ကြိုးနီ ဖျက်ပါ။ သွေးမုန်တိုင်း တိုက်ပါ။

နိုင်ငံတစ်နိုင်ငံက ဘာနဲ့တူပါသလဲ။ ခပ်ရှင်းရှင်းဖြစ်အောင်ပြောချင်ပါတယ်။ တကယ်တော့ နိုင်ငံတော်ဆိုတာ ကားတစ်စင်းနဲ့တူတယ်။ အစိုးရဆိုတာ ကားကို တက်မောင်းတဲ့ ဒရိုက်ဘာနဲ့တူတယ်။ ဒီသဘောပါပဲ။ ကားတစ်စင်းမှာပါတဲ့ အင်ဂျင်တွေ၊ ဂီယာအုံတွေ၊ လေးတွေ၊ ဖရိန်တွေဟာ ဗြူရိုကရေစီယန္တရားနဲ့တူပါတယ်။

မြန်မာပြည်ရဲ့ဒီမိုကရေစီခရီးလမ်းဟာ ကြမ်းတယ်။ တချို့နေရာတွေမှာ လမ်းမပေါက်ဘူး။ တချို့နေရာတွေက မတ်စောက်တယ်။ တချို့နေရာတွေမှာ ချောက်တွေ ရှိတယ်။ တချို့နေရာတွေမှာ လမ်းကြမ်းတယ်။ ဆူးညှောင့် တွေ ရှိတယ်။ တချို့နေရာတွေမှာ လမ်းချော်နိုင်တယ်။ တချို့နေရာတွေမှာ အကွေ့အကောက်များတယ်။ တချို့ နေရာတွေမှာ တစ်ဆစ်ချိုးပြန်ကွေ့ရတာတွေ ရှိတယ်။ အဝေ့အဝိုက်၊ အတက်အဆင်းကြမ်းတဲ့ ဒီမိုကရေစီခရီး လမ်းဖြစ်ပါတယ်။

အခုလိုဖြစ်နေတဲ့ ဒီမိုကရေစီခရီးလမ်းမှာ ပြည်သူဟာ လမ်းမသိလို့မဖြစ်ဘူး။ ရောက်ရမယ့် မြို့ဒေသ ပန်းတိုင် ဆိုတာကို ကောင်းကောင်းနားလည်တတ်သိရမယ်။ ပြည်သူ့နီတိ သင်ကြားမှု မဖြစ်ထွန်းခဲ့တဲ့ မြန်မာပြည်မှာ၊ မဲပေးခြင်းဓလေ့နဲ့ ဆွေးနွေးတိုင်ပင်ခြင်းဓလေ့ မစွဲမြဲပါ။

