ပညာရေးရဲ့ရည်ရွယ်ချက်က ဘာလဲလို့ မေးလိုက်ရင်၊ အဖြေတွေ အများကြီးထွက်လာလိမ့်မယ်။ လူတော်တော် များများက ကိုယ့်ထောင့်ကနေ ကိုယ်ကြည့်ကြတယ်။ ကိုယ်ကြည့်တာကိုယ် မြင်တယ်။ ကိုယ်မြင်ချင်တာ ကိုယ် ရွေးကြည့်ကြတယ်။ ဒါကတော့ ထုံးစံ။

ပညာရေးလို့ ပြောရင် အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းတာလို့ ပြောတယ်။ ထိုနည်းလည်း ကောင်းပဲ ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ စဉ်းစားတတ်ဖို့ လို့ ဆိုတယ်။ တစ်ဆင့်တက်ပြီးတော့ ပြောရင် ပညာ ရေးဟာ ဝေဖန်ပိုင်းခြားစိစစ်တတ်ဖို့ လို့ ပြောလို့ ရပြန်တယ်။ ပညာရေးဟာ လူတစ်ဦးချင်းစီအတွက်လည်း ဖြစ် သလို လူ့အဖွဲ့အစည်းအတွက်လည်းဖြစ်တယ်။ ပညာရေးကို ဝါဒဖြန့်ချိရေးအတွက်လည်း သုံးကြတယ်။ လူ့ အဖွဲ့အစည်းကို ပုံဖော်ဖို့လည်း သုံးကြတယ်။ ပညာရေးကို နိုင်ငံ့ကုန်ထုတ်စွမ်းအားကို အကျိုးပြုဖို့ သင်ကြသလို မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက်မြက်လာအောင်၊ တိုင်းချစ်ပြည်ချစ်စိတ် ပေါ်အောင်လည်း သင်ကြတာပဲ။ လူ့အဖွဲ့အစည်းကို လိမ္မာယဉ်ကျေးအောင် သင်ကြားသလို၊ အာဏာရဲ့လက်ကိုင်တုတ်ဖြစ်အောင်လည်း သင် ကြားတာပါပဲ။ ဒီတော့ ပညာရေးဟာ ဘာအတွက်လဲ။

မြန်မာတွေအတွက် ပညာရေးဟာ လူမှုရေးဖြစ်နေတယ်လို့ စာရေးဆရာ သင့်ဘဝ တင်မောင်သန်းက ပြောဖူး တယ်။ ဆိုလိုတာကတော့ မြန်မာပြည်ပညာရေးဟာ ဧည့်ခန်းထဲမှာ ဘွဲ့ဓာတ်ပုံချိတ်ဖို့ထက် မပိုဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဧည့်သည်လာရင် ထုတ်ကြွားဖို့လောက်သာ ဘွဲ့ကို တပ်မက်ကြတယ်။ မင်္ဂလာဆောင်ရင် အမှီးတပ်ဖို့အတွက်သာ ဘွဲ့ကို တန်ဖိုးထားကြတယ်။ လူများများအကြားမှာ အမှီးရှည်ရှည်တပ်နိုင်ပြီး လူနား မလည်တဲ့ ဂြိုလ်သားဝေါဟာရတွေကို နာမည်နောက်မှာ တစ်သီကြီးတပ်နိုင်ရင် ဂုဏ်ဒြပ်လို့ ထင်ကြတယ်။ ပညာရေးဟာ ဘာအတွက်လဲ….။

ပညာရေးကို အသက်မွေးဝမ်းကျောင်းအတွက် အာမခံချက်ရှိဖို့ ရွေးချယ်ကြတယ်။ ပညာရေးဟာ ဘဝအာမခံ ချက်ပေးနိုင်ရမယ့်လို့ယူဆတာတွေလည်း ရှိတယ်။ ပညာရေးဟာ တကယ် ဘာကို ပေးမှာလဲ။ ဘာကို ပေးသလဲ။ ပညာရေးရဲ့ ပေးထားချက်ဟာ ဘယ်အပေါ်မှာ မှီတည်သလဲ….

