ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို ရောက်အောင် ကူးခတ်နေတဲ့သူတွေလည်း ရှိတယ်။ ဘဝပင်လယ်မှာ ဆောက်တည်ရာ ကျွန်းလေးတစ်ကျွန်း ရထားရင် ဘဝဟာ တည်ငြိမ်တယ်။ အေးချမ်းတယ်။

ဒီရေးသားချက်အတွက် အယူအဆအမြင်ကို ဆရာတော်ကြီး ဦးဉာဏိဿရဆီက ရတာဖြစ်ပါတယ်။ ဆရာ တော်ဟောကြားဖူးတဲ့ ဘဝရဲ့ကျွန်းကလေးတွေ တည်ဆောက်ကြ… ဆိုတဲ့ တရားကို မှတ်မိနေသေးတယ်။ ဆရာတော်က ဒီတရားကို ပုံစံအမျိုးမျိုးနဲ့ ထည့်ဟောတာ တွေ့ရတယ်။ ကျနော် ဆယ်ကျော်သက်ဘဝကတည်း က နားထဲမှာ စွဲမြဲနေတဲ့ အကြောင်းဖြစ်ပါတယ်။

@@@

လူတိုင်းမှာ ကျွန်းကိုယ်စီရှိနိုင်ပါတယ်။ ဆောက်တည်ရာကျွန်းလေး တစ်ကျွန်းပေါ့။ တစ်ယောက်နဲ့ တစ်ယောက် တော့ မတူနိုင်ဘူး။ ကိုယ်မှီတွယ်ရာရှိနေရမယ့် ကျွန်းဟာ ဘယ်လို ကျွန်းကလေးလဲ။

စာပေကျွန်း

စာရေးခြင်း၊ စာဖတ်ခြင်း၊ စာသင်ခြင်း၊ စာအုပ်တွေ ဝယ်ယူစုဆောင်းခြင်း၊ စာအုပ်ထုတ်ဝေခြင်းဆိုတာတွေက ကျနော်မှီတည်ထားတဲ့ ကျွန်းတွေထဲက ကျွန်းတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းမှာ ကျနော် ပျော်တယ်။ ဒါ့ကြောင့် အဲသည့်ကျွန်းနာမည်ကို စာပေကျွန်းလို့ နာမည်ပေးထားလိုက်တယ်။ နေ့စဉ်လိုလို စာပေကျွန်းမှာ ကျနော် ပျော် ရွင်စွာ နေထိုင်တယ်။ စာပေကျွန်းမှာ ကျနော် လှည့်ပတ်လျှောက်ပတ်ကြည့်တယ်။ စာပေကျွန်းကလေးရဲ့ အခြေ အနေကို အမြဲတမ်း အကဲခတ်တယ်။ စာပေကျွန်းထဲမှာ ဘယ်လို သစ်သီးဝလံတွေကို စိုက်ပျိုးရမလဲလို့ အမြဲတမ်းလိုလိုတွေးတယ်။ စာပေကျွန်းလေးမှာ ဘယ်လိုဥယျာဉ်လေးစိုက်ပျိုးရင် ပိုပြီး လှပလာမလဲ… ဆိုတာ အမြဲတမ်း စဉ်းစားတယ်။ ကျနော်နေတဲ့ စာပေကျွန်းကလေးဟာ ပိုပြီး နှစ်လိုဖွယ် သာယာဖွယ်ဖြစ်အောင် ဘယ် လို လုပ်လို့ရနိုင်မလဲ။

စာပေကျွန်းဟာ ဘဝပင်လယ်ထဲမှာ ရှိလို့၊ ပင်လယ်လှိုင်းပုတ်တဲ့ ဒဏ်ကို ခံရတယ်။ များသောအားဖြင့် လှိုင်း တွေဟာ တည်ငြိမ်နေတတ်ပါတယ်။ ရေစီးကြောင်းတွေ ပြောင်းတာနဲ့ ကြုံရင်တော့ လှိုင်းခတ်မှုဒဏ်က ကြမ်း တယ်။ တခါတရံလည်း ဒီရေအတက်မှာ လှိုင်းလုံးကြီးတွေ ကျွန်းကို လာပုတ်တယ်။

