လမ်းဆုံလမ်းခွကိုရောက်နေတဲ့ မြန်မာပြည်ဟာ ရွေးချယ်မှုမှန်ဖို့ လိုတယ်။ ရွေးစရာလည်း များများ ရှိထားဖို့ လိုတယ်။ မြန်မာပြည်အတွက် ကဏ္ဍတိုင်းမှာ ရွေးစရာတွေ မှန်နေဖို့ လိုတယ်။ ကျနော်တို့မှာ ရွေးစရာရှိသလား။ ရွေးတတ်ရဲ့လား။ ဘာကို ရွေးမလဲ။ မေးခွန်းနိုင်နိုင်မေးနိုင်မှ ဖြစ်မယ် ထင်တယ်။ အဓိက စကားလုံးတချို့ကို ကျနော် ချရေးကြည့်ပါမယ်။

• တက်ကြွသော နိုင်ငံသား (Active Citizen)
• ကျင့်ဝတ်ရှိသော မီဒီယာ (Ethical Media)
• တာဝန်ယူတတ်သော စီးပွားရေး (Responsible Business)
• အခြေခံဥပဒေဖြင့် အုပ်ချုပ်သော အစိုးရ (Constitutional Government)
• တာဝန်ခံသော အုပ်ချုပ်မှု (Accountable Governance)
• ဆန်းသစ်ဖန်တီးသော အနုပညာ (Creative Art)
• စားပွဲဝိုင်းနိုင်ငံရေး (Table Politics)
• ပြည်သူ့အခြေပြုမူဝါဒ (People oriented Policy)
• ပိုင်းခြားဝေဖန်သော ပညာရေး (Critical Education)
• အလုပ်ဖြစ်သော အဖွဲ့အစည်း (Workable Organization)
• ငြိမ်းချမ်းသောလူ့အသိုက်အဝန်း (Peaceful Community)
• ကြွယ်ဝသော နိုင်ငံတော် (Prosperous State)
• ပဒေသာစုံယဉ်ကျေးမှု (Multipal Culture)
• အစွန်းမရောက်သော ဘာသာရေး (Non-extreme Religion)

လူ့အဖွဲ့အစည်းမှာ ဘာတွေ လိုသလဲ။

တက်ကြွသောနိုင်ငံသား

Active Citizen လို့ သုံးနှုန်းပါတယ်။ တက်ကြွသောနိုင်ငံသား။ နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံ့အရေးနဲ့ပတ်သက် ပြီး မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီးတော့ ဆင်ခြင်တုံတရားဦးထိပ်ထားပြီး ကြည့်မြင်ဖို့လိုတယ်။ နိုင်ငံသားတွေဟာ ဖာသိဖာသာနေမယ်။ အမှုမဲ့အမှတ်မဲ့နေမယ်၊ နေသာသပ လေညာကလို့ သဘောထားနေရင် အဲသည့်လူ့အဖွဲ့ အစည်းမှာ အစွန်းရောက်မှုတွေ အများကြီးကြုံရမယ်။ ကြုံလည်း ကြုံခဲ့ရတာပဲ။ အာဏာရှင်သက်ဆိုးရှည်တာ၊ အမှီးကျက်အမှီးစား ခေါင်းကျက်ခေါင်းစားတွေ များပြားလာတာ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ၊ လက်ဝါး ကြီးအုပ်တာတွေ များပြားလာတာဟာ တက်ကြွတဲ့ နိုင်ငံသားတွေ နည်းလို့ဖြစ်ပါတယ်။

တက်ကြွတဲ့နိုင်ငံသားဆိုတာ ကိုယ့်အရေးကိုလည်း အာရုံစိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်အရေးကိုလည်း လျစ်လျူမရှုဘူး။ ကိုယ့်နိုင်ငံရေးအရေးနဲ့ပတ်သက်ပြီးတော့လည်း ကိုယ်နဲ့မဆိုင်သလို မနေဘူး။ တတ်နိုင်သရွေ့ ကိုယ့်အရေး၊ ကိုယ့်ပတ်ဝန်းကျင်အရေးနဲ့ ကိုယ့်လူ့အဖွဲ့အစည်းအရေး၊ ကိုယ့်နိုင်ငံအရေးကို သတိထားလေ့လာ ပြီး လိုအပ်ရင် တက်ကြွစွာ ပါဝင်တတ်ကြတယ်။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကိုသိနားလည်ထားတယ်။ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးကိုလည်း အလျော့မခံဘူး။ အစိုးရရဲ့ လုပ်ချင်ရာလုပ်မှုကိုလည်း လက်မခံ ဘူး။ ကိုယ့်တာဝန်ကို ကိုယ်ကျေဖို့ ကြိုးစားသလို၊ အစိုးရကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အုပ်ချုပ်စေ ဖို့ လိုလားနှစ်သက်တယ်။ ဒီလိုဖြစ်ဖို့ လူအများနဲ့ ပူးပေါင်းပြီး ကိုယ်တတ်ကျွမ်းတဲ့နေရာမှာ တက်ကြွစွာ ပါဝင် တယ်။ ဒါဟာ တက်ကြွသောနိုင်ငံသားလို့ ယေဘုယျနားလည်ထားလို့ရတယ်။