• ပြဌာန်းစာအုပ်မှာလား။
• ဆရာ / ဆရာမ ဆီမှာလား။
• အစိုးရမူဝါဒအပေါ်မှာလား။
• မိဘရဲ့သဘောထားအပေါ်မှာလား။
• စာမေးပွဲစနစ်အပေါ်မှာလား။
• လူ့အဖွဲ့အစည်းရဲ့ လူမှုဓလေ့အပေါ်မှာလား။
• ကျောင်းသားရဲ့ တိမ်းညွှတ်ချက်အပေါ်မှာလား။
• နိုင်ငံ့ရဲ့စီးပွားစနစ်ပေါ်မှာလား။
• လူမျိုးရေးအပေါ်မှာလား။

ပညာရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုးတွေးဆလို့ ရနိုင်ပါတယ်။ ပညာရေးဟာ ဘယ်လိုပဲဖြစ်ဖြစ်၊ အခြေခံ ပညာရေး က အခရာကျတယ်။ လူတိုင်းလူတိုင်းဟာ အခြေခံ ပညာရေးနဲ့ ထိတွေ့သင့်တယ်။ အခြေခံပညာရေးကလည်း ပေးရမယ့် အရာတွေ ရှိတယ်။ ပေးကို ပေးရမယ့် အရာတွေ။ ဒါတွေက ဘာတွေလဲ။

ပညာရေးဟာ ကိုယ့်ကိုယ်ကို ကောင်းအောင်နေတတ်ဖို့ လေ့ကျင့်သင်ကြားပေးရမယ်။ ပညာရေးဟာ လူလူချင်း စာနာနားလည်တတ်အောင်၊ လူလူချင်း ယိုင်းပင်းကူညီတတ်အောင်၊ လူလူချင်း ပူးပေါင်းလုပ်ဆောင်တတ် အောင် လေ့ကျင့်သင်ကြားပေးရမယ်။ တစ်ဦးချင်း ဘဝကောင်းကျိုးကို ပညာရေးဟာ ကျေးဇူးပြုထောက်ပံ့သင့် တယ်။ ထိုနည်းလည်းကောင်းပဲ တစ်ဦးချင်း ကောင်းကျိုးမှာတင် ရပ်မနေဘဲ လူ့အဖွဲ့အစည်းကောင်းကျိုးကို ရှေ့ရှုအောင် ကျေးဇူးပြုသင့်တယ်။

ကျနော် စဉ်းစားမိတယ်။

ပညာရေးဟာ ဘာအတွက်လဲ။ ပညာရေးဟာ ဘာကို သင်ပေးဖို့ လိုသလဲ။ ကျနော်ဆိုရင်ရော ဘာလိုအပ်သလဲ။ ကျနော့် လိုအပ်ချက်တွေဟာ အရွယ်နဲ့ အမျှ ပြောင်းလဲနေပါတယ်။

• ကျနော် ကလေးဘဝမှာ လိုအပ်ချက်က တမျိုး။
• ကျနော် ဆယ်ကျော်သက်ဘဝမှာ လိုအပ်ချက်က တမျိုး။
• ကျနော် တက္ကသိုလ်ကျောင်းသားဘဝမှာ လိုအပ်ချက်က တမျိုး။
• ကျနော် ဘွဲ့ရအပြီးမှာ လိုအပ်ချက်က တမျိုး။
• ကျနော် လုပ်ငန်းခွင်ထဲ ရောက်ခါစမှာ လိုအပ်ချက်က တမျိုး။
• ကျနော် လူငယ်ဘဝကနေ လူကြီးဘဝကို ကူးပြောင်းချိန်မှာ လိုအပ်ချက်က တမျိုး။

