လွတ်လပ်ခြင်း ကွင်းပြင် ၊ လုပ်ကိုင်ခွင့် ဝန်းကျင်

• ပညာရှင်တစ်ယောက်အတွက် လိုအပ်ချက်
• ပညာရှင်တစ်ယောက်အတွက် ဘာလိုသလဲ။
• ပညာရှင် ရှင်သန်ဖြစ်ထွန်းရာ အကြောင်းတရားက ဘာလဲ။

ပညာဆိုတဲ့သဘောက လွတ်လပ်ခြင်းကွင်းပြင်မှာသာ ရှင်သန်နိုင်တာဖြစ်ခြင်းကြောင့်၊ ပညာရှင် တစ်ယောက် အတွက် ပထမဆုံးလိုအပ်ချက်က “လွတ်လပ်မှု” လို့ ကျနော်ထင်ပါတယ်။ လွတ်လပ်မှုမရှိရင် ပညာဟာ သေတယ်။ ဒါ့ကြောင့် ပညာရှင်တစ်ယောက်ရဲ့အစွမ်းအစဟာလည်း လွတ်လပ်ခြင်းမှာသာ ရှင်သန်ပေါက် မြောက်နိုင်တယ်။ လွတ်လပ်ခြင်းကွင်းပြင်မှာသာ ကြီးထွားသန်မာနိုင်တယ်။

လွတ်လပ်ခြင်းကို သင်းသတ်သလို သတ်ခဲ့တဲ့ မြန်မာပြည်အဖို့၊ ပညာရှင်ကောင်းကောင်း ဖြစ်ထွန်းမှု ရှိမနေတာ မဆန်းပါဘူး။ ပညာရှင်ဆိုသူတွေဟာ ပြည်ပထွက်ပြီး သူတို့ရပ်ဝန်းကို ရှာဖွေကြရတယ်။ ပညာရှင်ဖြစ်ချင်သူတွေ ကလည်း ပြည်ပထွက်ပြီး သူတို့အစွမ်းအစတွေကို သ,ကြရတယ်။

ပြီးတော့ မြန်မာပြည်ဟာ ပညာရှင်တွေ အစွမ်းပြခွင့်မရတဲ့ တိုင်းပြည်လည်းဖြစ်ပါတယ်။ ပညာရှင်တွေ အစွမ်းပြ ခွင့်မရဘူးဆိုတဲ့နေရာမှာ ၊ အကြောင်း (၂) ချက်ရှိနေပါတယ်။
နံပါတ် (၁) ကတော့ ၊ ပညာတတ်ကို တန်ဖိုးထားပြီး နေရာပေးဆက်ဆံတတ်တဲ့အလေ့ မထွန်းကားခြင်းပါပဲ။ တနည်းအားဖြင့် တော်သူကို ကြောက်တတ်တဲ့ဓလေ့ကြောင့်ဖြစ်ပါတယ်။
နံပါတ် (၂) ကတော့ ၊ ပညာရှင်ဆိုသူတွေ ကိုယ်တိုင်က ဒေသဓာတ်ခံကို ဂဃနဏ နားမလည်ဘဲ အိုင်ဒီယာအတောင့်လိုက်သွတ်သွင်းချင်မှုပါ။

ဒီချို့တဲ့မှု နှစ်ခုကြောင့် မြန်မာပြည်မှာ ပညာကွင်းပြင် ကျယ်ကျယ် မရှိပါ။ ပညာသမားတွေ နေရာမရပါ။ ပညာ သမားဆိုသူတွေမှာလည်း လောက်လောက်လားလား တတ်ကျွမ်းနားလည်နေတာထက်၊ အနူတောမှာ လူချော လုပ်နေတဲ့သူတွေသာ များပါတယ်။ တကယ် ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်းသူဆိုတာ အနည်းစုသာရှိပါ တယ်။ တကယ်ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်းသူတွေဟာ ရေမြေဓာတ်ခံကို ကောင်းကောင်း နားလည်ပြီး အိုင်ဒီယာကောင်းတွေ သွတ်သွင်းနိုင်ရင် မြန်မာ့လူ့အဖွဲ့အစည်းမှာ အကောင်းတွေများလာပြီး အကောင်းဆုံး တွေ ဖြစ်လာမယ်ထင်တယ်။