ကျင့်ဝတ်ရှိသော မီဒီယာ

ယခင်ကတော့ စာနယ်ဇင်းလို့ သုံးနှုန်းတယ်။ သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်းဆိုတာကို ပေါင်းပြီးပြောထားတဲ့ စကားလုံးဖြစ်ပါတယ်။ စာနယ်ဇင်း။ ဒီဘက်ခေတ်မှာတော့ စာနယ်ဇင်း ဆိုတာနဲ့ မလုံလောက်တော့ဘူး။ ပုံနှိပ် ထားတဲ့သတင်းရော၊ ရုပ်သံသတင်းတွေရော၊ ဆိုရှယ်မီဒီယာနဲ့ အင်တာနက် အွန်လိုင်းပေါ်တွေမှာ သတင်းရဲ့ တာဝန်ဟာ ပျံ့နှံ့လာတယ်။ ဒါ့ကြောင့် ပုံနှိပ်စက္ကူပေါ်က သတင်းရော၊ စခရင်ပေါ်က သတင်းတွေရော အားလုံး ပေါင်းပြီး မီဒီယာလို့ ခေါ်ဝေါ်လိုက်တယ်။

မီဒီယာရဲ့တာဝန်ဟာ ဘာလဲ။ ဆရာကြီး လူထုစိန်ဝင်းက သတင်းစာ၊ စာနယ်ဇင်းတွေနဲ့ ပတ်သက်ပြီး မီဒီယာ ကျင့်ဝတ်ဆိုတာကို စာတွေအများကြီးရေးသားခဲ့ပါတယ်။ သတင်းစာဟာ ဘယ်သူ့မျက်နှာမှ မလိုက်ရဘူး။ ပြည်သူ့မျက်နှာသာ လိုက်ရမယ်လို့ ဆိုတယ်။ သတင်းစာဆိုတာ အစိုးရရဲ့လက်ကိုင်တုတ်မဖြစ်စေရဘူး။ ပြည်သူ့ရဲ့ဝါးရင်းတုတ်သာဖြစ်ရမယ်။ သံရုံး၊ အင်ဂျီအိုနဲ့ စီးပွားရေးသမားတွေဆီက လာဘ်မစားရဘူး။ လာဘ် မယူရဘူး။ သူတို့ ကျွေးမွေးပြုစုတာကို လက်မခံရဘူး။ နိုင်ငံတကာအစိုးရရဲ့လက်ဝေခံလည်းမဖြစ်ရဘူး။ ပြည်သူ့အကျိုးအတွက် ဘယ်သူ့မျက်နှာကိုမှ မလိုက်တဲ့ စတုတ္ထမဏ္ဍိုင်ပီသရမယ်လို့ ဆိုတယ်။ သတင်းစာ ဆိုတာ ကလောင်နဲ့ အုပ်ချုပ်တဲ့အစိုးရပဲ လို့ ဂျာနယ်ကျော်ဦးချစ်မောင်က ပြောခဲ့ဖူးတယ်။ မီဒီယာမှာ မီဒီယာ ကျင့်ဝတ်ရှိတယ်။ ပြည်သူ့အကျိုးကို ရှေ့ရှုပြီး သတင်းတွေကို ရေးသားတင်ပြကြဖို့ လိုပါတယ်။ လော်တာ ဆော်တာတွေဟာ သတင်းစာ မီဒီယာတွေရဲ့အလုပ် မဟုတ်ပါဘူး။ ပြည်သူ့အတွက် အကျိုးဖြစ်ထွန်းမယ့် သတင်းအမှန်တွေ သိရှိရေးသာလျှင် အဓိကဖြစ်ပါတယ်။ ကျင့်ဝတ်ရှိတဲ့ မီဒီယာကိုသာ ပြည်သူက လေးစားမှာ ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်ရှိတဲ့ မီဒီယာတွေ အများအပြားလိုပါတယ်။ ကျင့်ဝတ်ကို လေးစားတဲ့ သတင်းစာဆရာတွေလည်း အမြောက်အမြား ပေါ်ထွန်းဖို့ လိုပါတယ်။

တာဝန်ယူတတ်သော စီးပွားရေး

Responsible Business လို့ ပြောလို့ရပါတယ်။ ကုန်သည်ရောင်းဝယ်ဖောက်ကားရေးကို လုပ်တဲ့ စီးပွားရေး သမားဟာ သူလုပ်တဲ့စီးပွားရေးကို သူတာဝန်ယူရမယ်။ အမြတ်အစွန်းရရှိရေးဆိုတာ အရေးကြီးပါတယ်။ သို့ပေမယ့် သမာအာဇီဝဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ ခိုးခြင်း၊ ဝှက်ခြင်း၊ လိမ်ခြင်းဆိုတာဟာ သမာအာဇီဝ အလုပ်မဟုတ်ဘူး။ အရည်အသွေးပြည့်ပြည့် ထုတ်လုပ်မယ်၊ ကောင်းမွန်တဲ့ဝန်ဆောင်မှု ပေးမယ်၊ ထိုက်သင့်တဲ့ အမြတ်အစွန်းရယူမယ်၊ တစ်နပ်စားဉာဏ်နဲ့ မလုပ်ဘူး။ ဒီလိုစိတ်ဓာတ်မျိုးတွေ ရှိပြီး လုပ်ဆောင်ဖို့ လိုမယ်။ အာဏာရှိတဲ့သူနဲ့ပေါင်းပြီး စီးပွားရေးလုပ်ပိုင်ခွင့်ယူ၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်တတ်ဘဲနဲ့ တခြားသူ လက်လွှဲ ပြီး ပြန်ရောင်းစား…. ဒါဟာ ပွဲစားသာသာ အလုပ်သာဖြစ်ပါတယ်။ တကယ့်စီးပွားရေးသမားစစ်စစ် မဟုတ်ပါ ဘူး။ တန်ရာတန်ကြေးပေးမယ်၊ ခေါင်းပုံဖြတ် အမြတ်မထုတ်ဘူး၊ မျှတစွာ ယှဉ်ပြိုင်မယ်၊ တီထွင်ဆန်းသစ်ပြီး ထုတ်လုပ်မယ်၊ ဒါဟာ စီးပွားရေးသမားတွေ ထားရှိရမယ့် ကျင့်ဝတ်ဖြစ်ပါတယ်။ စားသုံးသူအပေါ် တာဝန်ယူမှု ရှိတဲ့ စီးပွားရေးရပ်ဝန်း ဖွံ့ဖြိုးမှ လူနေမှုအဆင့်အတန်းဟာ ပိုပြီး မြင့်မားလာမယ်။ ဝယ်ယူသူအပေါ် ဝန်ဆောင်မှု ပေးသူ အပေါ်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရောင်းဝယ်ဖောက်ကားခြင်းဟာ တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းဖြစ်တယ်လို့ ယေဘုယျ သတ်မှတ်လို့ရတယ်။

