အနော်ရထာက စတင်ခဲ့တဲ့ ဗမာသမိုင်းဟာ နှစ်ပေါင်းများစွာ အတည်အတံ့ရှိခဲ့ပြီ။ ဂုဏ်ရောင်တွေ ထွန်းပြောင်ခဲ့ သလို၊ ဂုဏ်ရောင်တွေလည်း ညှိုးမှိန်ခဲ့ပြီးပြီ။ သမိုင်းဟာ အစဉ်အတိုင်း လည်သလို၊ တစ်ပတ်လည်သလို၊ ဆူကြုံ မြင့်တုံ ရှိခဲ့ပြီးပြီ။ ဗမာ / မြန်မာ အသုံးအနှုန်းတွေအပေါ် စကားလုံး တစ္ဆေခြောက် မခံချင်ပါဘူး။ စစ်တွေ တိုက်ခဲ့ တယ်။ အင်ပါယာတွေ ချဲ့ခဲ့တယ်။ လူသတ်ပွဲတွေ လုပ်ခဲ့တယ်။ သိမ်းပိုက်ကျူးကျော်တာတွေ လုပ်ခဲ့သလို၊ ကျူး ကျော်စော်ကားခံရတာတွေလည်း ရှိခဲ့တယ်။ စစ်တိုက်တယ်၊ ဘုရားတည်တယ်။ ဒီအလုပ်နှစ်ခုဟာ ပဒေသရာဇ် သမိုင်းမှာ အထင်အရှားရှိခဲ့တယ်။ စစ်ပြုခြင်းနဲ့ ဘုရားတည်၊ ကျောင်းဆောက်ခြင်းဟာ ဘုရင်တွေရဲ့အဓိက အလုပ်လိုဖြစ်လာတယ်။


ဗမာဘုရင်တွေဟာ ဩဇာကို အမှတ်သရုပ် (၂) ခုနှစ် သက်သေပြနိုင်ဖို့ ကြိုးစားကြတယ်။ အင်ပါယာတွေ ချဲ့ပြီး၊ နယ်စားပယ်စားတွေအပေါ် သစ္စာခံစေဖို့ လုံ့လထုတ်ကြတယ်။ သည့်အတွက် စစ်တိုက်ကြတယ်။ တိုင်းပြည် ဩဇာတက်တာကို ပြဖို့၊ တိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရဖို့ ဘုရားတွေ တည်ပြတယ်။ သူတို့ကိုယ် တိုင်းလည်း ဘုရားကျောင်းကန်တွေ တည်ရတာကို ဂုဏ်ယူတယ်။ သာသနာပြုမင်း၊ ဘုရားဒါယကာ ဘွဲ့ထူးရ လိုကြတယ်။


ဗမာ့သမိုင်းကို ကြည့်လိုက်ရင်၊ အာဏာနဲ့သာသနာ အဆက်အစပ်ကို ယှဉ်တွဲတွေ့ရတယ်။ အနော်ရထာနဲ့ ရှင်အရဟံကို တွဲပြီး သိကြတယ်။ မြင်ကြတယ်။ အာဏာစက်ကို ဓမ္မစက်နဲ့ တွဲပြီး တည်ဆောက်ခဲ့တယ်။ ဗမာ နိုင်ငံတော်ရဲ့ အစသာ အာဏာသက်သက်နဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ သာသနာပါ ပူးတွဲပါဝင်နေတယ်။ အနော်ရထာရဲ့ ထေရဝါဒသာသနာ ပြန့်ပွားရေး ကြိုးပမ်းချက်အပေါ် စဉ်းစားစရာတွေ မြောက်များစွာ ရှိပါလိမ့် မယ်။