မင်းမှုထမ်းအရေး

နိုင်ငံတော်ဆိုတဲ့ ကားကို မောင်းတဲ့ အစိုးရဟာ နိုင်ငံတော်ရဲ့ ဒရိုက်ဘာဖြစ်ပါတယ်။ အစိုးရလုပ်ခြင်းအတတ် ပညာဟာ လွယ်မယောင်နဲ့ ခက်တယ်။ တိမ်မယောင်နဲ့နက်တယ်။ မင်းစိုးရာဇာရေးဖြစ်တာကြောင့် ကြက်ဥနှစ် ရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့ သဘောလည်းရှိသေးတယ်။ အစိုးရလုပ်ခြင်းအတတ်ဆိုတာကို မြန်မာတွေဟာ ကိုလိုနီခေတ်ကာလကျမှ ကျကျနန သင်ကြားတတ်မြောက်ဖူးတာ။ အထူးသဖြင့် ဗြူရိုကရက် မွေးမြူရေးဆိုတာကို အင်္ဂလိပ်က စခဲ့တာ။ မြန်မာမင်းဟာ သူကြီးနဲ့ပဲ အုပ်ချုပ်တတ်တယ်။ ရွာဦးဘုန်းကြီးရဲ့ ဩဇာနဲ့ ရွာကို ကွပ်ကဲတတ်တဲ့ မြန်မာ့ထုံးတမ်း အုပ်ချုပ်မှုဓလေ့ပဲ ထွန်းကားခဲ့တယ်။ ခေတ်သစ်အုပ်ချုပ်မှု အတတ်ကို မြန်မာမင်းတွေ မတတ်မြောက်ခဲ့ဘူး။ မြို့စားပေးမယ်။ နယ်စားပေးမယ်။ သစ္စာခံခိုင်းမယ်။ အခွန်တော်ဆက်သခိုင်းမယ်။ ဆယ်ဖို့ တစ်ဖို့ပေးရမယ်။ အမှုထမ်း၊ အရာထမ်း ဆိုတဲ့ မင်းမှုထမ်းဆိုတာကို စနစ်တကျလေ့ကျင့်သင်ကြား မပေးနိုင်ခဲ့ဘူး။ သစ္စာရှိစွာ အမှုတော်ထမ်းရွက်စေခြင်းကိုပဲ အမှုထမ်းခြင်းလို့ သတ်မှတ်တယ်။ မင်းကို ပြန်ပြီး ပုန်မကန်ဘူး။ မင်းခိုင်းတာလုပ်၊ မင်းအလိုလိုက်၊ မင်းကြိုက်ဆောင်ခြင်းသည်ပင် လျှင် မင်းမှုထမ်းတို့ရဲ့ အလုပ်ကိစ္စလို့ ထင်တယ်။ တစ်ဖက်မှာလည်း ရပ်ရွာသာယာရေးဆိုတာထက် ရပ်ရွာက လူထုက ပုန်ကန်ထကြွမှု မရှိရေး၊ နှစ်စဉ် လစဉ် ဆယ်ဖို့ တစ်ဖို့ အခွန်အခ ရရှိရေးဆိုတာကိုပဲ အာရုံစိုက်တယ်။ မြန်မာမင်းတော်တော်များများဟာ တိုင်းပြည်ဖွံ့ဖြိုးစည်ပင်စေရေးဆိုတာထက် အာဏာစက် အပျံ့ကျယ်ခိုင်မာ ရေးကိုသာ အစဉ်တစိုက် အာရုံစိုက်ခဲ့တယ်။ ဒါ့ကြောင့်လည်း မင်းမှုထမ်းဆိုတာ မင်းကိုပဲ အမှုထမ်းတာဖြစ် တယ်။ ပြည်သူကို အမှုထမ်းတာ မဟုတ်ပါဘူး။

ဝန်ထမ်းလား / ဝန်ထုပ်လား

မြန်မာပြည်ဟာ စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း (၅၀) ကျော်နေထိုင်ခဲ့ရတယ်။ စစ်မှုထမ်းဆိုတာတွေနဲ့ မင်းမှုထမ်းဆိုတာနဲ့ တစ်သားတည်းဖြစ်ခဲ့တယ်။ မင်းမှုထမ်းဆိုတာ စစ်မှုထမ်းကို ဆိုလိုခြင်းဖြစ်တယ်။ စစ်မှုထမ်း ဆိုတာ မင်းမှုထမ်းဖြစ်တယ်လို့ အပြန်အလှန် မှတ်ယူခဲ့တဲ့ဓလေ့ စွဲမြဲခဲ့တယ်။ အကြောင်းကတော့ စစ်အစိုးရ သက်ဆိုးရှည်ခဲ့လို့ဖြစ်တယ်။ တစ်ဖက်မှာလည်း အစိုးရဝန်ထမ်းဆိုတဲ့အသုံးအနှုန်းဖြစ်လာတယ်။ အစိုးရဝန်ထမ်း ဆိုတာ အစိုးရရဲ့ဝန်ထုပ်ကိုသာ ထမ်းခြင်းဖြစ်တယ်။ ပြည်သူရဲ့ဝန်ထုပ်ကို ထမ်းခြင်း မဟုတ်ဘူး။ ဒီတော့ ပြည်သူက ခေတ်အဆက်ဆက်မှာ ပိသထက် ပြားလာတယ်။ ယခုထိလည်း ပြားနေဆဲဖြစ်တယ်။ အခုတော့ ပြည်သူ့ဝန်ထုပ်ကို မထမ်းတဲ့အပြင် ပြည်သူကို ဝန်ထုပ်ဝန်ပိုးပေးသူဖြစ်နေတယ် ဆိုတာ ပြောချင် တယ်။

