မြန်မာပြည်နိုင်ငံရေးကို ကြည့်လျှင်၊ အတိတ်၏ လွှမ်းမိုးမှုများ ကြီးစိုးနေသည်ကိုတွေ့ရသည်။ သမိုင်းဖြတ်သန်းမှု မှလာသော နာကျည်းချက်များ၊ အာဃာတများကို လက်ရှိပစ္စုပ္ပန်အထိ သယ်ဆောင်လာသည်ကို တွေ့ရသည်။ မြန်မာတို့သည် အတိတ်လွမ်းဝေဒနာ စွဲကပ်နေသော လူ့အဖွဲ့အစည်းဖြစ်နေသည်။ အတိတ်၏ ခါးသီးသော ဖြစ်ရပ်များ၊ မေ့မရနိုင်သော ဒဏ်ရာဟောင်းများသည် ပစ္စုပ္ပန်ကို လွန်၍ အနာဂတ်ထိအောင် သယ်ဆောင်လို သော သဘောကို တွေ့နေရသည်။ ပြင်းထန်သော ဖိနှိပ်မှု၊ ပျက်စီးကွဲကြေခဲ့ရသော ဘဝများသည် နယ်ပယ် အသီးသီးတွင် ရှိနေသည်။ နိုင်ငံရေးစိတ်နှင့် တော်လှန်ရေးစိတ် ထက်သန်လွန်ကဲသော လူအများထဲတွင် ပို၍ စွဲထင် ကျန်ရစ်နေသည်။ မြန်မာတို့သည် အနာဂတ်ကို စိတ်မဝင်စား။ အတိတ်ကိုသာ စိတ်ဝင်စားသည်။ အတိတ်ကို အနာဂတ်အထိ သယ်ဆောင်လိုကြသည်။ ဤကား ဗျုပ္ပ။

❏ သမိုင်းဖြတ်သန်းမှု။

အတိတ်သမိုင်းဖြတ်သန်းမှုကို ကြည့်လျှင်၊ အမျိုးမျိုးသာ အမြင်သဘောထားများကို တွေ့ရမည်ဖြစ်သည်။ သမိုင်းကို နိုင်သူတို့က ရေးကြစတမ်း… ဆိုသည့် အမြင်ရှိသည်။ နိုင်သူများကလည်း သမိုင်းကို ပြင်ရေးကြသလို၊ ရှုံးသူများကလည်း သမိုင်းကို ရေးဖွဲ့ သွတ်သွင်းကြသည်။ မြန်မာ့သမိုင်းစာပေကို ကြည့်လျှင် ဘက်အစွဲများစွာ ဖြင့် အမျိုးမျိုး ကိုယ်စီရေးသားမှတ်တမ်းတင်ထားကြသည် ကိုတွေ့ရမည်ဖြစ်သည်။ သမိုင်းများသည် ဘက်အစွဲ၊ ဂတိအစွဲ၊ အုပ်စုစွဲ၊ ဝါဒစွဲ၊ ဒေါသအစွဲ၊ လောဘအစွဲများဖြင့် ရေးသားထားသည်ချည်းများနေသည်။ မြန်မာ့သမိုင်း အမှန်ကို လေ့လာလိုလျှင် ၊ သမိုင်းစာအုပ် တစ်အုပ်တည်း ဖတ်၍ မရ။ တတ်နိုင်သလောက် မျက်နှာစာပေါင်းစုံ မြင်နိုင်ရန် ဘက်ပေါင်းစုံက ရေးသားထားသော သမိုင်းမှတ်တမ်းစာအုပ်များ၊ သမိုင်းနောက်ခံစာအုပ်များကို ဖတ်ရှုရပေလိမ့်မည်။ မြန်မာသမိုင်းအမှန်ကို သိလို နားလည်လိုလျှင်၊ အတော်များများ ဖတ်နိုင် ရှုနိုင်ပါမှ တော်ကာကျနိုင်မည့် သဘောဖြစ်ပါသည်။

