အောင်မြင်မှုအကြောင်း ခင်ဗျား ဘယ်လောက်နားလည်သလဲ…

အောင်မြင်မှုအကြောင်း နားမလည်ချင်ဘူး။ ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ အောင်မြင်မှုဆိုတာ ကို အများတကာတွေ အသိအမှတ်ပြုမှုနဲ့ တိုင်းတာကြလွန်းလို့ နားမလည်ချင်တော့တာ။ အများတကာဆိုတာ က အမျိုးမျိုးဖြစ်နိုင်တယ် မဟုတ်လား။ သူတို့တိုင်းတံပေတံတွေကလည်း အဖုံဖုံများလို့နေတယ်မလား။ ဒါ့ကြောင့် အများအသိအမှတ်ပြုခံရအောင် လုပ်တယ်ဆိုတာ အရှုးကို လင်လုပ်နေရသလိုဖြစ်နေတယ်။ ဘယ်သူ့ အသိအမှတ်ပြုမှုကို လိုချင်တာလဲ။ ဘယ်လောက်အသိအမှတ်ပြုခံချင်တာလဲ။ အသိအမှတ်အပြုမခံရရင် အလုပ် တွေကို အကောင်းဆုံး မလုပ်တော့ဘူးလား။ ဘယ်သူမှ မသိလည်း ကိုယ့်အလုပ်ကို ကိုယ် လူမသိ သူမသိ အကောင်းဆုံး အားထုတ်နိုင်တာကို အောင်မြင်မှုလို့ ခေါ်လို့ မရတော့ဘူးလား….။ အောင်မြင်မှုနဲ့ ပတ် သက်ရင် မေးခွန်းတွေ နိုင်နိုင်ထုတ်နိုင်မှ အဆင်ပြေလိမ့်မယ် ထင်တယ်။

အောင်မြင်မှုဆိုတာကို ခင်ဗျားအနေနဲ့ ဘယ်လို သတ်မှတ်ထားသလဲ…..

လူတိုင်းမှာ အောင်မြင်မှုနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် ကိုယ်စီရှိပါလိမ့်မယ်။ ကျနော့်ဖွင့်ဆိုချက်ကို ပြောပါ့ မယ်။ ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို ပြီးမြောက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အားထုတ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်တာကို အောင်မြင်မှုလို့ ကျနော်သတ်မှတ်မယ်။ ကျနော်ပြောတဲ့ အဓိပ္ပာယ်ထဲမှာ အဓိကစကားလုံးတွေကို သတိထားမိစေချင်တယ်။ ကိုယ်လုပ်တဲ့အလုပ်၊ ပြီးမြောက်ခြင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိ သလောက်အားထုတ်တာ၊ အကောင်းဆုံး ဖြစ်အောင် လုပ်တာ…. စတဲ့ စံပေတံတွေပါတယ်။

အလုပ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘာပြောချင်လဲ….

ခင်ဗျားမေးတဲ့ ရှေ့က မေးခွန်းနဲ့ ချိတ်ဆက်ပြီး ပြောချင်တယ်။ လူဆိုတာ ဘယ်အလုပ်ကို လုပ်မှ ပျော်ရသလဲ။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ရမှ ပျော်တယ်။ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေရမှ ပျော်တယ်။ ကိုယ်ချစ်တဲ့ အလုပ်ကို အစွမ်းကုန်အားထုတ်ပြီး လုပ်နေမှလည်း အရည်အချင်းတွေ ထွက်တယ်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် လုပ်ဖို့ ဆိုတာ အလုပ်ကို မချစ်ရင် မဖြစ်ဘူး။ ချစ်တယ်ဆိုတာလည်း သူတစ်ပါး တိုက်တွန်းလို့ မဟုတ်ဘူး။ ကိုယ့်စိတ်ထဲကကိုယ် အလိုလိုနေရင်း လုပ်နေရင်း ပျော်နေတာ….။ ဒါပေမယ့် လူပဲလေ။ လူဟာ အလုပ်လုပ်ရင် အသိအမှတ်ပြုခံချင်တယ်။ လူဟာ အသိအမှတ်ပြုခံချင်တဲ့ သတ္တဝါလို့ အနောက်တိုင်းဒဿန ဆရာကြီးတစ်ယောက်ပြောဖူးတယ်။ ကျနော့်အထင် ဟီးလ်ဂဲပြောခဲ့တာထင်တယ်။ အသိအမှတ်ပြုမှုဆိုတာ ငွေကြေးဖြစ်ချင်မှဖြစ်မယ်။ ရာထူးဖြစ်ချင်မှဖြစ်မယ်။ ဘယ်အရာက ကိုယ့်ကို မက်လုံးဖြစ်စေသလဲဆိုတာက တော့ လူတစ်ယောက်ချင်းစီက ကိုယ့်ကိုယ်ကို သိကြပါတယ်။ လူတွေကို အလုပ်တွေ ပိုပြီးတိုးလုပ်အောင် မောင်းနှင်တာက မက်လုံးဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့မက်လုံးကို သိအောင်လုပ်ရင် သူတို့ရဲ့ခွန်အားတွေကို ဘယ်လို ညစ်ယူနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက ကိုယ်မလုပ်ချင်တဲ့အလုပ် ကို တစ်သက်လုံး စိတ်ဆင်းရဲစွာနဲ့ အခြေအနေအရ ဆိုတဲ့ ဆင်ခြေကို သုံးပြီး လုပ်ကိုင်ကြရတယ်။ ပျော် ပျော် ရွှင်ရွှင် ကျေကျေနပ်နပ် နဲ့ မလုပ်တဲ့ ဘယ်အလုပ်မျိုးမဆို အကောင်းဆုံးဖြစ်မလာဘူး။ အလုပ်လုပ်ရင်း ပျော်မနေတော့မှတော့ အလုပ်တွေဟာ တိုးလို့တန်းလန်းနဲ့ အဖြစ်လုပ်သလိုပဲဖြစ်နေတာ များတာပေါ့။ ဒီတော့ အလုပ်လည်း ဘယ်ပြီးတော့မလဲ။ ဒါဆိုရင် အေဖြက ပါပြီးသွားပြီ။ ဒီလိုလူဟာ အောင်မြင်တဲ့လူလို့ ပြောလို့ကို မရနိုင်တော့ဘူး မဟုတ်လား။