ဒီနေ့ခေတ် အသွင်ကူးပြောင်းရေးအစိုးရ လက်ထက်ကို ကြည့်ပါ။

အသွင်ကူးပြောင်းရေး အနက်

ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့အဓိပ္ပာယ်က၊ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ကို အသွင်ကူး ပြောင်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ လူပေါ်အခြေခံတဲ့စနစ်ကနေ မူပေါ်အခြေခံတဲ့စနစ်ကို ကူးပြောင်းခြင်းဖြစ် တယ်။ လူနဲ့အုပ်ချုပ်ခြင်းဆီကနေ ဥပဒေနဲ့အုပ်ချုပ်ခြင်းဆိုတာကို အသွင်ကူးပြောင်းခြင်းဖြစ်တယ်။ အမိန့်အာဏာ အခရာစနစ်ကနေ ပြည်သူ့အကျိုးစီးပွားအခရာစနစ်ကို ကူးပြောင်းခြင်းဖြစ်တယ်။ တနည်းအားဖြင့် အင်စတီကျူရှင်နယ်လိုက်ဇေးရှင်းဖြစ်စဉ်ဖြစ်တယ်။ ဒီမိုကရေစီအင်စတီကျူးရှင်းတွေကို အသက်ဝင်အောင် အသက်သွင်းခြင်းဖြစ်တယ်။ ဒီဖြစ်စဉ်မှာ အခက်အခဲက ဘာပါလဲ။

အတိုက်အခံပါတီကနေ အာဏာရလာတဲ့ လက်ရှိအာဏာရအစိုးရမှ နိုင်ငံတော်ယန္တရားကို မောင်းနှင်ဖို့ အခက်အခဲရှိတယ်။ အသွင်ကူးပြောင်းရေးကာလမှာ သဘာဝကျတဲ့အတွေ့အကြုံမျိုးကို ရတယ်။ ဒီနေရာမှာ ပြောချင်တဲ့ ကိစ္စရှိတယ်။ အင်စတီကျူးရှင်းအဟောင်းရဲ့ ပြဿနာ။ ယန္တရားအဟောင်းအပေါ် မောင်းသူအသစ် နဲ့ ပြဿနာဖြစ်တယ်။

အာဏာရသက်တမ်း ၄ နှစ်ကျော်လာခဲ့ပြီ။ နောက်ထပ် အထွေထွေရွေးကောက်ပွဲတစ်ခုကို ဒီနှစ် ၂၀၂၀ မှာ ထပ်ပြီး ကြုံရတော့မယ်။ မြေစမ်းခရမ်းပျိုးကာလလည်း လွန်ခဲ့ပြီ။ အုပ်ချုပ်ရေးအကြောင်းလေ့လာစူးစမ်းမှုကာလ လည်း လွန်ခဲ့ပြီ။ ပြုပြင်ပြောင်းလဲရေးအသစ်အတွက်လည်း အချိန်မရှိတော့။ ၂၀၂၀ ရွေးကောက်ပွဲက ကြိုနေပြီ။ ပြုပြင်ပြောင်းလဲရေးဟာ သိသိသာသာ အရာမရောက်ဘူး။ ပြဿနာက အများကြီးရှိနေလိမ့်မယ်။ အကြောင်း တရားများစွာထဲက ယန္တရားအဟောင်းနဲ့ မောင်းသူအသစ်ကိစ္စကို ထောက်ပြချင်တယ်။ မောင်းသူကိစ္စထပ် ယန္တရားအဟောင်းကိစ္စကို ပိုပြောချင်တယ်။ ပြောသင့်တယ်လို့လည်း ထင်တယ်။ ပြောဖို့လည်း သင့်တယ်။