❏ မြန်မာ့သမိုင်း ။

မြန်မာ့သမိုင်းကို ကြည့်လျှင်၊ တော်လှန်ရေးများ၊ တန်ပြန်ရေးများ၊ စစ်ပွဲများ၊ ဖိနှိပ်မှုများ၊ နှိပ်ကွပ်မှုများ၊ ကြွေးကြော်သံများ၊ အဓိကရုဏ်းများ၊ အာဏာသိမ်းမှုများ၊ ဖြိုဖျက်မှုများ၊ ဖျက်ဆီးရေးများ၊ နှိမ်နင်းရေးများ၊ သိမ်းပိုက်မှုများကိုချည်း တွေ့နိုင်ပါလိမ့်မည်။ နှစ်ပေါင်း ထောင်ချီကြာညောင်းခဲ့သော ပဒေသရာဇ်သမိုင်း၊ ဘုရင် သမိုင်းကို ပြန်ကြည့်လျှင် စစ်ပွဲများနှင့် ဘုရားတည်ခြင်းများ၊ အာဏာလုပွဲ၊ နန်းလုပွဲများကိုသာ အများအပြား တွေ့ရပါလိမ့်မည်။ ဗမာအများစုနေထိုင်သော ဧရာဝတီမြစ်ဝှမ်းလွင်ပြင်မှသည် တောင်တန်းဒေသများသို့ ဩဇာ အာဏာအတွက် တိုက်ခိုက်သိမ်းပိုက်ကြသည်ကို တွေ့ရသည်။

ဗမာမြို့ပြနိုင်ငံအချင်းချင်းဖြစ်သော စစ်ပွဲများ၊ တိုက်ပွဲများလည်း သမိုင်းမှာ ပွထလျက်ရှိနေခဲ့သည်။ တိုင်းသူပြည်သားများသည် ကောင်းစွာ စားသောက် နေထိုင်ရန် အချိန်ကြာမြင့်စွာ မရကြ။ ဧကရာဇ်က ဆင်နွှဲသော စစ်ပွဲများတွင် ကိုယ့်အထုတ်ကို ဆွဲ၍ လိုက်ပါ တိုက်ပွဲဝင်ကြရသည်။ မြန်မာဘုရင်များ၌ အမြဲတမ်း စစ်တပ်မရှိ။ ပရော်ဖက်ရှင်နယ်စစ်တပ်မရှိ။ စစ်ပွဲဆင်နွှဲချင်မှ သူ့အင်ပါယာထဲမှ မြို့စား၊ ရွာစားများထံ စစ်သားခွဲတမ်းတောင်းပြီး စစ်တိုက်လေ့ရှိသည်။ ရံဖန်ရံခါ တိုင်းပြည် စည်းရုံးရေးအတွက် ဘုရားတည်ကျောင်းဆောက်ခြင်းကို လုပ်ကိုင်ပြသကြသည်။ ထို့ကြောင့်ပင် ပဒေသရာဇ် ခေတ်လက်ကျန် စေတီပုထိုးများ မြန်မာပြည်တစ်ဝှမ်းတွင် မှိုလိုပေါက်သလို တည်ရှိနေခြင်းဖြစ်သည်။

တိုင်းပြည် ကို ခေတ်မီပညာရပ်များဖြင့် တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သော ကိစ္စရပ်များမှာ၊ ကုန်းဘောင်မင်း ဆက်၏ နောက်ဆုံး အသုတ်ဖြစ်သော မင်းတုန်းမင်းလက်ထက်ကျမှ နိဒါန်းစနိုင်ခဲ့သည်ကို တွေ့ရသည်။ သို့သော် မပြီးခင် ဗမာမြင်သောအခါ နိဂုံးချုပ် ပျက်ခဲ့ရပြန်သည်။ ဤလုပ်ဆောင်ချက်သည်လည်း စွန့်ဦးတီထွင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်။ အောက်ဗမာပြည်တစ်ခုလုံးကို သိမ်းပိုက်ထားသော အင်္ဂလိပ်နှင့် အဆက်အဆံပြုရာ ၌ ၊ အင်္ဂလိပ်လုပ်တာကို မြင်၍ လိုက်လုပ်ကြည့်ခြင်းဖြစ်သည်။ အတော်အတန် နိဒါန်းပျိုးနိုင်ခဲ့သော်လည်း၊ ရာဇပုလ္လင်လှုပ်ခြင်းကြောင့် ဇာတ်သိမ်းခန်းစတင်လိုက်ရတော့သည်။ ထို့နောက် အနောက်တိုင်းကို လေ့လာမှု ရှိခဲ့သည့် မြန်မာပြည်၏ အဒမ်စမစ်ပေါက်စဟု ခေါ်နိုင်သော ယောမင်းကြီးဦးဖိုးလှိုင်က ၊ ပါလီမန်စနစ်၊ ဈေး ကွက်စနစ်ကို သွတ်သွင်းရန် ကြိုးစားပြန်သည်။ ရာဇဓမ္မသင်္ဂဟကျမ်းထွက်လာသည်။ သီပေါမင်း နန်းတက်လာ သည်။ အင်္ဂလိပ်က ထပ်မံသိမ်းပိုက်၍ ပဒေသရာဇ်စနစ်၊ ဘုရင်စနစ် နေဝင်ခဲ့သည်။