ဘဝပင်လယ်ထဲက စာပေကျွန်းဟာ လှိုင်းပုတ်တဲ့ဒဏ်ကို ခံရတယ်။ ကျနော် စိုက်ပျိုးချင်တဲ့ ဥယျာဉ်ကလေးကို စာပေကျွန်းရဲ့အတွင်းပိုင်း မကျတကျလေးမှာ တည်ဆောက်ထားတယ်။ ကမ်းစပ်မှာတော့ လှိုင်းဒဏ်ကို ကြံ့ခိုင် ပေးနိုင်မယ့် သစ်ပင်တွေကို စိုက်ပျိုးထားတယ်။ ကမ်းစပ်မှာတော့ အုန်းပင်တွေဟာ အများဆုံးပါပဲ။ သူတို့ဟာ ပင်လယ်နဲ့လည်း သင့်တော်တယ်။ ပင်လယ်ကမ်းစပ်မှာလည်း အကြမ်းပတမ်းခံနိုင်တယ်။ စာပေကျွန်းကလေး တည်တံ့နေဖို့ ဘဝပင်လယ်ကမ်းစပ်မှာ အကြမ်းပတမ်းခံနိုင်မယ့် သစ်ပင်တွေကို စိုက်ပြီး ခံတပ်လုပ်ထားရပါ တယ်။

တော်သေးတယ်။ ကျနော်နေထိုင်တဲ့စာပေကျွန်းလေးဟာ ရေချိုရလို့။ ရေချိုရတော့ ရှင်သန်နိုင်တယ်။ ရပ်တည် နိုင်တယ်။ သောက်သုံးရေရတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ဘဝမှာ အသက်ရှင်ဖို့အတွက် စာပေ ကျွန်းထဲမှာ ရေချိုကို သောက်သုံးခွင့်ရတာ သိပ်ကံကောင်းတာပဲလို့ ကျနော် တွေးမိတယ်။ ဒါ့ကြောင့်လည်း အဆုံးအစမဲ့တဲ့ ပင်လယ်ပြင်ကြီးရဲ့အနားသပ်က မိုးကုပ်စက်ဝိုင်းကြီးကို ကြည့်ပြီး ကျေးဇူးတင်စရာ ဆိုခဲ့တယ်။
တခါတရံလည်း ပင်လယ်ထဲကို ရေဆင်းချိုးတယ်။ ကျနော်နေတဲ့ စာပေကျွန်းလေးမှာ သဲပြင်သန့်သန့်ဟာ ပင်လယ်ပြင်နဲ့ စပ်နေတဲ့ ကမ်းနဖူးလေး ရှိတယ်။ အဲဒီ့နေရာမှာပဲ ကျနော် ရေချိုးတယ်။ ဒီနေရာလေးဟာ ငါးမန်း တွေလည်း မလာတတ်တဲ့နေရာပေါ့။ ဘာ့ကြောင့်မှန်းလည်း မသိဘူး။ အဲဒီ့ပင်လယ်ကမ်းစပ်လေးဟာ သိပ်သာ ယာတာပဲ။ အန္တရာယ်လည်း ကင်းတယ်လေ။

တခါတရံ အနီးနားလေးက ကျွန်းလှလှလေးတွေဆီ အလည်သွားဖို့ လှေလေး တစ်စီး ကျနော်ရထားတယ်။ ဒါလေးနဲ့ ကျနော့်နဘေးနားက မိတ်ဆွေကျွန်းလေးတွေဆီ ကျနော်သွားတယ်။ ကျနော်နေတဲ့ စာပေကျွန်းလေး နဘေးမှာ ကျနော့်ကျွန်းလေးလိုပဲ သိပ်လှတဲ့ မိတ်ဆွေ စာပေကျွန်းတွေ ရှိတယ်။ နောက်ပြီး ကျနော့်ရဲ့စာပေ ကျွန်းလောက် မသာယာပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံရေးကျွန်းလေးတွေလည်း ရှိတယ်။ အဲဒီ့နိုင်ငံရေးကျွန်းလေးတွေကိုလည်း ကျနော် အလည်အပတ်သွားတယ်။

