရင် မနေနိုင်တော့ဘူး။

မြို့ပြနေ လူ့ဘဝ

အခုခေတ် မြန်မာပြည်ရဲ့ မြို့ပြလူနေမှု စနစ်ကို ကြည့်လိုက်ပါ။
ဟိုးယခင်က လူတစ်ယောက်မှာ ဖုန်းတစ်လုံး မရှိရင် ဘာမှ မဖြစ်ဘူး။ အဲသည့်လူဟာ နေလို့ထိုင်လို့ရတယ်။ အခုတော့ မဟုတ်တော့ဘူး။ လူတစ်ယောက်မှာ ဖုန်းတစ်လုံးမရှိရင် သူဟာ လူ့အသိုင်းအဝိုင်းမှာ ရပ်တည်ရှင် သန်ဖို့ ခက်ခဲလာတယ်။ ဟိုးအရင်တုန်းက လူတစ်ယောက်မှာ ဖေ့ဘုတ်ခ် ဆိုတာ မလိုဘူး။ အခုတော့ လူ့ အသိုင်းအဝိုင်းနဲ့ ဆက်ဆံထိတွေ့ဖို့၊ လူမှုကွန်ယက်မှာ ချိတ်ဆက်ပြီး အလုပ်လုပ်ရလွယ်အောင်လို့ ဆိုပြီး လူတစ်ယောက်ဟာ ဖေ့ဘုတ်ခ် တစ်ခု ဖွင့်မထားနိုင်ရင် အခက်အခဲတွေ့လာရပြီ။ နောက်ပြီးတော့ အင်တာနက် အွန်လိုင်းဆိုတာ ပါလာပြီ။

မြို့ပြမှာ နေထိုင်တဲ့ ပညာတတ် အလုပ်သမား၊ အလုပ်ရှင်တစ်ယောက်ဟာ အင်တာနက်/အွန်လိုင်းနဲ့ တစ်ရက် တာ ကင်းကွာဖို့ ခက်လာတယ်။ သူကိုယ်တိုင် တိုက်ရိုက် သုံးစွဲမှကို အဆင်ပြေနိုင်တဲ့အနေအထားကို ရောက် လာတယ်။ အလုပ်ချိန်မှာ ဖုန်းနဲ့ ၁ နာရီလောက် ဝေးနေရင်ကိုပဲ သူ့အလုပ်မှာ နည်းနည်းပြဿနာရှိလာပြီ။ အလုပ်ချိန်တွေမှာ အင်တာနက် အွန်လိုင်းနဲ့ သုံးလေးငါးနာရီလောက် ဝေးနေရင်ကို သူ့အတွက် ပြဿနာရှိ လာပြီ။ အခုလို ခေတ်ပေါ်ပစ္စည်းတွေကလည်း လူသားတစ်ဦးချင်းရဲ့ ဘဝကို မလွတ်လပ်အောင် လုပ်နေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်လာတယ်။

လူသားဘဝဟာ လူအချင်းချင်းရဲ့ အချုပ်အနှောင်ကို ခံရတယ်။ လူအချင်းချင်းရဲ့ အသိအမှတ်ပြုခံရဖို့ အတုပ်အနှောင်ခံကြရပြန်တယ်။ တစ်ဖက်မှာလည်း အလုပ်အပေါ်မှာ မှီခိုရတယ်။ သူကပဲ ငါ့ကို အလုပ်ထုတ် ပစ်လိုက်ရင် ငါ့မိသားစု စားဝတ်နေရေး၊ ငါ့ဘဝ ရပ်တည်ရေးအတွက် ခက်ရချည်ရဲ့ဆိုပြီး အမှီအခို ပြုနေရတယ်။ သူ မရှိရင် ငါ နေလို့ မရဘူး။ သူမရှိရင် ငါ မဖြစ်ဘူး၊ သူရှိမှ ငါပျော်မယ်။ သူရှိနေမှ ငါ စိတ်ချမ်းသာမယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအားဖြင့်၊ ခံစားမှုအားဖြင့် မှီခိုတာလည်း ရှိတယ်။

