မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ စာပေလမ်းညွှန်မယ့်သူ မရှိခဲ့ဘူး။ ဒါ့ကြောင့် ကျနော်ဟာ ကံမကောင်းခဲ့ဖူးလို့ မှတ်ယူခဲ့ဖူးတယ်။

ဒီလိုနဲ့ စာအုပ်စာစောင်တွေကို ကောင်းနိုးရာရာမှန်းစမ်း ဖတ်ရင်း ကျနော် လေးငါးခြောက်နှစ် ကြာခဲ့တယ်။ ဒီလို လေးငါးခြောက်နှစ်လောက် စာကို တရပ်စပ် ဖတ်ခဲ့တာတောင် ကျနော် စာပေနယ်ကို ကောင်းကောင်း ခြေမဆန့် နိုင်ခဲ့သေးဘူး။ သို့ပေမယ့် စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ကျနော် ယုံကြည်မှု တစ်ခု ရှိနေခဲ့တယ်။ အဲဒီ့ ယုံကြည်မှုကပဲ ကျနော့်ကို စာရေးနိုင်ဖို့ အကြောင်းလှအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ကျနော်ထင်တယ်။
တကယ်တော့ ကျနော်က စာတောထဲမှာ မျက်စိလည်ခဲ့တယ်။ ကျနော် လိုချင်တဲ့လမ်းကို ကျနော် သူများတကာ လို လွယ်လွတ်ကူကူ ရှာမတွေ့ခဲ့ဘူး။ မြန်မြန်ဆန်ဆန် မရှာနိုင်ခဲ့ဘူး။ ကျနော့်လို စာဖတ်သူ လူငယ် တစ် ယောက်ယောက်က တစ်နှစ်လောက်နဲ့ သူ ရှာဖွေချင်တဲ့ စာပေလမ်းကို ဆုပ်ကိုင်မိနေတဲ့အချိန်မှာ ကျနော်က သုံးနှစ်လောက် ပိုသုံးလိုက်ရတယ်။ ဒီ့အတွက် ကျနော် ကံမကောင်းဘူးလို့ ကျနော် တွေးခဲ့မိတယ်။

ဒါပေမယ့် ဒါက ကျနော့် အထင်သာဖြစ်တယ်။ တကယ် မဟုတ်ခဲ့ဘူး။ အဲဒါကို ကျနော် ဒီ့နောက်ပိုင်း တဖြည်း ဖြည်းချင်းမှ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။

မြန်မာစကားပုံမှာ ရှိတယ်။ “ဖိုးသူတော် မျက်စိလည်ရင် ဆန်များများရတယ်” ဆိုတဲ့စကား။ ကျနော် စာတောထဲ မှာ မျက်စိလည်ခဲ့တယ်။ ကျနော် ဖတ်ချင်တဲ့ အကြောင်းအရာကို ဂဃနဏ နားလည်အောင် ဖတ်မိဖို့၊ ကျနော့် စိတ်ထဲ ထင်တဲ့ စာအုပ်တွေကို ရှာဖတ်တယ်။ ဖတ်ကြည့်တယ်။ ဒါ မဟုတ်သေးဘူး။ နောက် ထပ် ဟုတ်လိမ့်နိုး နိုးနဲ့ ထပ်ရှာပြီး ဖတ်ကြည့်တယ်။ ဒါလည်း မဟုတ်ပြန်သေးဘူး။ ရှာတယ်။ မတွေ့ဘူး။ ရှာတယ်။ နည်းနည်း တော့ တွေ့တယ်။ ဒါပေမယ့် ဒါက လိုနေသေးတယ်။ ဒီ့ထက် ပိုပြည့်စုံတာ ရှာချင်သေးတယ်။ ငါလိုချင်တာ ဒါ တော့ ဟုတ်တယ်။ ဒါပေမယ့် ဒါက ကောင်းကောင်းကန်းကန်း မရသေးဘူး။ ဒါမှမဟုတ် ဒါကို ငါ မလိုက်နိုင် သေးဘူး။ ဒါ ငါနဲ့ အံဝင်ခွင်ကျ မဖြစ်သေးဘူး။ ဒီလိုနဲ့ ကောင်းနိုးရာရာ စိတ်ထင်ရာ စာအုပ်တွေကို စွဲစွဲဖတ်ရင်း ဖတ်ပါများလာတယ်။ စာအုပ်တွေတော့ လက်ထဲမှာ ဆုပ်မိကိုင်မိလာတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ အကြောင်းအရာကို သေချာ ရေရေလည်လည်နားလည်ဖို့အတွက် ဟိုတစ်ကွက် ဒီတစ်ကွက်ပဲဖြစ်နေသေး တယ်။ ဒါကို မကျေနပ်ဘူး။ ဒီလိုနဲ့ ကျနော့် စာဖတ်သက် ရှည်လာတယ်။