နိုင်ငံရေးကျွန်း

နိုင်ငံရေးကျွန်းဟာ မသေချာမရေရာမှုတွေ များတဲ့ကျွန်းလို့ ခံစားမိတယ်။ နိုင်ငံရေးကျွန်းကို ကျနော်ရောက်တဲ့ အခေါက်တိုင်းက ရာသီဥတုတွေ ရုတ်တရက်ပြောင်းတာ ခဏ ခဏ ကြုံရတယ်။ နေပြင်းထန်စွာပူနေရင်း၊ မိုးတွေ သည်းလာလိုက်။ မိုးတွေ သည်းလာရင်း မုန်တိုင်းပါ ခတ်လာလိုက်။ မုန်တိုင်းခတ်နေရင်း လုှိင်းပါကြီး လာလိုက်။ တိမ်တိုက်တွေက ရိပ်ခနဲ လုံးထွေးနေလိုက်။ ပြန်ပြီး ကြည်လင်သွားလိုက်။ တခါတရံ ဘယ်ဘက်ဆီ ကလာမှန်း မသိတဲ့ အသံဗလန်တွေလည်း ကြားရလိုက်။ တောလဲသံကြီးလိုလည်း ကျွန်းအတွင်းပိုင်းဆီက ကြား ရလိုက်နဲ့ စိတ်ဝင်စားစရာလည်းကောင်းသလို၊ ထိတ်လန့်စရာလည်းကောင်းလှတယ်။ မသေချာမှု မရေရာမှုကို တွေ့ရသလို၊ နက်နက်မှု ကျယ်ပြောမှုကိုလည်း တွေ့ရတယ်။ ရှုပ်ထွေးမှုကို တွေ့ရသလို ရှင်းလင်းမှုကိုလည်း တွေ့ရပြန်တယ်။ နိုင်ငံရေးကျွန်းဟာ ကျနော့်အတွက် အရဲကိုးပြီး လာရတဲ့ ကျွန်းဖြစ်ပေမယ့် ကျနော့်ကို ရင်ခုန် စေလို့ ကျနော် နိုင်ငံရေးကျွန်းကို ပတ်ကြည့်ခဲ့သေးတယ်။

အတွေးအခေါ်ကျွန်း

တချို့ကျွန်းကလေးတွေကလည်း အတွေးအခေါ်ကျွန်းလေးတွေ။ အဲဒီ့အတွေးအခေါ်ကျွန်းလေးတွေမှာ ကျနော် မသိနားမလည်သေးတာ တွေကို တွေ့ရတယ်။ ကျနော် သိချင်နေတဲ့အရာတွေကို တွေ့ရပြန်တယ်။ အတွေးအခေါ်ကျွန်းလေးဟာ တည်ငြိမ်ပြီး သာယာသလို စိတ်ဝင်စားစရာလည်း ကောင်းနေပြန်ရော။ အတွေးအခေါ်ကျွန်းလေးထဲမှာ သဘောတရားတွေ ပြည့်နှက်နေတယ်။ သဘာဝထဲက သဘောတရားတွေ ရှိသလို လူဖန်တီးစီရင်ထားတဲ့ သဘောတရားတွေကိုလည်း သိရတယ်။ ကိုးကွယ်ဆည်းကပ်ဖို့အတွက် တည် ဆောက်ပြုပြင်ထားတဲ့ သဘောတရားတွေကိုလည်းတွေ့ရတယ်။ တခါတရံ ကျောက်နံရံမှာ ဟောကိန်း တစ်ခု လို ရေးထွင်းထားတဲ့ စာကြောင်း အက္ခရာတွေကိုလည်း တွေ့ရတယ်။ အတွေးအခေါ်ကျွန်းကို သွားလည်ရင်း ကျနော် စိတ်ထဲ စွဲမြဲနေတဲ့ ကျောက်ချပ်တစ်ခုပေါ်က စာကြောင်းတစ်ခုကို သတိရနေမိတယ်။