ကျန်းမာရေး မကောင်းလို့ နဘေးမှာလူတစ်ယောက်ရဲ့ အမြဲတမ်းလိုလို ပြုစုစောင့်ရှောက်ခြင်းကို ခံနေရတဲ့ လူတစ်ယောက်ကလည်း မလွတ်လပ်သူပဲ။ သူ့ဘဝဟာ အသက်ရှင်ဖို့အတွက် ကျန်းမာရေးကောင်းဖို့ လိုတယ်။ ကျန်းမာရေးကောင်းမှ သူ့ဘဝက နေလို့ ထိုင်လို့ ရမယ်။ နာမကျန်းဖြစ်နေတယ်၊ ဒုက္ခိတဖြစ်နေတယ်၊ မကျန်း မမာဖြစ်နေတယ်၊ အိုမင်းမစွမ်းဖြစ်နေပြီး တစ်ယောက်ယောက်အပေါ်မှာ အားကိုးပြီးတော့ အမှီပြုနေတယ် ဆို တာကလည်း ရုပ်ပိုင်းဆိုင်ရာအားဖြင့် မလွတ်လပ်တာပဲ။

စိတ်အာသာ

လူတိုင်းမှာ နေ့စဉ်လိုလို စိတ်အာသာ တစ်ခုဆိုတာ ရှိနေတယ်။ ကိုယ်ဟာ ဒီတစ်ခုကို လုပ်ကို လုပ်လိုက်ရမှ စိတ်ကျေနပ်တယ်ဆိုတာ ရှိတယ်။ ဒီတော့ လူတွေဟာ တစ်မျိုးမဟုတ် တစ်မျိုး ချည်တုပ်ခံနေကြရတယ်။ လူ့ ဘဝဟာ လွတ်လပ်သူ တစ်ယောက်ဖြစ်ဖို့ သိပ်ခက်ပါတယ်။ တကယ်လွတ်လပ်သူတစ်ယောက်ဖြစ်ဖို့ သိပ်ခက် ခဲတယ်။

လူတွေရဲ့စိတ်အာသာချင်ခြင်းကို ဖြည့်ဆည်းဖို့အတွက် ဆိုပြီး ဘာသာရေးတွေ ပေါ်လာတယ်။ ဖြေဖျော်ရေး တွေ ပေါ်လာတယ်။ အနုပညာဂီတဆိုတာတွေ ပေါ်လာတယ်။ ပျော်ပွဲရွှင်ပွဲတွေ ပေါ်လာတယ်။ လောင်းကစား တွေ ပေါ်လာတယ်။ အရက်တွေ ပေါ်လာတယ်။ လိင်ကိစ္စ ဖြေဖျောက်စေမယ့်အရာတွေ ပေါ်လာတယ်။ လူတွေ ဟာ တနည်းမဟုတ် တစ်နည်း သူ့တို့စိတ်အာသာချင်ခြင်းကို ဖြေဖျောက်ဖို့ ကြိုးစားနေကြတယ်။ ကောင်းသော နည်းနဲ့ ဖြေဖျောက်သူတွေ ရှိတယ်။ မကောင်းသော နည်းနဲ့ ဖြေဖျောက်သူတွေ ရှိတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာလည်း လောကီပညတ်ချက်မှာ တမျိုးဖြစ်တယ်။ လောကုတ္တရာ သဘာဝသစ္စာမှာ တစ်မျိုး ဖြစ်တယ်။ ထပ်တူ ကျမနေတာ များတယ်။

လွှမ်းမိုးမှု ရှိနေရင် မလွတ်လပ်ဘူး

မလွတ်လပ်တယ်ဆိုတာ အလွှမ်းမိုးခံရတာပဲ။ မလွတ်လပ်ဘူးဆိုတာ ထိန်းချုပ်ခံရတာပဲ။ လွတ်လပ်ဖို့ ဆိုတာ သိပ်ခက်တယ်။ လွတ်လပ်သူဖြစ်ဖို့ ဆိုတာ သိပ်ခက်တယ်။ တခါတရံ လူတစ်ယောက်ဟာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ ဘယ်အရာကြောင့်မှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကြောင့် မလွတ်လပ်တာဖြစ်နေတယ်။ ကိုယ့်စိတ်ကပဲ ကိုယ့်ကိုယ် မလွတ်လပ်အောင် လုပ်နေတယ်။ ဒါကို သတိထားပြီး မကြည့်ရင် မမြင်နိုင်ဘူး။