ယန္တရားအဟောင်း

ယန္တရားအဟောင်းက ကိုယ်ထည်လှတယ်။ ကိုယ်ထည် မပျက်ဘူး။ ဖွဲ့စည်းပုံအရ အပြည့်ပဲ။ သို့သော် အလုပ်မဖြစ်ဘူး။ အကြောင်းကတော့ ယန္တရားအဟောင်းမှာ စွဲမြဲနေတဲ့ အမူအကျင့်ကြောင့်ဖြစ်တယ်။ အဲဒီ့အမူ အကျင့်ဟာ ဘယ်အကြောင်းကြောင့်ဖြစ်ပါသလဲ။ အင်္ဂလိပ်လိုတော့ historical legacy လို့ခေါ်တယ်။ အာဏာရှင်အောက်မှာ အသားကျနေခဲ့တဲ့အမူအကျင့်ဟာ ကျင့်ထုံးတွေ အသွင်ကူးပြောင်းတဲ့ကာလမှာ ကြီးမား တဲ့ အနှောက်အယှက်ဖြစ်တယ်။ ဒီပြဿနာဟာ အတွင်းစည်းက လူတွေက လွဲလို့ ပြင်ပမှာ သိမြင်ကြတာ မဟုတ်ဘူး။ အတွင်းစည်းမှာလည်း တကယ်တွန်းတွန်းတိုက်တိုက် လုပ်သူတချို့ပဲ နားလည်ထားကြတာ။ အပြင်စည်းမှာ မသိသာဘူး။

ပြုပြင်ပြောင်းလဲရေးဆိုတာကို လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီ အစိုးရဟာ “ဂရယ်ဂျူရယ်နည်း” နဲ့သွား တယ်။ စပိကို မတင်ဘူး။ ဖြည်းဖြည်းမှန်မှန် ရှေ့ကို တိုးဖို့ ကြိုးစားတယ်။ “ရယ်ဒီကယ်နည်း” ကို မသုံးဘူး။ ဒီတော့ မမြန်ဘူး။ မြန်စရာလည်း အကြောင်းမရှိဘူး။ အုပ်ချုပ်ရေးအတတ်မှာ ပြဿနာရှိတယ်။ ပထမအစိုးရ သက်တမ်းကို လေ့လာသင်ယူဆဲကာလလို့ ယူဆပြီး လုပ်နေခြင်းကြောင့်ဖြစ်တယ်။

ဒါပေမယ့် ဒီနေရာမှာ အချက်တစ်ချက်ရှိတယ်။ “ဂရယ်ဂျူရယ်နည်း” မှာ “ရယ်ဒီကယ်” သဘောဖောက်ထွက်မှု တွေ ရှိတယ်ဆိုတာ နားမလည်ဘူး။ ဒီအချက်ကပဲ ပြုပြင်ပြောင်းလဲရေးကို အရာမရောက်အောင် လုပ်လိုက်တာ ဖြစ်တယ်။
ယန္တရားအဟောင်းကို မောင်းဖို့အတွက် တချို့လီဗာတွေကို ခပ်သွက်သွက်နင်းမှရမယ်။ ပြီးတော့ တချို့ကို တည်ဆဲအခြေအနေမှာ ဆက်သုံးလို့ရပေမယ့်၊ တချို့ကို တည်ဆဲအခြေအနေမှာ သုံးဖို့ မထိုက်ဘူး။ ဒီသရုပ်ခွဲမှု မျိုးကို အာဏာရပါတီက မလုပ်ဘူး။ အစိုးရလက်တံတွေကိုလည်း ဖြေလျော့ရေး မလုပ်နိုင်ဘူး။ တစ်ဖက်မှာ လည်း ယန္တရားအဟောင်းရဲ့ လည်ပတ်မှုဖြစ်စဉ်ထဲမှာ လည်နေတယ်။ တစ်စုံလုံးကို ပြောင်းပစ်ဖို့ မလုပ်ရဲသလို၊ မလုပ်နိုင်ဘူးလို့လည်း ပြောနိုင်တယ်။ အကြောင်းကတော့ ၊ ထိုင်နေရင် အကောင်းသား ထသွားမှ အကျိုးမှန်း မသိစေချင်ဘူး။ တတ်နိုင်သရွေ့ မှိန်းထားပြီး ပုံမှန်အတိုင်းဆက်လှိမ့်နေရေးကို အတော်ကြိုးစားယူနေရတဲ့ အခြေအနေဖြစ်တယ်။ ဒီတော့ ယန္တရားအဟောင်းဖြစ်တဲ့ ဗြူရိုကရေစီယန္တရားမှာ ထူးခြားတဲ့ ကျင့်ထုံးတွေ အသက်မဝင်ဘူး။ ဝိုင်အသစ်ကို ခွက်အဟောင်းနဲ့ ထည့်တယ်။ ဒီသဘောပဲ။