“ဝယ ဓမ္မာ သင်္ခါရာ
အပ္ပမာဒေန သမ္ပာဒေထ”

“ဘဝသည် မမြဲ….
မမေ့မလျော့သော ကိုယ်စိတ်နှလုံးရှိစေ….”

အနုပညာကျွန်း

တချို့ကလည်း အနုပညာကျွန်းတဲ့။

အနုပညာ ကျွန်းကလေးကတော့ တခါတရံလည်း ရှုပ်ထွေးတယ်။ နှစ်လိုဖွယ်ရှိပေမယ့် မနှစ်မြို့ဖွယ်ကလေးတွေ လည်း ကြုံရပြန်တယ်။ အဲသည့်ကျွန်းမှာ အစားအသောက်ဂရုစိုက်ရတယ်။ တခါတရံ ကိုယ်နဲ့ဓာတ်မတည့်တဲ့ အစာစားမိရင် အလာ့ဂျစ်ဖြစ်တယ်။ အနုပညာကျွန်းဟာ ကျနော်နေတဲ့ကျွန်းထက် ပဒေသာစုံတယ်။ အရောင်စုံ တယ်။ အသွေးစုံတယ်။ စိတ်ဝင်စားစရာလည်းကောင်းလှတယ်။ ဘယ်ကျွန်းမှာမှ မတွေ့ရတဲ့ ဖန်တီးစီရင်မှုတွေ ကို အနုပညာကျွန်းမှာတွေ့ရတယ်။ အနုပညာကျွန်းဟာ သိပ်ဆန်းကြတယ်တာပဲ။ အနုပညာကျွန်းထဲမှာ ရှိတဲ့ ကဗျာဥယျာဉ်၊ ဂီတပျိုးခင်းနဲ့ ပန်းချီလွင်ပြင်ကလေးတွေကတော့ ကျနော် မရောက်မဖြစ်နေရာလေးတွေပေါ့။

ပညာကျွန်း

ကျနော်နေတဲ့စာပေကျွန်းနဲ့ အနီးကပ်ဆုံး ကျွန်းကလေးကတော့ ပညာကျွန်းတဲ့။ ပညာကျွန်းကို ကျနော် ခဏ ခဏ သွားတယ်။ တစ်ပတ်ကို (၃) ခေါက် (၄) ခေါက်လောက်ရောက်တယ်။ ပညာကျွန်းကိုရောက်တိုင်း ကျနော့် ကျွန်းမှာ မရှိတဲ့ မျိုးစေ့တွေကို ယူခဲ့တယ်။ တခါတရံ ဗီဇမျိုးရင်းသစ် ပျိုးပင်ပေါက်ပင်တွေကို ကျနော် ယူလာ တတ်။ ပညာကျွန်းပေါ်မှာနေတဲ့ ကျွန်းသူကျွန်းသားတွေဟာ သဘောကောင်းကြတယ်။ အရင်ကတော့ ကျနော် နဲ့ သိပ်မရင်းနှီးဘူး။ သို့ပေမယ့် နောက်ပိုင်း ရင်းနှီးလာတယ်။ သူတို့မှာ ရှိတဲ့ မျိုးစေ့၊ ပျိုးပင်တွေကို ရက်ရက် ရောရောပေးတတ်တယ်။ “ဟိုကျရင် ဘယ်လိုစိုက်….” ဆိုပြီး နည်းပေးလမ်းပြလည်း လုပ်တတ်သေးတယ်။ မျိုးစေ့သစ်ပင်တွေကို လက်ဆောင်ပေးရင်း သစ်ပင်တွေရဲ့ အာနိသင်နဲ့ ဆေးဖက်ဝင်ပုံတွေကိုလည်း ပြောပြ တယ်။ အသုံးပြုပုံတွေကိုလည်း ရှင်းပြတယ်။ ပညာကျွန်းပေါ်မှာ ပေါက်နေတဲ့သစ်ပင်တွေက အမျိုးအစား စုံလင် တယ်။