အခြေခံဥပဒေဖြင့် အုပ်ချုပ်သောအစိုးရ

Constitutional Government လို့ ပြောလို့ရပါတယ်။ လူအပေါ်မှာအခြေခံပြီး အုပ်ချုပ်တဲ့အစိုးရ မဟုတ်ဘူး။ မူအပေါ်မှာ အခြေခံပြီး အုပ်ချုပ်တဲ့အစိုးရဖြစ်ပါတယ်။ မူလို့ပြောတဲ့အခါမှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်နေတဲ့ မူ မဟုတ်ဘူး။ အခုတမျိုး တော်ကြာတမျိုး ဖြစ်နေတဲ့ မူမျိုး မဟုတ်ဘူး။ နှုတ်ပါးစပ်ထဲမှာ ရှိတဲ့ မူမဟုတ်ဘူး။ တိုင်းသူ ပြည်သားတွေနဲ့ အစိုးရအကြားမှာ သဘောညီစွာချုပ်ဆိုထားတဲ့ အခြေခံဥပဒေကို ပြောတာဖြစ်ပါတယ်။ အခြေခံဥပဒေမှာ အခြေခံစံတန်ဖိုးတွေ ပါတယ်။ အမျိုးသားရေးအခြေခံမူတွေကို ပင်မထားပြီး တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်တဲ့ ပြဌာန်းချက်တွေ ပါဝင်တယ်။ အစိုးရကလည်း အစိုးရတာဝန်ကို ယူမယ်။ ပြည်သူက လည်း တာဝန်နဲ့ အခွင့်အရေးကို ရယူမယ်။ အစိုးရကို ဘယ်လို ရွေးချယ်မယ်၊ ပြည်သူ့ဆန္ဒနဲ့ ဘယ်လို တင် မြှောက်မယ်၊ ပြည်သူ့အကျိုးကို အစိုးရ ဘယ်လို ထမ်းဆောင်မယ်၊ အစိုးရက ပြည်သူကို ဘယ်လို အကာ အကွယ်ပေးမယ်၊ ပြည်သူ နိုင်ငံတော်အတွက် ဘယ်လိုတာဝန်မျိုးရှိတယ်၊ အာဏာကို ဘယ်လိုခွဲဝေကျင့်သုံး မလဲ၊ ပြည်သူက အစိုးရကို ဘယ်လို ထိန်းကျောင်းမလဲဆိုတဲ့ မူစနစ်တွေကို ပြဌာန်းထားတာဖြစ်ပါတယ်။ ဒါကို အခြေခံဥပဒေလို့ ခေါ်တာဖြစ်ပါတယ်။ စည်းမျဉ်းဥပဒေကို အခြေခံပြီး ထွက်ပေါ်လာတဲ့ အစိုးရဖြစ်ပါတယ်။ အာဏာသိမ်းပြီး တက်လာတဲ့အစိုးရ မဟုတ်ဘူး။ စည်းမျဉ်းဥပဒေနဲ့ အုပ်ချုပ်တဲ့အစိုးရဖြစ်ပါတယ်။ နှုတ်မိန့်နဲ့ ညွှန်ကြားပြီး အုပ်ချုပ်တဲ့အစိုးရ မဟုတ်ပါဘူး။ ပြည်သူဟာ သူကြိုက်နှစ်သက်တဲ့အစိုးရကို ရွေးချယ်ခွင့်ရှိတယ်။ ပြည်သူဟာ သူ့ကြမ္မာသူ ဖန်တီးခွင့်ရှိတယ်။ စည်းမျဉ်းဥပဒေကို အခြေခံပြီးအုပ်ချုပ်တဲ့အစိုးရကသာ ပြည်သူရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို အာမခံချက်ပေးနိုင်ပါလိမ့်မယ်။