အနော်ရထာဟာ ပထမဗမာနိုင်ငံတော်ကို စုစည်းတည်ထောင်နိုင်ခဲ့တယ်။ နိုင်ငံတော်တည်ဆောက်ရေးကို၊ နယ်မြေအင်ပါယာအရပါ စဉ်းစားခဲ့တာ မဟုတ်ခဲ့ဘူး။ အမျိုးသားရေးစိတ်ကို စုစည်းလှုံ့ဆော်နိုင်ဖို့ ကြိုးစားနိုင်ခဲ့ တယ်။ ဒါကို ဘာသာရေးအမှတ်သရုပ်နဲ့ ဝိညာဉ်ချဲ့ကြိုးစားနိုင်ဖို့ လုပ်ဆောင်ခဲ့တယ်။ ရှင်အရဟံဟာ၊ သာသနာ ကို ချီးမြှောက်တဲ့ သာသနာ့ အာဇာနည်ဖြစ်သလို၊ မင်းဆရာအဖြစ်လည်း ချီးမြှောက်ခံရတယ်။ ဆရာ – ဒကာ ဆက်ဆံရေးဟာ ဗမာ့သမိုင်းအစမှာတင် ဖြစ်တည်လာခဲ့တယ်။ အနော်ရထာ ပုဂံအင်ပါယာကို တည်ထောင်တာ နိုင်ငံထူထောင်ရေးဖြစ်ပြီး၊ ရှင်အရဟံ ကြီးမှူးတဲ့ ထေရဝါဒသာသနာကို သွတ်သွင်းတာဟာ လူမှုပြုပြင်ပြောင်းလဲ ရေးတစ်ရပ်ကို ဆင်နွှဲခြင်းလို့ မှတ်ယူလို့ ရနိုင်တယ်။


လူမှုတော်လှန်ရေးတွေ လုပ်ဖို့ ဆွဲစုနိုင်မယ့် အမှတ်အသားတွေကို ရှာကြရတယ်။ အနော်ရထာက၊ ဘာသာရေး ကို ရွေးချယ်ခဲ့တယ်။ သာသနာကို ရွေးချယ်ခဲ့တယ်။ ဗမာ့လူ့အဖွဲ့အစည်းရဲ့ နှလုံးသည်းပွတ်ကို ဆွဲစုနိုင်မယ့် အမှတ်အသားဟာ ဘာဖြစ်နိုင်ပါသလဲ။ ဘာသာရေးဖြစ်ခဲ့ပါတယ်။ ဘာသာရေးဖြစ်နေပါတယ်။ နိုင်ငံတည် ဆောက်ရေးမှာ လူ့အဖွဲ့အစည်းရဲ့ဝိညာဉ်ကို ဆွဲဖမ်းဖို့ပါ ကြိုးစားကြရတယ်။ ဒါ့ကြောင့် ထေရဝါဒ သာသနာ ပြန့်ပွားရေးဟာ ဗမာပြည်အလယ်ပိုင်းမှာ စတင်ဖြစ်တည်လာတယ်။


အနော်ရထာက ရှင်အရဟံကို ပင့်ဆောင်ပြီး၊ ထေရဝါဒ သာသနာသွတ်သွင်းခြင်းအပေါ် စောဒက တက်စရာ တွေ ရှိတယ်။ အကြောင်းကတော့ အရည်းကြီးတွေအကြောင်းဖြစ်တယ်။ အရည်းကြီးတွေဟာ ပုဂံခေတ် အနော်ရထာ အာဏာစက် ဖြန့်ကျက်ချိန်အထိ၊ လူ့အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းအလွှာမှာ ရှိနေတယ်။ လက်နက်နဲ့ သိမ်းပိုက်ထားတဲ့ အနော်ရထာဟာ လူမှုကျင့်ထုံးတွေရဲ့ အကန့်အသတ်ကို ခံခဲ့ရဟန်တူတယ်။ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်လို့ရနိုင်ပေမယ့် လူမှုဓလေ့ကို လူမှုဓလေ့နဲ့ပဲ ပြန်လည် ဩဇာလွှမ်းမိုးဖို့ ကြိုးစားရတယ်။ ဒါ့ကြောင့် အရည်းကြီးတွေရဲ့ ဩဇာကို တိုက်ထုတ်ဖို့ ရှင်အရဟံ အကူအညီယူရတယ်လို့ ဆိုနိုင်က ဆိုနိုင်တယ်။ ဒါပေမယ့် အရည်းကြီးတွေအကြောင်းကို တစွန်းတစ ဆန်းစစ်ဝေဖန်ထားတဲ့ သမိုင်းမှတ်တမ်းတချို့ရှိတယ်။ တစ်ဖက်မှာလည်း အရည်းကြီးတွေကို ‘ပန်းဦးလွှတ်’ တဲ့ကိစ္စလို့ အရာမျိုးတွေကို ထောက်ပြပြီး၊ ဆိုးဆိုးရွားရွား မှတ်တမ်းတင်ထားတာတွေ ရှိတယ်။ ဒေါက်တာသန်းထွန်းရဲ့ ယူဆချက်အရ၊ တကယ်ဆန်းစစ်ကြည့်ရင် အရည်းကြီးတွေဟာ ထင်သလောက် ဆိုးတာ မဟုတ်… လို့လည်း ဆိုကြတယ်။ အရည်းကြီးတွေနဲ့ ပတ်သက်ပြီး အမြင်ယူဆချက်က (၂) ဖက်ဖြစ်တယ်။