• တချို့သစ်ပင်တွေက သီးပင်စားပင်တွေ။
• တချို့သစ်ပင်တွေက ဆေးဖြစ်ဝါးဖြစ် အပင်တွေ။
• တချို့အပင် တွေက အရိပ်ရ သစ်ပင်တွေ။
• တချို့သစ်ပင်တွေက မျက်စိပသာဒအတွက် အလှအပ အပင်တွေ။
• တချို့အပင် တွေက မြေစီကို ထိန်းပေးတဲ့ သစ်ပင်တွေ။
• တချို့သစ်ပင်တွေက အိမ်ဆောက်လို့ရတယ်။ တံတားထိုးလို့ရ တယ်။ လှေထွင်းလို့ရတယ်။
• တချို့အပင်တွေကတော့ တိုက်ခိုက်ရေးမှာ သုံးလို့ရတဲ့ သစ်ပင်တွေ။
• လေးမြှား အတွက် အသုံးဝင်တဲ့ သစ်ပင်တွေပေါ့။

ထောင်ကျွန်းကြီး

ကျနော်နေတဲ့ အဝေးတစ်နေရာမှာ ထူးထူးဆန်းဆန်း ကျွန်းကြီးတစ်ကျွန်းလည်း ရှိတယ်။ အဲဒီ့ကျွန်းကြီးက တခြားကျနော်သွားနေကျ၊ ရောက်နေကျ အနုပညာကျွန်းတို့၊ ပညာကျွန်းတို့၊ နိုင်ငံရေးကျွန်းတို့ထက် ပိုကြီး တယ်။ အဲဒီ့ကျွန်းမှာ နေထိုင်တဲ့လူတွေကလည်း အများကြီးရှိတယ်။ ဒုနဲ့ဒေး။ တခါတရံ ကျွန်းပေါ်မှာနေလို့ မရလို့ ကမ်းစပ်ထိတောင် ပွတ်သိပ်ခက်အောင် တွေ့နေရတဲ့အထိဖြစ်ပါတယ်။ ကျနော် အဲဒီ့ကျွန်းကို စိတ်ဝင် စားမိတယ်။ ဒါ့ကြောင့် အဲသည့်ကျွန်းကို တစ်နေ့မှာ သွားရောက်လေ့လာကြည့်ဖို့ စိတ်ဖြစ်မိတယ်။ ဒီလိုနဲ့ တစ်ခု သော နေ့ရက်မှာ ကျနော် ရောက်သွားတယ်။ ဒါပေမယ့် ချက်ချင်း ကျနော် ကမ်းစပ်ကို ကပ်လို့ မရဘူး။ ကျနော့် ကို ကမ်းစပ်ကနေ လှမ်းအော်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ သူက မလာနဲ့ လို့ပြောတယ်။ ကျနော် ကလည်း သိပ်သဲသဲကွဲကွဲ မကြားရလို့ အနားနားတိုးပြီး ကမ်းကို ကပ်သွားတယ်။ ကျနော့်ကို လှမ်းအော်နေတဲ့ လူက မလာနဲ့ လို့ အော်တာ ကြားလိုက်ရတယ်။ နောက်လူတစ်ယောက် တွေ့တယ်။ သူ့လက်ထဲမှာ ခဲလုံး တစ်လုံး ကိုင်ထားတယ်။ ရုတ်တရက် ကျနော့်ကို လှမ်းပေါက်လိုက်တယ်။ လှေပေါ်က ကျနော် ဆင်းဖို့ တွန့်သွား တယ်။