တာဝန်ခံသော အုပ်ချုပ်စီမံမှု

Accountable Governance လို့ သုံးနှုန်းပါတယ်။ အုပ်ချုပ်ရေးတာဝန်ကို ယူနေသူတွေဟာ ကိုယ်ယူထားတဲ့ တာဝန်အပေါ် တာဝန်ခံရမယ်။ ခေါင်းခံရမယ်လို့ ဆိုလိုတာပါ။ တာဝန်ပေးလို့ လုပ်လိုက်ပါတယ်၊ မှားရင် မတတ် နိုင်ဘူး ဆိုတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ တာဝန်ယူထားတဲ့ကိစ္စအပေါ် အပြည့်အဝ ခေါင်းခံပြီး တာဝန်ခံနိုင်တဲ့ အုပ်ချုပ်မှုစနစ်မျိုးကို ပြောတာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ဒေသန္တရအုပ်ချုပ်မှု စနစ်မှာ တာဝန်ခံမှုဟာ အရေးကြီးတယ်။ ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဗြူရိုကရေစီယန္တရားမျိုးကလည်း တာဝန်ခံမှု အပြည့်အဝ ရှိရမယ်။ ဒီလို အစိုးရဌာနဆိုင်ရာ အင်စတီကျူးရှင်းတွေ ပေါ်လာမှ လူ့အဖွဲ့အစည်း ဟာ ကောင်းလာနိုင်စရာ ရှိတယ်။ မျက်နှာလွှဲခဲပစ်စရိုက်မျိုးနဲ့မရဘူး။

ဆန်းသစ်ဖန်တီးသော အနုပညာ

Creative Art လို့ သုံးနှုန်းချင်ပါတယ်။ အနုပညာဟာ ပြည်သူကို ဖျော်ဖြေတာလည်း ဟုတ်တယ်။ သွန်သင် လမ်းပြတာလည်း ဟုတ်တယ်။ ဘဝဒဏ်ရာတွေကို သက်သာစေတာလည်း ဟုတ်တယ်။ ဘဝအဓိပ္ပာယ်ကို ဖြည့်စွမ်းပေးတာလည်း ဟုတ်တယ်။ ဘဝပျော်ရွှင်မှုကို ဖြည့်ဆည်းပေးတာလည်း ဟုတ်တယ်။ လူ့အဖွဲ့အစည်း ရဲ့ ယဉ်ကျေးမှု အဆင့်အတန်းရဲ့ဖော်ပြချက်လည်း ဟုတ်တယ်။ ဘဝအမောတွေကို ပြေစေသလို၊ စိတ်ဓာတ် ခွန်အားတွေကိုလည်း ပေးစွမ်းနိုင်တယ်။ စိတ်ရဲ့လိုအပ်ချက်၊ နှလုံးသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့နေရာ မှာ အနုပညာဟာ အင်မတန် အရေးကြီးတယ်။


အနုပညာဟာ ဆန်းသစ်ဖန်တီးမှု ရှိမှ တန်ဖိုးရှိတယ်။ အနုဆိုတဲ့အတိုင်း နုညံ့သိမ်မွေ့ခြင်းဆိုတာ ပါဝင်တယ်။ ပညာဆိုတဲ့အတိုင်း ပညာ ထပ်ပေါင်းထည့်ထားတယ်။ လုပ်အားထည့်ပေါင်းထားတယ်။ အနုပညာအလုပ်ဟာ ဦးနှောက်အလုပ်လည်း ဟုတ်တယ်။ ကာယအလုပ်လည်း ဟုတ်တယ်။ နှလုံးသား အလုပ်လည်း ဟုတ်တယ်။ အနုပညာ အလုပ်ဟာ ခံစားချက်လည်း ပါမှ၊ ဉာဏ်လည်း ရှိမှ၊ လက်တွေ့လည်း ဖန်တီးမှ ဖြစ်မြောက်လာတာ ဖြစ်ပါတယ်။ ခံစားချက်နဲ့အတူ စိတ်ဝိညာဉ်ဈာန်ဝင်စားမှုဆိုတာတွေလည်း ပါဝင်ရတယ်။ အနုပညာဟာ ခေတ် ကို ရှေ့ဆောင်ပြီး လူ့အဖွဲ့အစည်းကို ပိုပြီး ယဉ်ကျေးသိမ်မွေ့တဲ့၊ ပိုပြီး နေချင့်စဖွယ်ကောင်းတဲ့၊ ပိုပြီး သာယာ နာပျော်မှု ရှိတဲ့၊ ပိုပြီး အဓိပ္ပာယ်ရှိတဲ့၊ ပိုနေပျော်စရာကောင်းတဲ့ လူ့သားဘဝကို ဖြည့်စွမ်းပေးဖို့ လိုတယ်။ ဒီ့ အတွက် လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဆန်းသစ်တဲ့အနုပညာ ဖန်တီးချက်တွေ လိုတယ်။ အနုပညာဟာ ယဉ်ကျေးမှုအဆင့်အတန်းကို ပြတာဖြစ်ပါတယ်။ ယဉ်ကျေးမှုအဆင့်အတန်းဟာ လူ့အဖွဲ့ အစည်းရဲ့ အဆင့်အတန်းဖြစ်ပါတယ်။