ဘယ်လို အမြင်ယူဆချက်ရှိတယ်လို့ပဲ ဆိုဆို၊ အနော်ရထာဟာ ဘုရားတည် ကျောင်းဆောက်တယ်။ နတ်ကိုး ကွယ်မှု၊ အရည်းကြီး ဆည်းကပ်မှုတွေကို ဖယ်ရှားတယ်။ လူမှုတော်လှန်ရေးတစ်ရပ်ကိုပါ ဆင်နွှဲခဲ့တယ်။ ထေရဝါဒကို အနော်ရထာ ရွေးချယ်ခဲ့တာ ဗမာတွေအတွက် ကောင်းတယ်။


• အနော်ရထာဟာ သာသနာကို ဘယ်လို ချီးမြှောက်ခဲ့ပါသလဲ။
• ရှင်အရဟံဟာ သာသနာကို ဘယ်လို သွတ်သွင်းဖြန့်ချိခဲ့ပါသလဲ။


လူထုကြားထဲမှာ သက်ဝင်ယုံကြည်နေတဲ့ ရှေးဟောင်းအယူအဆတွေကို တိုက်ဖျက်ဖို့က အတော်ခက်လှပါ တယ်။ အာဏာစက်ကို သုံးရသလို၊ ဓမ္မစက်ရဲ့အကူအညီကိုလည်း ယူခဲ့ရတယ်။ အနော်ရထာ နောက်ပိုင်း ဆက်ခံခဲ့တဲ့ ပုဂံခေတ်၊ ဘုရင်အဆက်ဆက်ကလည်း ဘုရားတည်တာတွေကို ဆက်လက်လုပ်ဆောင်ခဲ့တယ်။ ရှေ့စီနီယာ ဘုရင်တွေရဲ့ ကျင့်ထုံးကိုပဲ လိုက်နာခြင်းပဲလား။ သို့တည်းမဟုတ် ဘုန်းကြီးကျောင်းသားဖြစ်ခဲ့တဲ့ ဘုရင်တွေရဲ့ တိမ်းညွှတ်ချက်ကြောင်ပဲလား ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ သာသနာကို ကြည်ညိုတယ်ဆို တာကို ပြဖို့ ဘုရားစေတီ ပုထိုး ခပ်ကြီးကြီး တည်ပြတာလည်း ဖြစ်နိုင်သလား။ တကယ် သာသနာကို ယုံကြည် ပြီး ကိုးကွယ်ဆည်းကပ်ခဲ့တဲ့ ဗမာဘုရင်တွေဟာ ဘယ်သူတွေ ဖြစ်ခဲ့ပါသလဲ။