တဖြည်းဖြည်းနဲ့ ကျနော် လိုချင်တာ၊ ကျနော် သိချင်တာ နည်းနည်း ရလာသလို၊ ကျနော် မသိချင်တာတွေ လည်း ခပ်များများ သိလာတယ်။ ကျနော် သိချင်တာကို စိတ်လိုလက်ရ ကျေကျေနပ်နပ် မသိရပေမယ့်၊ ကျနော် မသိချင်တာတွေတော့ ကျနော် သိလာရတယ်။ ဒါကလည်း သိနားလည်ခြင်းပဲ ဆိုတာ ကျနော် ယခင်က မသိခဲ့ သေးဘူး။ ဒီ့နောက်ပိုင်းကျမှ ကျနော် သတိထားမိလာတာ။ ဒါတွေက တန်ဖိုးပဲကိုး…. ဆိုတာ။

သိနားလည်ခြင်းလို့ ပြောတဲ့အခါမှာ၊ ကိုယ့်အတ္တနောမတ္တိနဲ့ ကိုက်တာတွေကိုပဲ ရွေးသိနေရင် ဒါဟာ တကယ့် သိနားလည်ခြင်း မဟုတ်သေးဘူး။ သိနားလည်ခြင်းမှာ မျက်နှာစာ နှစ်ဖက်ရှိတယ်ဆိုရင် ကိုယ်မသိချင်တာကို သိနားလည်နေခြင်းကလည်း တန်ဖိုးဖြစ်တယ်လို့ ကျနော်နားလည်လာတယ်။

အကျိုးဆက်ကတော့ ကျနော့်မှာ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး ကောင်းကောင်းမွန်မွန်လမ်းညွှန်ခဲ့သူ မရှိလို့ ၊ ကျနော် စာအုပ်တွေအကြောင်းကို ကောင်းကောင်းနားလည်ခဲ့ရတယ်။ စာအုပ်တွေရဲ့သဘော၊ စာရေးသူ၊ စာရေးဆရာတွေရဲ့ အဇ္ဈတ္တကို ကျနော် နားလည်လာခဲ့တယ်။ စာတောထဲမှာ မျက်စိလည်လေလေ ကောင်း လေလေ လို့ ကျနော် ထင်တယ်။ စာတောထဲမှာ လမ်းပြမယ့်သူ ရှိရင်တော့ မကောင်းဘူးလား ဆိုတော့။ ကောင်းတာပေါ့။ ဒါပေမယ့် စာတောထဲမှာ လမ်းပြမယ့်သူ မရှိရင်လည်း ကောင်းတာပဲ။ ပိုပြီးတောင် ကောင်း နိုင်ချေ ရှိသေးတယ်။ အကြောင်းကတော့ စာတောရဲ့အကြောင်းကို နှံ့နှံ့စပ်စပ် သွားလာမိလို့ပဲ။

ကိုယ်က တစ်ခုခုကို သိချင်လို့၊ စာအုပ်တစ်အုပ်ကို ဖတ်လိုက်တယ်။ အဲသည့်စာအုပ်မှာ ကိုယ်သိချင်တာပါလာ တယ်။ သိသွားတယ်။ ဒါဟာ မကောင်းဘူးလား။ ကောင်းတာပေါ့။ ဒါပေမယ့် နောက်တစ်မျိုးလည်း ရှိသေး တယ်။ ကိုယ်က တစ်ခုခုကို သိချင်တယ်။ စာအုပ်တစ်အုပ်ကို ဖတ်လိုက်တယ်။ ကိုယ်ဖတ်ချင်တာ၊ ကိုယ်သိချင် တာ ပါမလာဘူး။ မကောင်းဘူးလား။ ကောင်းတာပေါ့။ ကိုယ်သိချင်တာ သိပြီးရင် လူက ဆက်မဖတ်တော့ဘူး။ နောက်ထပ် စာအုပ် ထပ်မရှာတော့ဘူး။ ကိုယ်သိချင်တာ ပါတယ်ထင်ပြီး ဖတ်မိတော့၊ ဒီစာအုပ် မဟုတ်ဘူး။ နောက် စာအုပ်ဖြစ်နိုင်တယ်ဆိုပြီး ထပ်ရှာဖတ်မိတယ်လေ။ ဒီလိုနဲ့ မတွေ့လိုက်၊ ရှာလိုက်။ မတွေ့လိုက် ရှာလိုက်နဲ့ ကိုယ့်မှာ ဖတ်ခဲ့မိတာတွေ တော်တော်များလာတယ်။