အခု ကျနော့် လိုအပ်ချက်က ဘာလဲ။ ကျနော်ဟာ လောလောဆယ် ပစ္စုပ္ပန်မှာ ဘယ်ဟာက အရေးအကြီးဆုံး လဲလို့ မှတ်ယူနေသလဲ။ ကျနော် ဖြေကြည့်ပါ့မယ်။ ကျနော် ဖြေကြည့်ချင်ပါတယ်။
ပစ္စုပ္ပန်အချိန်မှာ ကျနော့်အတွက် လိုအပ်ချက်က ငွေကြေးလည်းမဟုတ်ဘူး။ ရာထူးဂုဏ်ဒြပ်လည်း မဟုတ်ဘူး။ ထင်ပေါ်ကျော်ကြားမှုလည်း မဟုတ်ဘူး။ အာဏာပါဝါလည်း မဟုတ်ဘူး။ လက်ရှိ ကျနော် လိုအပ်နေတာက ဘဝနေနည်းနဲ့ စိတ်ထားနည်းကို သိနားလည်ဖို့ ဖြစ်ပါတယ်။

ကျနော့် ဘဝကို ဘယ်လိုနေနည်းမျိုးနဲ့ နေထိုင်ရမလဲ ဆိုတာ သိချင်တယ်။ နားလည်ချင်တယ်။ ကျနော် ဘဝကို ဘယ်လို စိတ်နဲ့ ရှင်သန်မလဲ။ ကျနော် အလုပ်ကို ဘယ်စိတ်နဲ့ လုပ်မလဲ။ ကျနော့်ပတ်ဝန်းကျင်ကို ဘယ်စိတ်နဲ့ ရှုမြင်မလဲ။ ကျနော့် သူငယ်ချင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်စိတ်နဲ့ ပေါင်းသင်းဆက်ဆံမလဲ။ အခက်အခဲ အကျပ်အတည်းတွေကို ကျနော် ဘယ်စိတ်နဲ့ ရင်ဆိုင်မလဲ။ ငွေကြေးအပေါ် ကျနော် ဘယ်လို သဘောထားမလဲ။ ကျနော့်နောက်ကျော ဓားနဲ့ထိုးသူတွေကို ကျနော် ဘယ်စိတ်နဲ့ တုံ့ပြန်မလဲ။ လူတွေကို ကျနော် ဘယ်စိတ်ထားနဲ့ ဆက်ဆံမလဲ။ အောင်မြင်မှုကို ကျနော် ဘာစိတ်နဲ့ အဓိပ္ပာယ်ဖွင့်မှာလဲ။ သေခြင်းတရား အပေါ် ကျနော် ဘယ်လိုစိတ်ထားသလဲ။ ကျနော့်နိုင်ငံ၊ ကျနော့်မြို့၊ ကျနော့် ဘာသာ သာသနာကို ကျနော် ဘယ်စိတ်ထားမွေးပြီး လက်ခံယူကြည့်ထားသလဲ။


ဒါတွေက သိပ်အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ ပညာရေးဟာ ဘဝနေနည်းနဲ့ စိတ်ထားနည်းကိုမှ သင်မပေး နိုင်ရင် တကယ့်ပညာရေး မဟုတ်သေးဘူးလို့ ထင်တယ်။ ပညာရှာဖွေရာမှာလည်း ဘဝနေနည်းနဲ့ စိတ်ထားနည်းကိုမှ ရှာဖွေ သင်ယူမှု မလုပ်နိုင်ရင် ဒါဟာ တကယ့်ပညာကို မတွေ့သေးဘူးလို့ ပြောနိုင်ပါလိမ့် မယ်။