ရှေးရိုးစွဲ ဗမာများက ၊ ထီးပျောက်ပြီ နန်းပျောက်ပြီ ဆိုပြီး ငိုကြွေးပူဆွေးကြသည်။ ၎င်းတို့ ပူဆွေးတမ်းတကြ သော ဘုရင်စနစ်က ၎င်းတို့ကို ကောင်းကျိုးမပြုခဲ့ကြ။ သို့သော် အင်္ဂလိပ် မျက်နှာဖြူကိုမှ လူမိုက်ထင်၏။ ဗမာ ဘုရင်ကို လူမိုက်မထင်၊ လူရမ်းကား မထင်။ ဘုရင်ကြောင့် ကောင်းကျိုးရခဲ့သော ကိစ္စများသည်လည်း အပြု ထက် အဖျက်သဘောများခဲ့သည်ကို သတိမမူမိ။ မျက်ကန်း မျိုးချစ်စိတ်ကို ဤဖြစ်ရပ်က သက်သေခံနေသည်။

❏ လွတ်လပ်ပြီးစ,ခေတ် ။

လွတ်လပ်ပြီးခေတ်ကာလကို သုံးသပ်ကြည့်လျှင်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထကြွမှု ဆက်လက်ပြသခဲ့ကြသည်။ ပြိုကျသွားသော မြေအုတ်များနေရာ၌ ကျောက်အုတ်တို့ဖြင့် အစားထိုးရန် တာဆူခဲ့ကြသည်။ သို့သော် ဂိုဏ်းဂဏ အကွဲအပြဲများဖြင့်သာ ကြုံခဲ့ရသည်။ ပန်းတိုင်ကို မရောက်။ ခရီးဆုံးထိ မလျှောက်နိုင်ခဲ့။ လမ်းရွေးရင်း ဖြင့်ပင် နိဂုံးချုပ်သွားခဲ့သည်။ မြန်မာ့သမိုင်းသည် အကွဲအပြဲသမိုင်းဖြစ်သည်။ မြန်မာသမိုင်းသည် အလွမ်းဇာတ် ဖြစ်သည်။ တခြားတစ်ဖက်တွင် ဇာတ်မျောကြီးလည်းဖြစ်နေသေးသည်။ ယခုတိုင် ဖြစ်မြဲ၊ ဖြစ်ဆဲ။

ဖွံ့ဖြိုးရေးအစီအစဉ်များကို ချမှတ်ခဲ့ကြသည်။ အာဏာလုပွဲများ၊ အပုတ်ချပွဲများ ဖြစ်ထွန်းရှင်သန်ခဲ့သည်။ နုနု ငယ်ငယ် ပါလီမန်ဒီမိုကရေစီ စနစ်မှာ လူလားမမြောက်ခင်၊ ဇာတ်သိမ်းသွားရပြန်သည်။ မြန်မာ့သမိုင်းသည် ဇာတ်သိမ်းပွဲများဖြင့် ခဏ ခဏ ကြုံရသည်။ စစ်တပ်က နိုင်ငံတော် အာဏာကို ထိန်းချုပ်လိုက်သည်။ စစ်တပ်ကို နိုင်ငံရေးဘောင်သွင်းသည်။ နိုင်ငံရေးသည် စစ်ဘောင်အတွင်းသို့ ရောက်သွားသည်။ ဆိုရှယ်လစ် ဆိုင်းဘုတ် များကို ကိုင်ဆွဲကြသည်။ နိုင်ငံတည်ဆောက်ရေး ပေါ်လစီ အမှားများကို အကောင်အထည်ဖော်ကြသည်။ မျိုးချစ်စိတ်နှင့် နိုင်ငံခြားသားကြောက်စိတ်က မြန်မာအစိုးရများထဲတွင် ဒွေးရောယှက်တင်ဖြစ်ပွားနေသည်။ တိုင်းပြည်အကျိုးစီးပွားဟု ခေါင်းစဉ်တပ်၍ ဈေးကွက်စနစ်ကို သင်းသတ်ပစ်သည်။ ကိုလိုနီအမွေဆိုး တံဆိပ် ခံနှိပ်၍ အကောင်းများကို ဖျက်သည်။ အကောင်းများကား မရှိတော့။ တရုတ်ပြည်ကြီး၌ လက်ယာသွေဖီရေး တံဆိပ်တပ်၍ ယဉ်ကျေးမှုတော်လှန်ရေးကြီး ဆင်နွှဲသလိုပင် ဖြစ်ခဲ့သည်။ ကောင်းသော ယဉ်ကျေးမှုများလည်း ဆက်လက် မရှင်သန်နိုင်တော့။ နိုင်ငံတကာနှင့်လည်း အဆက်ပြတ်ခဲ့ပြီ။ ဒီမိုကရေစီနှင့်လည်း အဆက်ပြတ်ခဲ့ပြီ။