ကိုယ်က သိချင်တာကို အလွယ်တကူ ရှာတွေ့သွားရင် ကိုယ်လိုချင်တာ ရသွားလို့၊ လူဟာ ထပ်မရှာတော့ဘူး။ နောက် စိတ်ချင်ခြင်း တစ်ခုခုပေါ်မှာ ထပ်ရှာဖို့ လုပ်တယ်။ ကိုယ်သိချင်တာကို အလွယ်တကူ ချက်ချင်း မရတော့ လိုချင်တာ သိချင်လို့ဖတ်ရင်း၊ ရှာရင်း လိုက်ရင်းနဲ့ တဖြည်းဖြည်း ဟုတ်တာရော၊ မဟုတ်တာရော ဖတ်မိတာ များလာတယ်။ ဒီလိုနဲ့ စာအုပ်အများကြီး ဖတ်မိလာတယ်။

ကိုယ်သိချင်တာကို တစ်အုပ်တည်း ဖတ်လိုက်ရင်း အာသာပြေသွားတဲ့သူက စာတစ်အုပ်တည်း ဖတ်မိသွား တယ်။ ကိုယ်သိချင်တာကို ချက်ချင်း မသိရတဲ့ စာဖတ်သမားလူငယ်ကတော့ တစ်အုပ်ပြီး တစ်အုပ် ရှာရင်း ဖွေရင်း ဖတ်မိရင်း တဖြည်းဖြည်းနဲ့ သူများက တစ်အုပ် ဖတ်ပြီးသွားတဲ့အချိန်မှာ ကိုယ့်က လေးငါးဆယ်အုပ်ကို ဖတ်ပြီးသွားတယ်။ ဒီလိုနဲ့ စာနောကျေလာတယ်။

ကျနော် တောင်တက်ရင်း အတွေးတခု ရဖူးတယ်။ “တောင်ထိပ်ရောက်တာထက် တောင်ထိပ်ရောက်အောင် လျှောက်နေရတာက ပိုပြီး အဓိပ္ပာယ်ရှိတယ်။” ဒီလိုပဲ စာဖတ်ခြင်း အမြင်တစ်ခု ရှိသေးတယ်။ “စာဆိုတာ ဖတ်ပြီးသွားဖို့ မဟုတ်ဘူး။ ဖတ်နေဖို့” ။ ဒီသဘောပါပဲ။ စာဆိုတာ ဖတ်ပြီးသွားတယ်ဆိုတာထက် ဖတ်နေဖို့ လိုတာပဲ မဟုတ်လား။ စာတစ်အုပ်ကို ဖတ်ပြီးသွားပြီး နောက်ပြန်လှန်မကြည့်ဖြစ်တာထက်၊ စာကို အမြဲလိုလို ဖတ်နေ၊ ထိတွေ့နေခြင်းက ပိုပြီး အကျိုးများတယ်ဆိုတာ ဒီ့နောက်ပိုင်း ကျနော် ပိုနားလည်လာတယ်။ လူတစ်ယောက်ရဲ့အသိဉာဏ်ကို စာဖတ်ခြင်းကနေ ကောင်းစွာ အထောက်အပံ့ပြုဖို့အတွက် ဒီနည်းဟာကောင်း တယ်လို့ ကျနော် ယုံကြည်ထားတယ်။

စာတောထဲ မျက်စိလည်တော့ ဘာဖြစ်သလဲ။

စာအုပ် အများကြီးကို ကိုယ်ကြိုက်တာရော၊ မကြိုက်တာရော အလိုလို ဖတ်မိသွားတယ်။ ဒီလို့နဲ့ ကိုယ့်မှာ စာအုပ်တွေအကြောင်းကို အလိုလို နားလည်လာတယ်။ ဘယ်စာအုပ်ကတော့ ဘယ်လို၊ ဘယ်စာရေးဆရာ ကတော့ ဘယ်ကဲ့သို့။ ဘယ်ဘာသာပြန်က ဘယ်လို အနေအထားရှိတယ်။ ဘယ်အကြောင်းအရာက ဘယ်ပုံ ဘယ်နည်း။ ဘယ်တိုက်ထုတ်ကတော့ ဘယ်လိုညာလို…. စသဖြင့်။