စားပွဲဝိုင်းနိုင်ငံရေး

Table Politics လို့ သုံးနှုန်းပါမယ်။ လက်နက်နိုင်ငံရေးထက်စာရင် စားပွဲဝိုင်းနိုင်ငံရေးပါ ပိုကောင်းပါတယ်။ လက်နက်နိုင်ငံရေးဟာ ပြည်သူနဲ့ လူသားဘဝကို အထိနာစေတယ်။ လက်နက်နိုင်ငံရေးဆိုတာ နိုင်ငံရေးရဲ့ နောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ စစ်ပွဲတွေ ဆိုတာ လက်နက်နိုင်ငံရေးဖြစ်ပါတယ်။ သံခင်းတမန်ခင်းကောင်း တာ၊ စေ့စပ်ဆွေးနွေးညှိနှိုင်းတဲ့ဓလေ့ ထွန်းကားတာ၊ လက်တွဲပူးပေါင်းဖြေရှင်းနိုင်ကြတယ်ဆိုတာ စားပွဲဝိုင်းနိုင်ငံ ရေးထွန်းကားလို့ဖြစ်ပါတယ်။ စားပွဲဝိုင်းနိုင်ငံရေးရှိသလို လမ်းပေါ် နိုင်ငံရေးလည်း ရှိပါတယ်။ လမ်းပေါ်နိုင်ငံရေး ဟာ လက်နက်နိုင်ငံရေးလောက် မကြမ်းတမ်းပေမယ့် တချို့ဖြစ်စဉ်တွေဟာ ပြည်သူကို အထိနာစေပါတယ်။ သတိနဲ့ ပြည်သူကို လမ်းပေါ်ခေါ်နိုင်မှ ပြည်သူအထိနာစေမယ့် နည်းလမ်းဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးလမ်းစဉ်တွေ ဟာ အကြမ်းမဖက်သောနည်းကို ကျင့်သုံးလေလေ လူ့ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကြောင်း သိနိုင်လေ လေဖြစ်ပါတယ်။
မြန်မာပြည်မှာ စားပွဲဝိုင်းနိုင်ငံရေးဖြစ်ထွန်းမှုအားနည်းတယ်။ စားပွဲဝိုင်းနိုင်ငံရေးဟာ အလုပ်မဖြစ်ဘူးလို့ မြင်သူ တွေလည်း ရှိပါတယ်။ ဒါပေမယ့် စားပွဲဝိုင်းနိုင်ငံရေးဟာ ငြိမ်းချမ်းသောနိုင်ငံရေးဖြစ်ပါတယ်။ နိုင်ငံရေးအရ အကျိုးအမြတ်နဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့နေရာမှာ လက်နက်နဲ့ ပြိုင်ဆိုင်အနိုင်အထက်လုနေတာ ထက်စာရင် လွှတ်တော်ထဲက စားပွဲဝိုင်းမှာ ငြင်းခုန်နေကြတာက ပိုမကောင်းဘူးလား။။ မြန်မာ့လူ့အဖွဲ့အစည်း မှာ စားပွဲဝိုင်းနိုင်ငံရေးဖြစ်ထွန်းဖို့ အရေးတကြီးလိုအပ်နေပါတယ်။ မြန်မာ့လူမှုစရိုက်ဟာ စားပွဲဝိုင်းနိုင်ငံရေးကို တိမ်းညွှတ်ဖို့ လေ့ကျင့်ယူရပါအုံးမယ်။

ပြည်သူ့အခြေပြုမူဝါဒ

People oriented Policy လို့ ခေါ်ပါတယ်။ ပြည်သူ့ရေးရာမူဝါဒတွေ ရေးဆွဲပြဌာန်းရာမှာ ပြည်သူ့အကျိုးစီးပွား ကို အမှန်တကယ် အခြေခံဖို့ လိုတယ်။ လူအုပ်စုတစ်စုရဲ့အကျိုးစီးပွား၊ လူတစ်ဖွဲ့ရဲ့အကျိုးစီးပွား၊ လူတန်းစား တစ်လွှာရဲ့ အကျိုးစီးပွားကို ကွက်ပြီး အကျိုးပြုနေလို့ မရဘူး။ နိုင်ငံတွင်း၊ တိုင်းပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံသား ပြည်သူတွေရဲ့ အကျိုးစီးပွားကို တရားမျှတစွာ အခြေပြုရေးဆွဲဖို့ လိုပါတယ်။ ပြည်သူကို အခြေပြုပြီး ပြည်သူ ခံစားနေရတဲ့ ပြဿနာတွေကို ရှာဖွေမယ်၊ ပြည်သူတွေ တကယ်ခံစားနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်အောင် ကြိုးစားမယ်၊ ပြည်သူအများ အကျိုးခံစားရမယ့် မူဝါဒကို ပိုရွေးချယ်မယ်၊ ပြည်သူအများ အထိအခိုက်မများ အောင် လုပ်ဆောင်မယ့် မူဝါဒတွေ ဖြစ်ဖို့ လိုတယ်။

မုူဝါဒကို ဆုံးဖြတ်သူဟာ အစိုးရဖြစ်ပါတယ်။ မူဝါဒကို စီရင်ပေးသူက ပညာရှင်အဖွဲ့၊ တတ်သိနားလည်တဲ့ သုခမိန်အဖွဲ့တွေ ဖြစ်တတ်ပါတယ်။ မူဝါဒကို အကောင်အထည်ဖော်တာကတော့ ဗြူရိုကရေစီယန္တရားဖြစ်ပါ တယ်။ ပြည်သူ့ဆန္ဒကို လိုလားတဲ့ အစိုးရ ဖြစ်မှ မူဝါဒတွေဟာ ပြည်သူအတွက် အကျိုးဖြစ်ထွန်းမယ့် မူဝါဒတွေ ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ပိုင်းခြားဝေဖန်သော ပညာရေး