❏ သံဃာ / ဘုန်းကြီး ။

သံဃာသည် အစည်းအရုံးဖြစ်လာသည်။ ရေပြင်ညီ မဟုတ်တော့။ ဒေါင်လိုက်ဖြစ်လာသည်။ အဆင့်နှင့် အဆင့် နှင့်ဖြစ်လာသည်။ သာသနာပိုင်ပေါ်ထွက်လာသည်။ သာသနာကို ဘယ်သူ ပိုင်လို့ ရသနည်း။ အစိုးရက ခန့်အပ် မြှောက်စားခဲ့သော သံဃာ့ဥသျှောင်ပေါ်လာသည်။ သံဃာသည် ပါတီလိုဖြစ်လာသည်။ သံဃာကို အင်စတီကျူး ရှင်းပုံစံဖြစ်အောင် ဖမ်းယူလိုက်သည်။ ဤသို့ဖြင့် ပိုမိုကိုင်တွယ်၍ လွယ်လာသည်။

ထို့နောက် သံဃာကို လုပ်ပိုင်ခွင့်ပေးပြန်သည်။ ပစ္စည်းလေးပါးသည် ပစ္စည်းဆယ်ပါးဖြစ်လာသည်။ ဆရာ – ဒကာ ဆက်ဆံရေးသည် လိုသည်ထက် ပိုလာသည်။ မင်းနှင့် ပြည်သူသည် အဟကြီးလာ၍၊ မင်းနှင့် မင်းဆရာ သည် အပြန်အလှန် ပနဲပလာ သင့်လာသည်။ သူ့ကို ကိုယ်မွေး၊ ကိုယ့်ကို သူမွေးဖြစ်လာသည်။ အာဏာနှင့် သာသနာသည် ဒွေးရောယှက်တင်ဖြစ်လာသည်။ မသဲကွဲတော့။ မပီပြင်တော့။ သာသနာ၌ အာဏာ ရှိလာ သည်။ အာဏာသည် သာသနာကို လိုအပ်လာသည်။ ဤသို့ဖြင့် အသုံးချခံ လက်နက်ဖြစ်လာသည်။

အစိုးရသည် ပြည်သူ့ထောက်ခံမှုကို သံဃာ/ ဘုန်းကြီးကနေ တစ်ဆင့် ရအောင် ကြိုးစားလာသည်။ ရွာတို့ ရပ်တို့တွင် ဘုန်းကြီးပြီးလျှင် အားလုံးပြီးကြသည့် သဘောရှိသည်။ ဘုန်းကြီးသည် ဗမာ့လူ့အဖွဲ့အစည်း၏ ထိပ် ပိုင်းအလွှာမှာ ပြုပြင်စီရင်နိုင်စွမ်းရှိသူနေရာကို ရောက်လာသည်။ အာဏာနှင့် သာသနာသည် သီးခြား မဟုတ် တော့။ လွတ်လပ်ရေးကြိုးပမ်းမှုခေတ် တော်လှန်ရေး၌ ပါဝင်ခြင်းကို အကြောင်းပြု၍ လောကီအရေးအရာများ၌ ဘုန်းကြီးများ၏ ပါဝင်မှု မြင့်လာသည်။ ဤသို့ဖြင့် ဘုန်းကြီးများ၏ အခန်းကဏ္ဍသည် ဗမာ့လူ့အဖွဲ့အစည်း အတွင်း တဖြည်းဖြည်း တက်ရိပ်ပြလာသည်။

ဘုန်းကြီးများသည် လူနှင့်တူလာသည်။ လူလို အာဏာရချင်လာသည်။ လူလို စည်းစိမ် အဆောင်အယောင် လိုချင်လာသည်။ လူအများလိုပင် ၊ မိန်းမယူ ၊ လောင်းကစား လုပ်ခြင်းများဖြစ်လာသည်။ ဗမာ့လူ့အဖွဲ့အစည်း သည် အတွင်းထဲက လှိုက်၍ ပျက်လာသည်။ ကိုယ့်ကိုယ်ကိုယ် ဖျက် သံချေးတက်ဟု ဆိုရမည်ပင်ဖြစ်သည်။

မင်းသေ့
၂၅ ၊ ဇူလိုင် ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post က သုံးလုံးနှင့် ချိနဲ့ လူ့အဖွဲ့အစည်း
Next post ဗမာ ၊ ဗမာ ဘုရင့် အာဏာ / သာသနာ