ဖိုးသူတော် မျက်စိလည်ရင် ဆန်များများရတယ်ဆိုတဲ့စကား။

ဖိုးသူတော်က ဆွမ်းဆန်စိမ်းအလှူခံဖို့ ရွာစဉ် လျှောက်လှည့်တယ်။ သူ့မှာ လိုသလောက် အလှူခံပြီးသွားပြီ။ သူ့ကျောင်းကို သူပြန်မယ်။ လမ်းက အပြန်လမ်းကို ရှာမတွေ့။ လမ်းပျောက်နေတယ်။ ဒီလိုနဲ့ ကျောင်းပြန်ဖို့ လမ်းရှာရင်း တစ်လမ်းဝင် တလမ်းထွက် လုပ်မိတယ်။ မြန်မာလူမျိုးဆိုတာကတော့ ၊ ကိုယ့်အိမ်ရှေ့ အလှူခံ ဖြတ်သွားရင် တစ်ခုခု လှူတတ်တယ်။ ဒီလိုပဲ ဖိုးသူတော်မြင်လို့ ဆွမ်းဆန်လာရပ်တယ်ထင်ပြီး ဆန်ထွက်လှူ တယ်။ ဒီလိုနဲ့ ဖိုးသူတော်က ကျောင်းပြန်ဖို့ လမ်းပြန်မတွေ့လေလေ၊ ရွာထဲမှာ မျက်စိလည်လေလေ၊ သူ နဂိုက မှန်းထားတဲ့ ဆွမ်းဆန်ထက် ပိုပြီးရလေလေပေါ့။ ဒီသဘောပါပဲ။

ဖိုးသူတော် မျက်စိလည်ရင် ဆန်များများရတယ်တဲ့။

ကျနော်လည်း စာတောထဲမှာ မျက်စိလည်ခဲ့တယ်။ စာကို ဘယ်လိုဖတ်ရမယ်။ ဘယ်လို စာအုပ်မျိုးကတော့ ဘယ်လို။ ဘယ်လို စာရေးဆရာမျိုးကတော့ ဘယ်ကဲ့သို့လို့ လမ်းညွှန်ပြသမယ့်သူ မရှိတဲ့အခါ ၊ ကိုယ့်ဘာသာ ကို ကောင်းနိုးရာရာ စိတ်ထင်ရာ ရှာကြံဖတ်ရတော့ စာတောထဲက စာသစ်ပင်တွေအကြောင်း၊ စာတောကြီးရဲ့ သဘောဝအကြောင်း၊ သဘာဝအတိုင်း အပြိုင်းအရိုင်းပေါက်နေတဲ့ စာမျိုးစိတ်တွေအကြောင်းကို လေ့လာပြီးသား ဖြစ်သွားတယ်။ ကိုယ်ဖတ်ချင်ချင် မဖတ်ချင်ချင် ဖတ်မိတဲ့စာအုပ်တွေ များလာတယ်။ ကိုယ်ကြိုက် ကြိုက် မကြိုက်ကြိုက် နားလည်လိုက်တဲ့ စာအုပ်တွေ အများအပြား ရှိခဲ့တယ်။ ဒီလိုနဲ့ စာတောထဲ မှာ စာပါးဝတဲ့လူ တစ်ယောက် ဖြစ်မှန်းမသိဖြစ်လာတယ်။

အခုတော့ ၊ စာတောထဲမှာ မျက်စိမလည်တော့ပါ။ အထူးသဖြင့် မြန်မာစာပေတောထဲမှာ မျက်စိမလည်တော့ပါ။ ဘယ်စာအုပ်က ဘယ်လို၊ ဘယ်သူက ဘယ်လိုရေးတယ်ဆိုတာ နည်းနည်းနားလည်လာပြီ။ အရင်လို မှန်းစမ်း မဖတ်ရတော့ဘူး။ စာအုပ် ကိုင်ကြည့်လိုက်ရင် ဘယ်လိုရေးထားသလဲ၊ ဘယ်လို သဘောရှိမလဲ၊ စာရေးသူက ဘယ်လောက် အားထုတ်ထားမလဲဆိုတာ အလိုလိုနားလည်နေတယ်။ အဲဒါက အခုတော့ ကောင်းလည်း ကောင်းတယ်။ ကောင်းလည်း မကောင်းဘူး။

ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာ လေးငါးခြောက်နှစ် ခုနှစ်နှစ် စာတောထဲ လမ်းပြမယ့်သူ မရှိ၊ စာပေသံလိုက်အိမ်မြှောင်မရှိနဲ့ မှန်းစမ်းသွားခဲ့ရတာကို ကံမကောင်း အကြောင်းမလှလေခြင်းလို့ ယူဆမိရာ ကနေ ၊ ဒါဟာ သိပ်ကံကောင်းပါ့လားလို့ တဖန်ပြန်မြင်မိနေလေရဲ့…..
လူငယ်စာဖတ်သမားတွေ စာတောထဲမှာ အချိန်အတော်ကြာ မျက်စိလည်နေကြပါစေ….။

မင်းသေ့
ညနေ ၅ း ၂၇
၆ ၊ ဇန်နဝါရီ ၊ ၂၀၂၀။
မန္တလေးမြို့။

Previous post ဘဝနေနည်း စိတ်ထားနည်း
Next post ဖန်ပုလင်းထဲက မျိုးစေ့တွေ