စာရေးတယ်ဆိုတာ ဉာဏ်ကောင်းခြင်း/ မကောင်းခြင်းနဲ့လည်း မဆိုင်ဘူး။ ပါရမီရှိခြင်း မရှိခြင်းနဲ့လည်း မဆိုင်ဘူး။ တော်ခြင်း၊ ထူးချွန်ခြင်းနဲ့လည်း မဆိုင်ပါဘူး။ အလေ့အကျင့်နဲ့သာဆိုင်တယ်။ အလေ့အထနဲ့သာ ဆိုင်တယ်။ ဝီရိယနဲ့သာ ဆိုင်တယ်။ လေ့လာစူးစမ်းမှုနဲ့သာ ဆိုင်တယ်။ ခံစားသက်ဝင်မှုနဲ့သာ ဆိုင်တယ်။

စာရေးတတ်ဖို့ ဆိုတာ လွယ်သလိုလိုနဲ့ ခက်တယ်။ အကြောင်းကတော့ စွဲစွဲမြဲမြဲ လုပ်ဖို့ ခက်တဲ့အလုပ်မျိုးဖြစ်လို့ ဖြစ်ပါ တယ်။ စာရေးခြင်းဆိုတာကို စွဲစွဲမြဲမြဲ မလုပ်ရင်၊ တကယ်ရေးတတ်ဖို့ မလွယ်ဘူး။ ကိုယ်ရေးတာကို ကိုယ်ပြန်ဖတ်လို့ နား မလည်တဲ့ စာတွေ ရှိတယ်။ ကိုယ်ရေးတာကို ကိုယ်နားလည်ပေမယ့်၊ တပါးသူ နားမလည်တဲ့စာတွေလည်း ရှိတယ်။ စာဆိုတာ ဆက်သွယ်ရေးနည်းနာတစ်ခုဖြစ်ပါတယ်။ ဆက်သွယ်ရေးနည်း နာမှာ ရိုးရှင်းမှုပါရင်၊ ဆက်သွယ်ရလွယ်တယ်။ ခံစားမှုအားဖြင့်လည်း ဆက်သွယ်ရလွယ်တယ်။ သတင်း မက်ဆေ့ချ်အားဖြင့်လည်း ဆက်သွယ်ရလွယ်တယ်။ ရှင်းလင်းပြသ ရတာလည်း လွယ်တယ်။

စာရေးခြင်းမှာ ရိုးရှင်းမှုဟာ အရေးကြီးတယ်။ ရှင်းလင်းမှုဟာ အရေးကြီးတယ်။ စကားလုံးကို ရှင်းရှင်းလင်းလင်း သုံးနှုန်းနိုင် ရင်ကောင်းတယ်။ ဝါကျတည်ဆောက်ပုံကို သိပ်မကွန့်လွန်းရင် ကောင်းတယ်။ စကားလုံးကို ကွန့်မြူး လို့ရတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အနုပညာကို ဘယ်လောက် ဟာမိုနီကျကျ ထည့်နိုင်သလဲဆိုတာ အရေးကြီး တယ်။ အကြောင်းအရာနဲ့၊ စကားလုံးနဲ့၊ ဝါကျနဲ့ အရေးအသားပုံစံဟာ အဟပ်ညီရမယ်။ သဘာဝကျကျ အဟပ်ညီတာမျိုးကို ပြောတာဖြစ်ပါတယ်။ သဘာဝမကျတဲ့ တွဲဆက်မှုနဲ့ဆိုရင် ကလက်တက်တက် ဖြစ်တယ်။ ထောက်နေတယ်။ တောင့်နေတယ်။ မပြေပြစ်ဘူး။ မချောဘူး။ သိမ်မွေ့ညင်သာမှု မရှိတတ်ဘူး။
စာဖတ်တဲ့သူဟာ စာကို ဦးနှောက်နဲ့လည်း ဖတ်တယ်။ နှလုံးသားနဲ့လည်း ဖတ်တယ်။ လက်နဲ့လည်း ဖတ်တယ်။ အသွေးအသားနဲ့လည်း ဖတ်တယ်။ တပါးသော မျက်စိနဲ့လည်း ဖတ်တတ်တယ်။ စာအရေးအသားမှာ၊ စကားလုံးကို ကွန့်လို့ ရတယ်။ ဝါကျကိုတော့ မကွန့်နဲ့။ တတ်နိုင်သရွေ့ ရိုးရှင်းနေပါစေ။