နောက်တစ်ခုကတော့ လုပ်ကိုင်ခွင့် ဝန်းကျင်ဖြစ်ပါတယ်။ ဒီနေရာမှာ “လုပ်ပိုင်ခွင့်” လို့ မသုံးပါဘူး။ လုပ်ကိုင်ခွင့် ဝန်းကျင်လို့ သုံးနှုန်းပါတယ်။ လုပ်ပိုင်ခွင့်ဆိုတာ လုပ်ပြီးရင် ပိုင်ဆိုင်ခွင့်ရှိတာကို ဆိုလိုဟန်တူပါတယ်။ လုပ်ကိုင် ခွင့်ဆိုတာကတော့ “အစွမ်းပြခွင့်” “အလုပ်လုပ်ခွင့်” ကို ညွှန်းချင်တာဖြစ်ပါတယ်။ ဒီတော့ တတ်ကျွမ်းသူဟာ လုပ်ခွင့်ရဖို့ လိုပါတယ်။ လုပ်ခွင့်ရတဲ့ ဝန်းကျင် ကျယ်ကျယ်ရှိလေလေ အစွမ်းပြခွင့်ရလေလေဖြစ်ပါတယ်။ အစွမ်းပြခွင့် ကျဉ်းတဲ့အခါမှာ ရတဲ့ space မှာ အားလုံးဝိုင်းအုံ အစွမ်းပြဖို့ ကြိုးစားတဲ့အခါ “ဆရာများ သားသေ” တဲ့ ကိန်းဆိုက်နေတာ တွေ့ရပါတယ်။ ဒါ မဖြစ်သင့်ပါဘူး။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် လေး နေတဲ့ ပုံစံဖြစ်နေပါတယ်။

လုပ်ခွင့်ကိုင်ခွင့်ကို ကျယ်ကျယ်ဖွင့်ထားနိုင်ရင် တကယ်လုပ်နိုင်သူတွေမှာ လုပ်စရာတောင် မကုန်ပါဘူး။ မြန်မာ ပြည်မှာ လုပ်စရာတွေ အများကြီးရှိနေပါတယ်။ ကြည့်ရင် မြင်ပါတယ်။ လူတွေဟာ မြင်ချင်တာကိုပဲ ကြည့်တတ် ကြတယ်။ ကြည့်တာကိုပဲ မြင်ပါလိမ့်မယ်။
လွတ်လပ်စွာ လေ့လာဆည်းပူးသင်ယူခွင့်နဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်။ ဒီနှစ်ခု ရှိရင် မြန်မာပြည် လူ့အဖွဲ့ အစည်းဟာ တော်တော်များများကောင်းသွားမယ်။ လူတွေကို ငယ်စဉ်ကလေးဘဝကတည်းက တာဝန်ယူတတ် မှုဆိုတာကို ခေါင်းထဲ ထည့်ပေးဖို့လိုတယ်။ လွတ်လပ်မှုမှာ တာဝန်ယူမှုဆိုတာ တွဲပြီး မပါရင် လူ့အဖွဲ့အစည်း ဟာ ပရမ်းပတာဖြစ်မယ်။ ဒါတော့ မဖြစ်သင့်ဘူး။ မြန်မာတွေဟာ လွတ်လပ်ခြင်းနဲ့ ပြီးကပစ် ပြီးစလွယ်နေထိုင် ခြင်းကို ကွဲကွဲပြားပြား နားမလည်ကြဘူး။

မင်းသေ့
နေ့လယ် ၁၂ း ၁၉
၂၉ ၊ ဒီဇင်ဘာ ၊ ၂၀၁၉ ။
မန္တလေးမြို့။

Previous post ဝေါဟာရဆက်ဆံရေး
Next post ဘဝနေနည်း စိတ်ထားနည်း