ဥပဒေ လား / ကြိုးနီလား

လွှတ်တော်ရဲ့အလုပ်ဟာ ဥပဒေပြုရေးဖြစ်တယ်။ ဒါပေမယ့် အခုမြန်မာနိုင်ငံလိုနေတာဟာ ဥပဒေပြုရေးထက် ဥပဒေဖျက်ရေးက ပိုလိုနေတယ်။ တည်ဆဲဥပဒေတွေမှာ လိုသလိုလှည့်လို့ရတဲ့ ဥပဒေတွေကို ဖျက်ဖို့ ဖြစ်တယ်။ ဒါကို ထဲထဲဝင်ဝင်လေ့လာကြည့်ရင် သိနိုင်တယ်။ ဥပဒေတွေ၊ လုပ်ထုံးလုပ် နည်းတွေဟာ ခြစားဖို့အတွက် အခွင့်အလမ်းတွေဖြစ်နေတယ်။ အဂတိလိုက်စားဖို့အတွက် ခွင်တွေဖြစ်နေတယ်။ တာဝန်ယူမှု တာဝန်ခံမှုကို လွှဲချလို့ရတဲ့ မူတွေဖြစ်နေတယ်။ ဘောလီဘောပုတ်လို့ ကောင်းတဲ့စည်းမျဉ်းတွေ ဖြစ်နေတယ်။ အပြစ်သားကို ပစားပေး၊ ဖာထေးပေးနိုင်မယ့် လုပ်ထုံးတွေ ဖြစ်နေတယ်။ ဒါ့ကြောင့် ဗြူရိုကရေစီ ယန္တရားထဲက အရာထမ်းတွေဟာ လည်သလို စားနေတယ်။
ဒါပေမယ့် မောင်းသူအသစ်ဖြစ်လာတဲ့အခါ၊ ခွင်ဟာ မကျယ်တော့ဘူး။ လာဘ်လာဘက နည်းသွားပြီ။ အရင်လို ဆရာ တပည့်ဆက်ဆံရေးဖြစ်ထွန်းနေဆဲဖြစ်ပေမယ့်၊ ပေါ်ပေါ်ထင်ထင် အစေးကပ်လို့ မရတော့ဘူး။ လုပ်ထုံး လုပ်နည်းတွေဟာ ရှေ့နောက် မညီညွှတ်ဘူး။ ဒီတော့ အလုပ်မဖြစ်ဘူး။ ဗြူရိုကရေစီဟာ ပြည်သူကို ဝန်ဆောင် မှု ပေးတာ မဟုတ်တော့ဘူး။ ဘယ်တုန်းကမှလည်း မဟုတ်ခဲ့ဘူး။ အခုလည်း ဟုတ်မနေဘူး။

ဗဟိုဦးစီးစနစ်

အစိုးရလက်တံတွေ ကျယ်တဲ့အခါ ဗြူရိုကရေစီရဲ့အခန်းကဏ္ဍကလည်း အရာရောက်နေဆဲဖြစ်တယ်။ အာဏာရပါတီဟာ ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးမှာ ဗဟိုဦးစီးစနစ်ကိုသာ ဆက်လက်ကျင့်သုံးနေဆဲဖြစ် တယ်။ ဒါကလည်း သမိုင်းအမွေအတိုင်းဆက်လက်လုပ်ဆောင်တဲ့ကိစ္စသာဖြစ်တယ်။ ဖောက်ထွက်လုပ်ဆောင်မှု ဆိုတာ ထူးထူးခြားခြား မရှိ။