စာရေးတယ်ဆိုတာ အလေ့အကျင့်နဲ့ဆိုင်တယ်။ အလေ့အကျင့်များလာလေလေ၊ လက်က အလိုလိုနားလည်နေ လေလေ ဖြစ်ပါတယ်။ လက်က သူ့ဘာသာရေးသားခြင်းအတတ်ကို နားလည်ဖို့ ဆိုတာက အလေ့အကျင့်ပါမှ ဖြစ်မယ်။ စွဲစွဲမြဲမြဲ လေ့ကျင့်နေခြင်းပြုနေရင် စာရေးခြင်းမှာ ပေါက်ပေါက်မြောက်မြောက်ဖြစ်နိုင်တာပဲ။ လူတွေကို စကားလုံးနဲ့ ချယ်လှယ်နိုင်ဖို့ ဆိုတာ အလေ့အကျင့်နဲ့ အလေ့အလာ မပါရင် မဖြစ်ဘူး။ မရဘူး။ လေ့လာမှုလည်း လိုတယ်။ စူးစမ်းမှုလည်း လိုတယ်။ တမင်တကာလေ့လာနေတယ်၊ တမင်တကာ တကူးတက စူးစမ်းမှု ပြုနေတယ်ဆိုတာထက်၊ အလိုလိုနေရင်း သူ့ဘာသာ သူ အာရုံတွေမှာ ဖြန့်ကျက်စူးစမ်းနေတာက ပိုကောင်း တယ်။ အဲဒါကတော့ ဗီဇဓာတ်ခံနဲ့ ဆိုင်မယ် ထင်တယ်။ အလေ့ အကျင့်နဲ့လည်း ဆိုတာပဲ။ ကိုယ့်စိတ်အာရုံဟာ ဘယ်မှာညွှတ်တတ်သလဲ။ ကိုယ့်ရဲ့ဓာတ်ခံဟာ ဘယ်မှာ မွှေ့ပျော်တတ် သလဲ ဆိုတာနဲ့လည်း ဆိုင်တယ်။ နဂိုမူလ ဓာတ်ခံ မရရင်တော့ စာရေးခြင်းဟာ စွဲစွဲမြဲမြဲ လုပ်ဖို့ ပျော်တဲ့ အလုပ်မဟုတ်ဘူး။

စာရေးခြင်းမှာ ပျော်နေတဲ့သူဖြစ်ဖို့ ခက်တယ်လေ။ တကယ်တော့ အများအမြင်မှာ စာရေးတယ်ဆိုတာ ပျော်စရာကောင်းတဲ့ အလုပ်မှ မဟုတ်တာ။ စကားလုံးတစ္ဆေခြောက်ခံနေရတဲ့အလုပ်။ စကားလုံးတွေ၊ ဝေါဟာရတွေနဲ့ နှစ်ပါးသွား လိမ်ကောက် နေရတဲ့ အလုပ်။ စကားလုံးတွေ ဝေါဟာရတွေ ဝါကျတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို စူးစမ်းနေရတဲ့အလုပ်။ စကားလုံးတွေ၊ ဝေါဟာရတွေ၊ ဝါကျတွေ၊ စာမျက်နှာတွေ ဆိုတာ အသေတွေ။ စိတ်ကူးထဲ၊ ဦးနှောက်ထဲမှာသာ သူတို့ဟာ မြူးကြွနေတာ။ သာမန်မျက်စိနဲ့ကြည့်ရင် ဒါတွေဟာအသေတွေ။ ဒီတော့ ရင်ခုန်စရာ ဘယ်ကောင်းမလဲ။ စိတ်ဝင်စားစရာ ဘယ်ကောင်းမလဲ။ စာရေးခြင်း၊ စာဖတ်ခြင်းအလုပ်ဟာ ဓာတ်ခံ ပါမလာရင် အတော်ပျင်းရိငြီးငွေ့စရာကောင်းတဲ့အလုပ်ဖြစ် ပါတယ်။

စာအုပ်တွေ ဆိုတာ ငြိမ်နေတယ်။ စားပွဲပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ ငြိမ်ငြိမ်လေး အိပ်နေတတ်တယ်။ ဖတ်တဲ့သူရှိ မှသာ သူတို့က နိုးထခွင့်ရတာ။ ကောက်လှန်တဲ့သူ ရှိမှသာ သူတို့က မြူးကြွကခုန်ခွင့်ရတာ။ သူ့တို့အဖုံးကို လှန်ပြီး စာမျက်နှာ တွေကို ပွတ်သပ်မှသာ သူတို့ဟာ သူ့တို့အနှစ်သာရကို ထုတ်ပြခွင့်ရတာ။ ဒီအတိုင်း ပကတိအတိုင်းဆိုရင် စာအုပ်တွေဟာ သိပ်ပျင်းစရာကောင်းတယ်။ စာအုပ်တွေနဲ့ နေထိုင်ရတာ သိပ်ငြီးငွေ့စရာ ကောင်းတယ်။
အစားကောင်းကြိုက်သူဟာ ဆိုင်ကောင်းကောင်းကို သိသလို၊ စာကောင်းကြိုက်သူကလည်း စာအုပ်ဆိုင် ကောင်းကို သိတယ်။ စာကောင်းကြိုက်သူဟာ စာအုပ်ကောင်းကို သိတယ်။ စာရေးသူကိုလည်း သိတယ်။ စာရေးဆရာကိုလည်းသိတယ်။ တကယ့်စာဖတ်သူဆိုတာ စာအုပ်ကိုတင် ဖတ်တာ မဟုတ်ဘူး။ စာရေးသူကို လည်း ဖတ်တယ်။ စာရေးဆရာကိုလည်း ဖတ်တယ်။ သူဖတ်တဲ့စာအုပ်ကို ပိုပြီးစိတ်ဝင်စားလာလေလေ၊ စာအုပ်ရေးသူအပေါ် ပိုပြီး အာရုံကျလာလေလေပဲ။ စာအုပ်နဲ့ စာရေးသူဟာ အပြန်အလှန် ဆက်နွှယ်နေတယ်။ စာအုပ်နဲ့ စာရေးသူဟာ အပြန်အလှန် စာဖတ်သူရဲ့ စိတ်ဝင် တစားစောင့်ကြည့်လေ့လာမှုကို ခံနေရတယ်။