အလုပ်တွေတော့ လုပ်တယ်… သို့ပေမယ့် ဘဝကို ကောင်းကောင်းမွန်မွန် မနေထိုင်သွားရတဲ့ လူတွေရှိလာတာ ဘာ့ကြောင့်လို့ ထင်သလဲ….

အလုပ်လုပ်တိုင်း အဆင်မပြေနိုင်ဘူးဗျ။ အလုပ်မှာ ဉာဏ်ပေါင်းထည့်ဖို့ လိုတယ်။ ဉာဏ်ဆိုတာပေါင်းထည့်ဖို့ အတွက် ဒီတိုင်း ညစ်ထုတ်လို့ ရတာ မဟုတ်ဘူး။ ဝမ်းစာဖြည့်ထားမှ ဉာဏ်ဆိုတာ ထွက်တာ။ ဘာမှ လေ့လာ၊ မစူးစမ်း၊ မဆည်းပူးထားတဲ့သူမှာ ဉာဏ်ဆို ထွက်မလာတတ်ဘူး။ မြန်မာစကားပုံတစ်ခု ရှိတယ်။ “ကံမရှိ ဉာဏ် ရှိတိုင်းမွဲ” ဆိုတဲ့စကား။ ကံဆိုတာကို ဘယ်လို နားလည်သလဲ။ ကျနော့်သဘောကတော့ ကံဆိုတာ အလုပ်။ ကမ္မ ဆိုတဲ့ ပုဒ်က ဆင်းသက်လာတယ်လို့ ထင်တယ်။ ကံဆိုတာ အလုပ်။ တချို့ကတော့ ဉာဏ်ရှိတယ်။ ဒါပေမယ့် အလုပ်ကို ဖြစ်မြောက်အောင် သေချာ မလုပ်ဘူး။ ဒါဆိုရင်လည်း ဘဝဟာ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာမှာ မဟုတ်ဘူး။ တခါတရံလည်း ကိုယ်က အလုပ်ကြိုးစားပါလျက်နဲ့ ပတ်ဝန်းကျင်ကောင်းမရလို့ အခွင့် အလမ်းကောင်း မရပြီး မွဲတေနေကြတဲ့သူတွေလည်း များစွာ ရှိတယ်။ ဥပမာ ကျနော်တို့ နိုင်ငံပေါ့ဗျာ။ ကျနော် တို့ နိုင်ငံမှာ ကံလည်း ရှိတယ်၊ ဉာဏ်လည်းရှိတယ်၊ သဘာဝပေး အခွင့်အလမ်းတွေလည်း များစွာ ရှိနေပါလျက် နဲ့ ချို့ချို့တဲ့တဲ့ သေဆုံးသွားကြသူတွေ အများကြီး ရှိတယ်။

ဝါသနာနဲ့ အလုပ် ထပ်တူကျခြင်း / မကျခြင်း အပေါ်မှာလည်း ခင်ဗျား မှတ်ချက်ပေးစမ်းပါအုံး…

ဝါသနာနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက်တာသန်းထွန်းပြောခဲ့ဖူးတဲ့ စကားတစ်ခုကို အခုထိ မှတ်မိနေတယ်။ ဝါသနာဆိုတာ မွေးယူရတာ… သူ့အလိုလိုဖြစ်လာတာ မဟုတ်ဘူး….. မင်းတို့ဟာက ဝါသနာမပါဘူး ပြောရ အောင် ဘယ်တုန်းက မွေးပြီး ယူခဲ့ဖူးသလဲ….တဲ့။ ဒီစကားကို ကျနော် သိပ်ကြိုက်တာပဲ။ မွေးယူတယ်ဆိုတာ သိပ်မှန်တယ်။ လေ့ကျင့်ယူတယ်။ ထုံမွှမ်းပြီးယူတယ်လို့ ပြောရမှာပေါ့။ ဝါသနာနဲ့ အလုပ် ထပ်တူကျဖို့အတွက် အချက် (၃) ချက်လိုတယ်လို့ ထင်တယ်။ တစ် – ကိုယ့်အကြောင်း ကိုယ်သိတာ၊ ကိုယ့်စရိုက်ကို ကိုယ်သိတာ၊ ကိုယ့်ကိုယ်ကို သိတာ။ နှစ် – ဝါသနာကို ရှာဖွေပြီး မွေးယူတာ၊ လေ့ကျင့်ယူတာ။ သုံး – ဝါသနာကို လုပ်ခွင့်ရ အောင် ကြိုးစားပြဌာန်းယူတာ…။ ဒီအချက် တစ်ချက်ချင်းစီမှာ အကန့်အသတ်တွေ ရှိတယ်။ ဒီခေတ် လူငယ် တွေက ပြောကြတယ်။ သူတို့ ဝါသနာပါတဲ့ အရာတွေ လုပ်ခွင့်မရဘူးတဲ့။ ဒါကလည်း မှန်သင့်သလောက်ပဲ မှန် တယ်။ အားလုံး မမှန်ဘူး။ အကြွင်းမဲ့ မှန်ကန်တာ မဟုတ်ဘူး။ ဘောလုံး ကန်သလိုပေါ့။ ကိုယ်က ဘောလုံးကန် တာဝါသနာပါမှ ရမယ်။ ဘောလုံးဝါသနာပါပြီး နေ့စဉ် ထိုင်ပြီး အိပ်နေရင် ဘာမှ ဖြစ်မလာဘူး။ ဘောလုံးကန် တတ်အောင် လုပ်ဖို့ လိုတယ်။ ဘောလုံးကန်တတ်ရင်လည်း တချို့အတွက်ကတော့ ကွင်းနဲ့ အသင်းဟာ အရံသင့်ရှိနေတတ်တယ်။ တချို့တွေအတွက်ကတော့ ကွင်းနဲ့ အသင်းဟာ အရံသင့်အနေအထားမှာ ရှိမနေ တတ်ဘူး။ ဒီလိုဆိုရင်လည်း ဘာဖြစ်သလဲ။ ကွင်းကို ကိုယ်ကိုယ်တိုင် ဖန်တီးရမှာပေါ့။ အသင်းကို ကိုယ်ကိုယ် တိုင် ဖွဲ့စည်းဖို့ ကြိုးစားရမှာပေါ့။ ရေခံမြေခံကောင်းတဲ့ ကွင်းနဲ့ အသင်းတွေ ရှိထားပြီးရင်တော့ ကိုယ်ဟာ ဘောလုံးလေ့ကျင့်မှုကိုပဲ အာရုံစူးစိုက်ထားလို့ရတယ်။ ဘောလုံးကန်မယ့်သူဟာ သူကန်မယ့်ကွင်းကို သူဖန်တီး နေတယ်ဆိုတော့ အချိန်ကုန်လူပန်းတယ်လို့လည်း မြင်ချင်မြင်ကြမယ်။ ဒါကိုလည်း ပုံသေပြောလို့မရဘူး။ ကိုယ့် ခံယူချက်အပေါ်မှာ သက်ဆိုင်တယ်။ ကျနော်တို့ မြန်မာပြည်က လူငယ်တွေအဖို့ ဘောလုံးကန်တတ်အောင် လည်း လုပ်နေရသလို ကိုယ်ခြေစွမ်းပြဖို့ ကိုယ့်ကန်မယ့်ကွင်းကို ကိုယ့်ဘာသာဖန်တီးနေရတာတွေလည်း ရှိ တယ်။ ဒါပေမယ့် ဒီလိုပဲ လုပ်ကြရမှာပါပဲ။ ကျနော်တို့ ရှေ့လူတွေက ဖျက်ဆီးခံထားရတာကြပြီကိုး။ ပျက်စီးနေ တာလည်း ကြာပြီလေ။ ဘောလုံးကန်တတ်ရဲ့သားနဲ့ ကန်စရာ ကွင်းမရှိဘူးဆိုပြီး ထိုင်နေရင်တော့ ဘာမှဖြစ် လာမှာ မဟုတ်ဘူး။ ကချင်ရင် ဇာတ်ထောင်ရမယ်။ ဇာတ်ထောင်ပြီးရင် ကိုယ့်စိတ်ကြိုက် က,ပေတော့ပဲ။

မင်းသေ့
နေ့လယ် ၃ း ၁၈
၂၉ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။
ထားဝယ်မြို့ ။

Previous post တရုတ်မျိုးချစ်
Next post စားသောက်မှုပုံစံ နဲ့ လူ့အဖွဲ့အစည်း