တစ်နေ့တော့ ဒီကျွန်းကို ရောက်ဖူးတဲ့ နိုင်ငံရေးကျွန်းပေါ်က မိတ်ဆွေ တစ်ယောက် ကျနော့်ဆီကို အလည်လာ တယ်။ ကျနော်က စကားစပ်မိလို့ မေးတယ်။ သူက ပြောပြတယ်။ အဲသည့် ကျွန်းကြီးကို ထောင်ကျွန်းလို့ ခေါ် သတဲ့။ ထောင်ကျွန်းမှာ လူတွေ သိပ်သည်းနေအောင် ရှိနေတယ်။ လူတွေကလည်း စရိုက်စုံတယ်။ အတတ် ပညာလည်း စုံကြတယ်။ ကောင်းတဲ့ အတတ်တွေကိုလည်း တတ်ကျွမ်းသလို၊ မကောင်းတဲ့အတတ်တွေကို လည်း တဖက်ကမ်းခတ် တတ်ကျွမ်းကြတယ်။ တချို့လူတွေက စည်းစိမ်နဲ့ ချမ်းသာနေကြသလို တချို့လည်း ငတ်ငတ်ပြတ်ပြတ်နဲ့ လုယက်စားသောက်နေကြရတယ်။ တချို့က အစားကောင်းတွေ စားနေပေမယ့် သူတို့ မပျော်ကြဘူူး။ စားနေရင်း သူတို့ ရပ်လို့ မရကြဘူး။ စားပြီးရင်းစားချင်ဖြစ်လာကြတယ်။ ဒီလိုနဲ့ သူတို့ ဗိုက်တွေ က ပေါက်ကွဲထွက်ကုန်ကြတယ်။ သူတို့ဗိုက်ကွဲပြီး သေကုန်ကြတဲ့ အစာကြွင်းတွေကို ငတ်ပြတ်နေတဲ့ လူတွေက လုယက်စားသောက်ကြတယ်။

ကျနော်က အံ့ဩလွန်းလို့ မေးလိုက်တယ်။ သူတို့က လူလူချင်း ဇာတ်တူသားစားကြတာပေါ့…. လို့ မေးလိုက် တယ်။ အဲဒီ့အခါ နိုင်ငံရေးကျွန်းက မိတ်ဆွေက ပြောပြတယ်။ သူတို့က လူလူချင်း စားကြလို့ စားနေကြမှန်း တောင် မသိကြဘူးတဲ့။ သိပ်ကြောက်စရာကောင်းလိုက်တာ။ ပြီးတော့ အဲသည့် ထောင်ကျွန်းဆီက လူတွေ အကြောင်း ဆက်ပြောတယ်။ တချို့လူတွေက ဂူထဲမှာ နေကြတယ်။ တချို့လူတွေက သစ်ပင်တွေပေါ်မှာ နေကြ တယ်။ တချို့လူတွေက သဲသောင်ပြင်ပေါ်မှာနေကြတယ်။ တချို့လူတွေက ပင်လယ်ကမ်းဦးအစပ်မှာ ပင်လယ် ထဲကို ခန္ဓာကိုယ် မြုပ်ပြီး ခေါင်းလေးတွေ ဖော်နေကြတယ်။ တချို့က နေ့မှာ ပျော်ရွှင်ကခုန်နေတယ်။ ညနေ ကျရင် ငရဲခန်းမှာ နှိပ်စက်ခံကြရတယ်။ နှိပ်စက်ခံရပုံတွေကလည်း သိပ်ဆန်းတာပဲ။ ခံရသူကတော့ မချိမဆန့်နဲ့ မသေရုံတစ်မယ်ပဲ။ ဒါပေမယ့် မနက်ခင်းလည်း ပြန်ရောက်ရော ညမှာ မချိမဆန့် ငရဲခံနေရတဲ့ သူတွေဟာ သူတို့ မဟုတ်သလိုနဲ့ ပျော်ရွှင်ကခုန်သောက်စားနေကြပြန်ရောတဲ့။ ကျနော် ငယ်ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်ထဲကလို အသူရကယ်ဘုံကိုမှာ ရောက်နေကြသလား….။