စာဖတ်သူဟာ စာအုပ်တစ်အုပ်ကို ကြိုက်မိပြီဆိုရင် ရေးသူကိုလည်း ကြိုက်လာတတ်တယ်။ ဒီလိုနဲ့ သူကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်တွေ ဖတ်လာရင်း စာရေးဆရာရဲ့ဘဝကို စိတ်ဝင်စားလာတယ်။ စာရေးဆရာရဲ့ ဘဝကို ပိုင်စိုးချင်လာတယ်။ သူ့ကြည်ညိုလေးစားတဲ့ စံတန်ဖိုးတွေနဲ့ သူ့အကြိုက်စာရေးဆရာကို မသိစိတ် ကနေ ပြဌာန်းလာ တတ်တယ်။ ဒီလိုနဲ့ စာရေးဆရာလည်း အလိုလိုနေရင်း စာဖတ်သူတွေရဲ့ ချုပ်ချယ်မှုတွေ ခံလာရတယ်။
စာရေးဆရာတွေဟာ နာမည်ကြီးလာရင် လွတ်လပ်မှုပါ ပျောက်ဆုံးလာကြတယ်။ ဒါ့ကြောင့်လည်း အင်မတန် နာမည်ကြီးတဲ့ စာရေးဆရာတွေဟာ လူတွေနဲ့ ခပ်ဝေးဝေးမှာ နေကြတာဖြစ်ပါတယ်။ သူတို့ဟာ သာမန်လူတွေ လို ဥဒဟိုလျှောက်သွား လျှောက်လာ မလုပ်တတ်ကြဘူး။ တတ်နိုင်သရွေ့ လူမြင်ကွင်းကနေ ပျောက်နေတတ် တယ်။ သူတို့ဟာ လျှို့လျှို့ဝှက်ဝှက် သွားလာနေထိုင်တတ်တယ်။ သူတို့ရဲ့စာရေးခြင်းအလုပ်ကို အနှောက် အယှက်ပြုတယ်လို့ ယူဆရင်၊ အဲဒီ့ဝန်းကျင်နဲ့ ခပ်ဝေးဝေးမှာ နေဖို့ ကြိုးစားကြတယ်။ တခါတရံလည်း လုံးဝ မပတ်သက် မဆက်နွှယ်တော့အောင် နေထိုင်တတ်ကြတယ်။ တကယ်တော့ သူတို့ဟာ လူမှုရေးခေါင်းပါးသူတွေ မဟုတ်ကြဘူး။ ဒါ့ပေမယ့် စာရေးခြင်းအလုပ်ကို အရည်အသွေးရှိရှိ တစိုက်မတ်မတ် လုပ်နိုင်ဖို့၊ လူ့အသိုင်း အဝိုင်းရဲ့ လောကွပ်တွေနဲ့ ကင်းဝေးအောင် နေထိုင်ကြရတယ်။ ဒါဟာ လက်တွေ့မှာ အလုပ်ဖြစ်တယ်။

စာရေးသူတွေဟာ စာအုပ်တွေထဲပဲ တိုးဝင်တာ မဟုတ်ဘဲ၊ လူတွေထဲလည်း တိုးဝင်ရတယ်။ လူ့အဖွဲ့အစည်းက ဘာဖြစ် နေသလဲ ဆိုတာ သူတို့ နားလည်ရတယ်။ လူ့ပတ်ဝန်းကျင်က ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာ နားလည်ရတယ်။ ဒါ့ကြောင့် သူတို့မှာ သူ့နည်းသူ့ဟန်နဲ့ လူ့အဖွဲ့အစည်းအကြောင်းနားလည်ဖို့ လူတွေအကြား တိုးဝင်လေ့လာတဲ့ အပြုအမူ တွေရှိနေတတ်တယ်။ ဘယ်လိုလဲ။ ဘယ်ကဲ့သို့လဲ။

မင်းသေ့
နံနက် ဝ း ၂၀
၁၀ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post စေပီယံ
Next post ကြိုးနီ ဖျက်ပါ။ သွေးမုန်တိုင်း တိုက်ပါ။