နိုင်ငံရေးမူအရ၊ ဖက်ဒရယ်ကို ကြွေးကြော်ပေမယ့် ဖက်ဒရယ်ရဲ့အဆင့်အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးဆိုတာကို လက်တွေ့ မလုပ်နိုင်ဘူး။ လုပ်လည်း မလုပ်ရဲဘူး။ ပြုပြင်ပြောင်းလဲရေး မဖြစ်တာ အပထား၊ လက်ရှိအခြေအနေကနေ တစ်ခုခု ကသောင်းကနင်းဖြစ်မှာကို မလိုလားတဲ့သဘော။ ဒီတော့ ဗြူရိုကရေစီပြုပြင်ပြောင်းလဲရေးကို အရဲကိုးပြီး မလုပ်ရဲဘူး။ ဖွဲ့စည်းပုံအရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) ကို ပြည်ထဲရေးအောက်ကနေ သမ္မတရုံးလက်အောက် ထည့်လိုက်ပေမယ့် တည်ဆဲအခြေအနေ အတိုင်းသာ ရှိနေဆဲ။

ဒီတော့ ကြိုးနီစနစ်ဟာ အခုထိ ခိုင်မြဲနေဆဲဖြစ်တယ်။ ဗြူရိုကရေစီရဲ့လက်တံထဲမှာ အားလုံးဟာ ရှိနေတယ်။ ခြစားမှု ခွင် ကျဉ်းလာပေမယ့် ယခင်အတိုင်း ခြစားမှု၊ လာဘ်စားမှု ရှိနေဆဲဖြစ်တယ်။ ဗြူရိုကရေစီဟာ မသစ်ဘူး။ ဂန်းစတားနဲ့တူနေတယ်။ ဆရာမွေး တပည့်မွေး ဓလေ့ ထွန်းကားနေဆဲဖြစ်တယ်။ ဝိုင်းကြီးချုပ်ပုံစံနဲ့ အချင်းချင်း ပေါင်းစား၊ ပင်းစားနေဆဲဖြစ်တယ်။ လုပ်ထုံးလုပ်နည်းရှုပ်ထွေးခြင်းဟာ ဗြူရိုကရက်တွေအတွက် ခွင် ဖြစ်နေတယ်။ လိုသလို လှည့်နိုင်တဲ့ ခလုတ်တွေဖြစ်နေတယ်။ ကြိုးနီဟာ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တယ်ဆို တဲ့ အရေခွံကို ခြုံပြီး လိုသလို ချည်တုပ်ထားနေဆဲဖြစ်တယ်။

သူခိုးကြီးယန္တရား၊ လည်သလိုစား၊ ဆရာစား တပည့်စား၊ ဝိုင်းကြီးချုပ် ပင်းစား၊ မလုပ် မရှုပ်မပြုတ် ယန္တရားဟာ နိုင်ငံတော်ရဲ့အနာဂတ်ကို သတ်နေတယ်။ ပြည်သူ့ကို စိတ်ဒုက္ခပေးနေတဲ့တယ်။ အစိုးရဗြူရိုကရေစီယန္တရားဟာ နိုင်ငံတော်ကို တည်ဆောက်တဲ့ယန္တရား မဟုတ်ဘဲ လုပ်ပိုင်ခွင့်နဲ့ စားခွင်ကြီးကို ဖန်တီးပေးထားတဲ့ အဆောက်အအုံကြီးဖြစ်နေတယ်။ မဆလခေတ်မှာလည်း သူ့နည်းသူ့ဟန်နဲ့ အရေးပါ အရာရောက်တဲ့ ဌာနတွေ ရှိတယ်။ နဝတခေတ်၊ နအဖခေတ်မှာလည်း အရေးပါ အရာရောက်လာတဲ့ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေ မြောက်မြားစွာ ပေါ်လာတယ်။ စားခွင် ကျယ်ကျယ်ရတဲ့ ဦးစီးဌာနတွေဟာ ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကန့်လန့်တိုက်နေတယ်။ အကြောင်းကတော့ ယခင်ကလို စားပေါက်မချောင်တော့လို့ ဖြစ်တယ်။