Critical Education လို့ ပြောပါမယ်။ ပညာရေးဟာ စဉ်းစားတတ်အောင် သင်တာဖြစ်ပါတယ်။ ဆင်ခြင်တတ် အောင် လေ့ကျင့်ပေးတာဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားစိစစ်တတ်အောင် သင်ယူရတာဖြစ်ပါတယ်။ အနက် အဓိပ္ပာယ်ကို နားမလည်ဘဲ ပါးစပ်က ရေရွတ်နေတာဟာ တကယ့်ပညာရေး မဟုတ်ဘူး။ ဝေဖန်ပိုင်းခြားစိစစ် တတ်တဲ့ စဉ်းစားဉာဏ်ကိုလည်း မဖြစ်ထွန်းစေဘူး။ ဒါ့ကြောင့် ပညာရေးဟာ လုပ်ရပ်တွေကို မေးခွန်းထုတ်တတ် ဖို့ သင်ကြားပေးရမယ်။ အဖြေတွေဆိုတာထက် မေးခွန်းတွေကို ဘယ်လိုထုတ်ရမလဲဆိုတာ နားလည်အောင် လုပ်ပေးကြရမယ်။ နားနဲ့ မျက်စိတွေမှာ ဇကာတပ်ထားပြီး အမှိုက်သရိုက်တွေကို စိစစ်တတ်ဖို့ သတိပေးနိုင်ရ မယ်။ ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးတတ်ရမယ်။ ကိုယ့်ပညာကို ကိုယ်ရှာဖွေနိုင် အောင် လေ့လာနည်းနာနိဿယကောင်းကို ပေးရမယ်။ How to learn ဆိုတာကို သင်ပေးနိုင်ရမယ်။ How to think ဆိုတာကို နားလည်စေနိုင်ရမယ်။ How to do ကို တတ်ကျွမ်းနေစေရမယ်။ ကိုယ်ကျင့်၊ သတ္တိနဲ့ စွမ်း ရည်ကို ဖြည့်တင်းပေးနိုင်ရမယ်။ ခိုင်းတိုင်းလုပ်သူတွေ မဖြစ်အောင်၊ ကိုယ့်ဉာဏ်နဲ့ကိုယ်စဉ်းစား၊ ကိုယ့်ဦးနှောက် နဲ့ ကိုယ်တွေးခေါ်၊ ကိုယ့်နှာခေါင်းပေါက်နဲ့ ကိုယ်အသက်ရှု၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်အောင် လေ့ကျင့် ပျိုးထောင်ပေးရမယ်။ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားစိစစ်စဉ်းစားတဲ့ အလေ့ဖြစ်ထွန်းအောင် ပညာရေးက လုပ်ပေးနိုင်ရမယ်။ ဒါဟာ ပညာရေး စစ်စစ်ဖြစ်တယ်။

အလုပ်ဖြစ်သော အဖွဲ့အစည်း

Workable Organization လို့ သုံးနှုန်းချင်ပါတယ်။ မြန်မာပြည်မှာ အဖွဲ့အစည်းတွေ များစွာရှိတယ်။ အဖွဲ့ တွေ လည်း စုံလင်တယ်။ နယ်ပယ် ကဏ္ဍတိုင်းမှာ အမျိုးမျိုးအဖုံဖုံရှိနေတယ်။ အလုပ်ဖြစ်အောင်လုပ်နေတဲ့ အဖွဲ့ အစည်းဆိုတာထက် အဖြစ်ပဲလုပ်ပြီး အဖွဲ့အနေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းက ပိုများပါတယ်။ အဖွဲ့အစည်း ဆိုတာ အလုပ်တစ်ခုကို လုပ်ဖို့ရည်ရွယ်ဖွဲ့စည်းထားတာ မဟုတ်လား။ အလုပ်ဖြစ်တဲ့အဖွဲ့ဖြစ်မှ ကောင်းတယ်။ ဆိုင်းဘုတ်ပဲ ရှိပြီး အစည်းအဝေးနဲ့ပဲ စခန်းသွားနေရင်တော့ မဟုတ်သေးဘူး။ အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့ စွမ်းရည်မျိုးဟာ အဖွဲ့အတွင်းမှာ ရှိရမယ်။ ကိုယ်ရည်မှန်းထားတဲ့ အလုပ်ကို အကောင်းဆုံးပြီးမြောက်အောင် လုပ်နိုင်ဖို့ လိုတယ်။ အဖြစ်လုပ်ပြီး For Show အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေ မြန်မာပြည်မှာ အတော်များတယ်။

ငြိမ်းချမ်းသောလူ့အသိုက်အဝန်း

Peaceful Community လို့ ပြောပါ့မယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ဇောင်းနဲ့ မျက်ချေး ကြည့်မနိုင်၊ ရှု မရ မဟုတ်ပါဘူး။ ငြိမ်းချမ်းသော သာယာသော နှစ်လိုဖွယ်ဖြစ်သော ချစ်ခင်နှစ်သက်စဖွယ်ကောင်းသော ကြည်နူး သာယာစဖွယ်ကောင်းသော လူ့အဖွဲ့အစည်းကို ပြောတာဖြစ်ပါတယ်။ အတွေးအခေါ် အမြင်တွေ မတူမျှရင် လည်း ညှိနှိုင်းပေါင်းဖက်နိုင်ကြမယ်။ အမြင်သဘောထားတွေကွဲလွဲရင်လည်း ထိပ်တိုက်စကားပြောဆို ဖြေရှင်း နိုင်ရမယ်။ တစ်ယောက်အကျိုး တစ်ယောက်လိုလားမယ်။ တစ်ယောက်ကြီးပွားတာ တစ်ယောက်မုဒိတာပွား မယ်။ ကိုယ့်ထက် ကောင်းအောင်လုပ်နိုင်တာကို ချီးကျူးဂုဏ်ပြုပြီး ကိုယ်ကိုယ်တိုင်ကလည်း တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် လုပ်မယ်။ ဒီလိုနည်းနဲ့ ငြိမ်းချမ်းသော လူ့အသိုက်အဝန်းကို တည်ဆောက်လို့ ရပါ တယ်။ ငြိမ်းချမ်းသောလူ့အသိုက်အဝန်းမှာ အမုန်းစကားတွေ မရှိဘူး။ လက်နက်တွေ မရှိဘူး။ အာဃာတတွေ ကို သင်ပုန်းချေထားတယ်။ အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်ကိုပဲ ပိုကောင်းအောင် ရှေ့ရှု တယ်။ မတူညီမှုတွေဟာ ရန်သူ မဟုတ်ဘဲ ပဒေသာစုံမှုလို့ ထင်မြင်ယူဆထားနိုင်ကြတယ်။