ဘဝနေနည်းဟာ ပိုပြီး အရေးကြီးလာမှန်း ကျနော် တဖြည်းဖြည်းသိလာတယ်။ စိတ်ထားနည်းဟာ လောလော ဆယ် ငွေကြေးဓနဥစ္စာထက် ပိုပြီး အရေးကြီးတယ်လို့ ကျနော် နားလည်လာတယ်။ အတန်းပညာတွေ တတ်ပေ မယ့် ဘဝနေနည်းကို အသက်အရွယ်ကြီးတဲ့အထိ ရှာမတွေ့သေးတဲ့ လူတချို့ကို တွေ့ဖူးပါတယ်။ သူတို့ဟာ ကရုဏာသက်စရာကောင်းတဲ့ လူတွေ ဖြစ်နေပါတယ်။ ငွေကြေးတွေ ချမ်းသာ၊ ဓနဥစ္စာတွေ ကြွယ်ဝပေမယ့် စိတ်ထားနည်း မတတ်လို့ စိတ်ပူပန်ဆင်းရဲပြီး တစ်ခုခုကြောင့် အမြဲတမ်း ကြောင့်ကြနေတဲ့သူတွေ တွေ့ဖူးပါ တယ်။ သူတို့ဟာ ကရုဏာသက်စရာကောင်းတဲ့ လူတွေ ဖြစ်နေပါတယ်။

တချို့လူတွေဟာ ငွေကြေးအရ၊ ပညာရေးအရ မြင့်မြင့်မားမား ရှိမနေကြဘူး။ လူမှုအဆင့်အတန်းအရလည်း ခေတ်မီပစ္စည်းတွေ၊ အသုံးအဆောင်မျိုးတွေကို မသုံးစွဲနိုင်ဘူး။ ဒါပေမယ့် သူတို့ရဲ့ဗီဇနဲ့ သူတို့ဖြတ်သန်းမှု၊ သူတို့ နှလုံးသွင်းမှုကြောင့် ဘဝနေနည်းနဲ့ စိတ်ထားနည်းကို ကောင်းကောင်း ရထားကြတယ်။ သူတို့ရဲ့ဘဝဟာ နေပျော်ကြတယ်။ ပျော်ရွှင်ကြတယ်။ ပူပင်မှု နည်းကြတယ်။ စိတ်ချမ်းသာကြတယ်။ သူတို့ဟာ ဘဝနေနည်း နဲ့ စိတ်ထားနည်း တတ်ကြလို့ သူတို့ မျက်နှာတွေဟာ ကြည်နေတယ်။ သူတို့ မျက်လုံးတွေဟာ ရီနေတယ်။ သူတို့ အိန္ဒြေရာ နှစ်လိုဖွယ်ဖြစ်နေတယ်။ သူတို့နဲ့ ထိတွေ့ ဆက်ဆံပြောဆိုရတဲ့သူက အေးချမ်းနေတယ်။ ငြိမ်းအေး နေတယ်။ ကျေနပ်စရာဖြစ်နေတယ်။ သက်သောင့်သက်သာဖြစ်နေတယ်။

ဘဝနေနည်းဟာ သိပ်အရေးကြီးပါ့လား။
စိတ်ထားနည်းဟာ သိပ်အရေးကြီးပါ့လား။

အမြော်အမြင်ရှိတဲ့လူကြီးသူမတွေ၊ ဉာဏ်အမြင်ထက်သန်တဲ့ ဆရာ / ဆရာမတွေက ကလေး လူငယ်တွေကို ဘဝနေနည်း စိတ်ထားနည်း သင်ပေးလမ်းပြနိုင်ရင် တကယ့်အဖိုးတန် ရတနာပါပဲ။ အသက်ကြီးပေမယ့် အချိန် မစီးဘဲ ဘဝနေနည်းကိုလည်း မရှာ၊ စိတ်ထားနည်းလည်း မတတ်ဘဲ သူငယ်နာမစင်တဲ့ လူကြီးတွေရဲ့ဘဝက တော့ ကိုယ့်ကိုယ်ကို သတိမရှိ၊ မဆင်ခြင်နိုင်ရင် ကမ္ဘာ့သနားစရာအကောင်းဆုံး သတ္တဝါတွေဖြစ်လို့နေပါတာ သူတို့ ကိုယ်တိုင် သိရင် သိပ်ကောင်းမှာပဲ။

မင်းသေ့
ည ၇ း ၄၁
၇ ၊ ဇန်နဝါရီ ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post လွတ်လပ်ခြင်း ကွင်းပြင် ၊ လုပ်ကိုင်ခွင့် ဝန်းကျင်
Next post စာတောထဲ မျက်စိလည်ကြပါစေ…