ကိုယ့်နဘေးမှာ ရှိနေတဲ့သူတွေက ကိုယ့်ကို လွှမ်းမိုးတယ်။ ကိုယ့်နဘေးမှာ ရှိနေတဲ့ ပစ္စည်းလှလှလေးတွေက ကိုယ့်ကို လွှမ်းမိုးတယ်။ ကိုယ်စီးနေတဲ့ကား၊ ကိုယ်စီးနေတဲ့ ဆိုင်ကယ်၊ ကိုယ်သုံးနေတဲ့ဖုန်း၊ ကိုယ်ဖတ်နေတဲ့ စာအုပ်၊ ကိုယ်သုံးနေတဲ့ ကွန်ပြူတာ၊ ကိုယ်ဆော့နေတဲ့ဂိမ်း၊ ကိုယ်ယူထားတဲ့ မိန်းမ၊ ကိုယ်ယူထားတဲ့ယောက်ျား၊ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်ကြိုက်နေတဲ့အစားအစာ၊ ကိုယ့်အိတ်ထဲက ပိုက်ဆံ၊ ကိုယ်ရထားတဲ့ ဘွဲ့လက်မှတ်၊ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ်သောက်နေတဲ့ဆေး၊ ကိုယ်စီးနေတဲ့ ဖိနပ်၊ ကိုယ်မွေးထားတဲ့ သားသမီး ၊ ကိုယ်သုံးနေတဲ့ပစ္စည်းတစ်ခုခု….. စသည်ဖြင့် ဒါတွေက ကိုယ့်ကို လွှမ်းမိုးနေတယ်။
ဒီလွှမ်းမိုးမှုတွေကို သတိထားပြီး မဆင်ခြင်ရင် လူဟာ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။ မတတ်သာလို့ လူ့ဘဝမှာ လူ့အသိုင်းအဝိုင်းမှာ နေနေရတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်၊ ကျန်းမာရေးအားဖြင့်၊ အလုပ်အကိုင်အားဖြင့် တခြားသူအပေါ်မှာ မှီခိုနေရတာ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ကိုယ့်စိတ်က လွတ်လပ်သူဖြစ်အောင် လေ့ကျင့်ဖို့ လိုတယ်။ ကိုယ်ဟာ အသက်အရွယ်အိုမင်းနေလို့ အိမ်က မိသားစုအပေါ် မှီခိုနေရတဲ့သူဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအားဖြင့် လွတ်လပ်ရမယ်။ ခံစားမှုပိုင်းဆိုင်ရာ အားဖြင့် လွတ်လပ်သူဖြစ်ဖို့ လိုတယ်။

နေ့စဉ် လူသားဘဝမှာ ကိုယ့်ကို မလွတ်လပ်အောင် လုပ်နေတဲ့အရာတွေဟာ အမြဲတမ်းလိုလို ရှိနေတယ်။ တစ်ခုခုကို စွဲလမ်းရင် လွတ်လပ်မှု ဆုံးရှုံးသွားတယ်။ တစ်ခုခုကို အလွန်အကျွံရမ္မက်ကြီးကြီး တပ်မက်နေရင် လွတ်လပ်မှု ပျောက်ဆုံးသွားတယ်။ လူ့ဘဝမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် လွတ်လပ်သူဖြစ်ဖို့ အခက်ဆုံးပဲ။ ဒါကို သိသိပြီး ကိုယ့်ရဲ့လွတ်လပ်ခြင်းတန်ဖိုးကို ချဲ့ထွင်ဖို့ လိုတယ်။

မင်းသေ့
နေ့လယ် ၂ း ၃၃
၁ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post ပြင်ညာဒက်
Next post စာပေဝေဖန်ရေး ခေတ်ပြောင်း