ကြွယ်ဝသောနိုင်ငံတော်

Prosperous State လို့ ပြောနိုင်ပါတယ်။ နိုင်ငံအတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှု မကြီးမားဘူး။ ဆင်းရဲချမ်းသာကွာဟမှု ကျဉ်းမြောင်းတယ်။ လူလတ်တန်းစားဖွံ့ဖြိုးပြီး လူနေမှုအဆင့်အတန်း မြင့်မြင့်နေထိုင်နိုင်ကြတယ်။ တည်ငြိမ်တဲ့ ဘဝကို ရရှိတယ်။ တန်ဖိုးရှိတဲ့ ဘဝကို ပုံဖော်နိုင်တယ်။ ကိုယ့်ဘဝ အဓိပ္ပာယ်ကို ကိုယ်ကိုယ်တိုင် သတ်မှတ်ပြဌာန်းနိုင်တယ်။ နေ့စဉ်စားဝတ်နေရေးအတွက် အပူတပြင်း မပူပန်ရ ဘူး။ လူ့ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်ရပ်တည်နိုင်ကြတယ်။ ဝင်ငွေကောင်းကောင်းရဖို့ ရိုးရိုးသားသား လုပ်ကိုင်နိုင် တယ်။ သဘာဝပတ်ဝန်းကျင် မပျက်စီးဘူး။ လူတွေဟာ လှပတဲ့ သဘာဝတရားကို ထိန်းသိမ်းထားနိုင်တယ်။ ပြည်သူတွေဟာ ပညာကောင်းကောင်းတတ်တယ်။ ဆင်ခြင်တုံတရားနဲ့ လူမှုအသိုင်းအဝိုင်းမှာနေထိုင်နိုင်တယ်။ ပြည်သူတွေက ပြည်သူ့တာဝန်ကို ကျေပွန်သလို၊ နိုင်ငံတော်ကလည်း တရားမျှတစွာ အုပ်ချုပ်တယ်။ နိုင်ငံတွင်း က သယံဇာတတွေကို သင့်တင့်မျှတစွာပဲ ထုတ်ယူသုံးစွဲတယ်။ ပိုသန့်ရှင်းပြီး ပိုစမတ်ကျတဲ့ ရှင်သန်နေထိုင်မှု တွေ ရှိတယ်။ လူတွေဟာ သန့်ရှင်းစွာ စားသောက်နိုင်ပြီး အေးချမ်းစွာ နေထိုင်နိုင်တယ်။ အသက်ရှည်တယ်။ သနားငဲ့ညှာမှု ရှိတယ်။ အချင်းချင်း ကူညီရိုင်းပင်းတယ်။ အသိပညာကို တန်ဖိုးထားလေးစားတယ်။ ငွေကြေး ဓနဥစ္စာကြွယ်ဝချမ်းသာကြတယ်။

ဒီလို နိုင်ငံမျိုးဟာ ကြွယ်ဝသော နိုင်ငံတော်လို့ အဓိပ္ပာယ်သတ်မှတ်လို့ ရပါတယ်။

ပဒေသာစုံယဉ်ကျေးမှု

Multiple Culture လို့ ပြောလို့ရမယ်။ မတူတာဟာ လှတယ်။ မတူမှလှတယ်။ အားလုံးတူနေရင် ရိုးအီစရာကြီး ဖြစ်မယ်။ ဥယျာဉ်ထဲမှာ ပန်းပေါင်းစုံ သူ့နေရာနဲ့သူ ဝေဝေဆာဆာ ပွင့်လန်းနေတာ မလှဘူးလား။ ပန်းမျိုးစုံတဲ့ ဥယျာဉ်ကြီးဟာ မလှဘူးလား။ အတွေးအခေါ် ပေါင်းစုံနဲ့ အိုင်ဒီယာပေါင်းစုံ ထုတ်လုပ်နိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မလှဘူးလား။ တစ်ယောက်ချင်းစီရဲ့ လုပ်အားနဲ့ ဖန်တီးထားတဲ့ အမျိုးမျိုးသော ယဉ်ကျေးမှုတွေ တည်ရှိ နေတာ ဂုဏ်ယူစရာ မဟုတ်ဘူးလား။ အားလုံး တစ်သွေးတည်း တစ်သားတည်းဆိုတာဟာ လှပမှုကို ရန်လုပ် တယ်လို့ မဆိုလိုပေမယ့် ရန်သူမွေးတဲ့အလုပ်လည်းဖြစ်နိုင်ပါတယ်။ ပညာတတ်ရင် မတူတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစည်းပြီး အားလုံး အတူနေထိုင်လို့ရတယ်။ ငြိမ်းချမ်းစွာ အတူနေထိုင်လို့ ရတယ်။