အဲသည့် ထောင်ကျွန်းကြီးဟာ သိပ်ကျယ်လွန်းလို့ ဘယ်လို အမျိုးမျိုးဖြစ်ပျက်နေတယ်ဆိုတာ အကုန်အစင် မသိ နိုင်ဘူးတဲ့။ တခါတရံ ပင်လယ်လှိုင်းတွေ ကြီးလာပြီး အဲသည့်ထောင်ကျွန်းပေါ်က လူတွေကို ပင်လယ်ထဲ ဆွဲချ သွားတယ်။ ထောင်ကျွန်းနဘေးမှာ ဝဲဂယက်ကြီး (၅) ခုရှိတယ်။ တခါတရံ ဝဲကြီးဟာ အသံနက်ကြီးထွက်ပြီး ကျိန်စာတိုက်သလို ကြားနေရတယ်။

ထောင်ကျွန်းကြီးပေါ်မှာ လူအချင်းချင်း စားတဲ့သူတွေလည်း ရှိတယ်။ သားရဲတိရိစ္ဆာန်တွေကို ယှဉ်ပြိုင်သတ်ဖြတ် ပြီး အသက်ရှင်သန်နေရတဲ့လူတွေလည်း ရှိတယ်။ သစ်ပင်က သစ်ခေါက်တွေကို ခွာစားနေရတဲ့လူတွေလည်း ရှိတယ်။ သစ်ကိုင်းခြောက်တွေကို မီးရှို့ပြာချပြီးတော့ ပြာတွေကို အစားအစာလို စားသောက်ကြရတဲ့လူတွေ လည်း ရှိတယ်။ ပင်လယ်ကမ်းစပ်က သဲတွေကို ကြုံးပြီး ခြုံထဲမှာ လူမသိသူမသိ သဲတွေကို မြိုနေရတဲ့လူတွေ လည်း ရှိတယ်။ ပင်လယ်ဆားငန်ရည်ကိုပဲ တစ်နေ့လုံး သောက်နေရတဲ့လူတွေ ရှိတယ်။ ကျွန်းကြီးရဲ့ အလည် က ကျောက်တောင်ကြီးဆီသွားပြီး ကျောက်ခဲတွေ စားနေရတဲ့လူတွေလည်း ရှိတယ်။

ထောင်ကျွန်းကြီးထဲမှာ ဘယ်သူမှ ဝင်လို့မရတဲ့ တံတိုင်းခတ်ထားတဲ့ အဆောက်အအုံကြီး တစ်ခုလည်း ရှိတယ်။ အဲဒီ့အဆောက်အအုံကြီးရဲ့ အရှေ့ဘက်အခြမ်းဟာ လင်းထိန်နေတယ်။ နောက်ဘက်အခြမ်းဟာ မှောင်မဲနေ တယ်။ တံတိုင်းခတ်ပိတ်ထားတဲ့ အဆောက်အအုံကြီးဟာ ထုထည်ကြီးမားနေတဲ့ အဆောက်အအုံကြီးလို့ ခန့်မှန်း လို့ရပေမယ့် ဘယ်သူမှ ဝင်လို့မရတဲ့အတွက် အဲဒီ့အဆောက်အအုံကြီးဟာ ထောင်ကြီးနား နန်းတော်ကြီး လားဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။ အဆောက်အအုံကြီးကို တံတိုင်းခတ်ထားတဲ့ အုတ်တံတိုင်းနံရံမှာတော့…. ထောင်ကျွန်းပေါ်က လူတွေက သေးတွေ ကော့ပန်းထားတဲ့ နေရာတွေ၊ မစင်တွေ ပရပွ ပေကျန်နေတဲ့ ချေးတွေနဲ့ နံဟောင်လို့ နေနေတယ်….တဲ့။

မင်းသေ့
နေ့လယ် ၁ း ၄၇
၂၄ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။

Previous post ဘဝပင်လယ်ဆီမှ /
Next post အမျိုးဝါဒ