ကြိုးနီ ဖျက်ပါ။
• သွေးမုန်တိုင်းတိုက်ပါ။

၈၈၈၈ အရေးအခင်းကို အကြောင်းပြုပြီး နာမည်ကျော်တဲ့သီချင်းတစ်ပုဒ်ရှိတယ်။
မင်းကိုနိုင်ရေးတဲ့ကဗျာကို အခြေခံပြီး ရေးထားတဲ့သီချင်းတစ်ပုဒ်ဖြစ်တယ်။ မွန်းအောင် ဆိုထားတယ်။ လူကြီး ပိုင်းတွေတော့ သိကြမယ်။ သွေးမုန်တိုင်း သီချင်း။ သွေးမုန်တိုင်းသီချင်းရဲ့ ဖော်ညွှန်းချက်လို ဥပမာပြချင်တယ်။

လမ်းမထက်ကျတဲ့ သွေးတွေ ပျောက်ပျက်ပြီ မထင်ပါနဲ့။ ချောင်းထဲကနေ မြစ်ကို စီးမယ်။ မြစ်ကနေ ပင်လယ်ကို စီးမယ်။ ပင်လယ်ကနေ သမုဒ္ဒရာကို စီးမယ်။ သမုဒ္ဒရာထဲကနေ နေအပူရှိန်ကြောင့် သွေးမိုးတိမ်တွေ ဖွဲ့မယ်။ သွေးမိုးတိမ်တွေကနေ တစ်ဆင့် သွေးမုန်တိုင်း တိုက်ရမယ်။

သွေးမုန်တိုင်းဟာ ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ဖို့ ဖြစ်တယ်။ ဖောက်ပြန်တဲ့လူတန်းစားတွေ ကို တိုက်စားပစ်ဖို့ ဖြစ်တယ်။ ဒီတော့ အသွင်ကူးပြောင်းရေးကာလမှ ဖြည်းဖြည်းမှန်မှန်နဲ့ တဖြည်းဖြည်းပြောင်း လဲဖို့ ဆိုတာကို လက်ခံတယ်။ ယုံကြည်တယ်။ ဒါပေမယ့် တော်လှန်ရေးသဘောဆောင်တဲ့ ဖောက်ထွက်မှုတွေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲတင်းတင်း ပြတ်ပြတ်သားသား လုပ်မှ ပြုပြင်ပြောင်းလဲရေးဟာ အရာရောက် မယ်။

အဲဒီလိုမှ မဟုတ်ရင် အကျိုးစီးပွားပဋိပက္ခတွေအကြားမှာ ပြည်သူဟာ ကြားညှပ်နေအုံးမှာပဲ။ အသွင်ကူးပြောင်း ရေးဟာ အိပဲ့ အိပဲ့ဖြစ်နေမှာပဲ။ အိရောအိရောဖြစ်နေမှာပဲ။ အီလည်လိုက်နေမှာပဲ။

ဒီတော့ ကြိုးနီကို ဖျက်ပါ။
သွေးမုန်တိုင်း တိုက်ပါ။

အကျင့်စရိုက် အဟောင်းတွေကို သွေးမုန်တိုင်းနဲ့ ရှင်းမှရမယ်။ ပြုပြင်ပြောင်းလဲရေးအတွက် ကဖျက်ယဖျက်လုပ် နေတာတွေကို သွေးမုန်တိုင်းနဲ့ သန့်စင်ပစ်ရမယ်။ ယန္တရားအဟောင်းမှာ အတိတ်ဟောင်းနဲ့ အသားကျမှုတွေကို သွေးမုန်တိုင်းနဲ့ သုတ်သင်ပစ်ရမယ်။ နည်းနာ၊ ပရိုစီဂျာဆိုတာ လူက လုပ်တာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ထပ်ပြီး စောင့်ဆိုင်းဖို့ မသင့်တော့ဘူး။ ပြုပြင်ပြောင်းလဲရေးဖြစ်မလာရင် တော်လှန်ရေးဖြစ်လာမှပဲ ရမယ်။ ပြည်သူဟာ ဖွတ်ကျောပြာစု ဖြစ်နေပြီ။ နူရာ ဝဲဆွဲ လဲရာသူခိုးထောင်းနေပြီ။

မင်းသေ့
ည ၈ း ၄၁
၅ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၀
ဘားအံမြို့။

Previous post စာရေးခြင်းကိစ္စ
Next post ပြင်ညာဒက်