တို့မြန်မာပြည်ရဲ့ ရိုးရာအစားအစာ လက်ဖက်ကို ကြည့်လေ။ လက်ဖက်တစ်မျိုးတည်းမှ မဟုတ်တာ။ အကြော် အလှော် အစုံအလင်နဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဒညင်းသီး၊ မြေပဲဆံ စုံစုံလင်လင်မှ ပိုစား ကောင်းတယ် မဟုတ်လား။ တို့ရိုးရာ မုန့်ဟင်းခါးလည်း ကြည့်လေ။ အမယ်တစ်မျိုးတည်း ပါဝင်တာမှ မဟုတ် တာ။ မုန့်ဟင်းခါးလက်ရာကောင်းတစ်ခုမှာ အမယ် (၁၀) မျိုးအောက် မလျော့ဘူး၊ ထည့်ဝင်ချက်ပြုတ်ရတယ် မဟုတ်လား။ မတူတာတွေကို ညီညွှတ်စွာ ပေါင်းမှ တကယ်လှတာ၊ တကယ်အရသာရှိတာပါ။ ပဒေသာစုံတဲ့ ယဉ်ကျေးမှု ရှိတာ ဂုဏ်ယူစဖွယ်ဖြစ်တယ်။

အစွန်းမရောက်သော ဘာသာရေး

Non-extreme Religion လို့ သုံးနှုန်းချင်ပါတယ်။ အစွန်းမရောက်သော ဘာသာရေး။ ဘာသာရေးတိုင်းမှာ အမြဲတမ်းလိုလို မျက်နှာစာနှစ်ဖက်ရှိတယ်။ သည်းခံမှုရှိတဲ့ မျက်နှာစာနဲ့ သည်းခံမှုမရှိတဲ့ မျက်နှာစာ။ သည်းခံမှု နားလည်မှုရှိတဲ့ မျက်နှာစာကို ဆင်ခြင်တုံတရားက ဦးစီးတယ်။ ဘာသာတရားကိုးကွယ်ယုံကြည်မှုမှာ ပညာနဲ့ ယှဉ်ရင် ဆင်ခြင်တုံတရားမြင့်တဲ့ကိုးကွယ်မှုဖြစ်လို့ သည်းခံနားလည်မှု မြင့်တယ်။ ဘာသာတရားကိုးကွယ်ယုံ ကြည်မှုမှာ ပညာအခံအားနည်းရင် သည်းခံနိုင်မှုလျော့တယ်။ ဒီလိုဆိုရင် အစွန်းရောက်မယ်။ အကြမ်းဖက်မယ်။ ဒါဆိုရင် ဘာသာတရားကြောင့် လူတွေဟာ ငြိမ်းချမ်းမှု မရဘဲ ထိခိုက်ဒဏ်ရာတွေသာ ရနိုင်မယ်။ ဒါက ရိုးရိုး ရှင်းရှင်းဖြစ်ပါတယ်။
ဘာသာတရားတိုင်းမှာ ငြိမ်းချမ်းမှုဓမ္မ ရှိတယ်။ အစွန်းရောက်တယ်ဆိုတာ ဘာသာရေးအပေါ် ခံယူမှုလွဲမှားခြင်း ကြောင့်ဖြစ်တယ်။ ပညာနဲ့ ယှဉ်တဲ့ ဘာသာတရားကိုးကွယ်မှုဟာ ငြိမ်းချမ်းကမ္ဘာကို တည်ဆောက်နိုင်ပါတယ်။ အစွန်းမရောက်သော ဘာသာရေးကို ယုံကြည်သက်ဝင်နေတဲ့ လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းတယ်။ တည်ငြိမ် တယ်။ နေပျော်တဲ့ လူသားဘဝကို ရတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ လူသားတန်ဖိုးကို ဖော်ဆောင်နိုင်တယ်။ ဘာသာတရားဟာ လူသားတွေကို ယဉ်ကျေးအောင် ဆုံးမနိုင်တယ်။ ငြိမ်းချမ်းအောင် လုပ်ပေးနိုင်တယ်။ လွတ် လပ်အောင် ဆောင်ကြဉ်းပေးနိုင်တယ်။

အချုပ်

မြန်မာ့နိုင်ငံမှာ၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ လိုနေတာတွေကို ကဏ္ဍတိုင်းမှာ ဖြည့်နိုင်မှ ကောင်းတယ်။ အားလုံး သော အကြောင်းတရားတွေကို ချုပ်လိုက်ရင် တစ်ခုတည်းပဲ ရှိပါတယ်။ ကိုယ့်အရည်အချင်းကို တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် လုပ်နေဖို့ ၊ ကိုယ့်ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း ချွန်,သနေဖို့ ၊ ကိုယ့်အလုပ်ကို ကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်နေကြဖို့ …. ၊ ကိုယ့်အကြောင့် အများတကာ ထိခိုက်မနစ်နာစေဖို့ .. ဒီအချက်တွေကို ကျကျနန လုပ်ဆောင်နိုင်ရင် ကိစ္စတော်တော်များများကို ဖြေရှင်းပြီးသား တည်ဆောက်ပြီးသား ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။
မြန်မာပြည်သူပြည်သားတွေ အားလုံး ကိုယ့်အလုပ်ကို ကိုယ်အာရုံစိုက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ကြ ပါစေ…

မင်းသေ့
ည ၁၀ း ၁၇
၄ ၊ နိုဝင်ဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post အမျိုးဝါဒ
Next post အသုံးဝင်မှုတန်ဖိုး