အဆုံးအမကို ကိုးကွယ်တာဖြစ်လို့ အဆုံးအမအတိုင်း လိုက်နာခြင်း၊ မလိုက်နာခြင်းဟာ သက်သေပြချက် ဖြစ်နိုင်ပါတယ်။ သာသနာကို ချီးမြှောက်တဲ့ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်လို့ ခံယူတဲ့ မင်းတွေဟာ သူတို့ နှလုံးသားမှာ ဗုဒ္ဓ အဆုံးအမ ၊ ဘယ်၍ ဘယ်မျှ ကိန်းအောင်းခဲ့တယ်ဆိုတာ တွက်ဆဖို့ ခက်ခဲပါတယ်။ ဘယ် ဘုရင်က ဘယ်ဘုရားကို တည်တယ်ဆိုတဲ့သမိုင်းကိုသာ သိရပါတယ်။


ဗမာနိုင်ငံတော်ရဲ့သမိုင်းအစမှာ သာသနာပြန့်ပွားခြင်းကို စေတီ၊ ပုထိုးနဲ့ပဲ လုပ်ဆောင်ခဲ့လေသလားဆိုတာ ထပ်ပြီးတွေးရမှာဖြစ်ပါတယ်။ ဘုရားကို စေတီကွယ်တယ်၊ တရားကို ပိဋကတ်ကွယ်တယ်။ သံဃာကို ဘုန်းကြီး ကွယ်တယ်ဆိုတဲ့ စကားရှိပါတယ်။ စေတီပုထိုးတွေ မြောက်များစွာ တည်လေ့ရှိတဲ့ ဗမာတွေဟာ နှလုံးသားထဲ မှာ ဘုရားတည်ဖို့ ကြိုးပမ်းချက်တွေကို လုပ်ခဲ့ပါသလား။ သံဃာ့အကူအညီ ယူပြီး လူမှုပြုပြင်ပြောင်းလဲရေး တစ်ရပ်လုပ်ခဲ့တဲ့ ဗမာဘုရင်တွေဟာ လက်ရှိလည်း ဘုန်းကြီးသံဃာရဲ့အကူအညီယူပြီး လူမှုတော်လှန်ရေးကို လုပ်နေရသေးသလား။ လုပ်ဆောင်ပုံတွေဟာ ရှေးအခါနဲ့ ယခုအခါ ဘာတွေ ကွဲပြားပါသလဲ။


ရှင်အရဟံဟာ သာသနာပြု ဘုန်းကြီးတစ်ပါးလား။ လူမှုပြုပြင်ပြောင်းလဲရေးသမားလား။ ဒကာကို ဆရာက ကူညီခဲ့တဲ့ ဖြစ်ရပ်လား။ လူမှုဓလေ့ဆိုးကို တိုက်ဖျက်ဖို့အတွက် ထေရဝါဒသာသနာကို အသုံးပြု အစားထိုးခဲ့ခြင်း လား။ သမိုင်းတွေကို မျိုးချစ်ထောင့်ကနေ ကြည့်ရင် တစ်မျိုးထွက်နိုင်ပါတယ်။ သမိုင်းထောင့်ကနေကြည့်ရင် တစ်မျိုးထွက်ပါတယ်။ အာဏာရှုထောင့်ကနေ ကြည့်ရင်လည်း ပုံစံတစ်မျိုးထွက်တယ်။ လူမှုဗေဒရှုထောင့်ကနေ ကြည့်ရင်လည်း နောက်ပုံစံတစ်မျိုးထွက်ပါလိမ့်မယ်။


သမိုင်းဟာ ပစ္စုပ္ပန်ကို ကြည့်ဖို့ အကောင်းဆုံး မှန်တစ်ချပ် ဖြစ်နိုင်ပါတယ်။


မင်းသေ့
နေ့လယ် ၁ း ၀၂
၂၇ ၊ ဇူလိုင် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ◾ ဗမာ့ အတိတ် ၊ ပစ္စုပ္ပန် ๑ ─────●●───── ๑
Next post နိုင်ငံရေးသမားလို့ ခံယူသူများအတွက်၊ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးလိုက်ခြင်း….

2 thoughts on “ဗမာ ၊ ဗမာ ဘုရင့် အာဏာ / သာသနာ

Comments are closed.